ရွှေကျင်ဆရာတော်

ဝီကီပီးဒီးယား မှ

ရွှေကျင်ဆရာတော်[ပြင်ဆင်ရန်]

ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတစ်ဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်သည်။ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်းဟု ခေါ်သည်။

ဆရာတော်-ဟူသည် မြန်မာနိုင်ငံတွင် လေးစားအပ်သော ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအား လေးစားမှုကိုပြသသော ဝေါဟာရတစ်ခု ဖြစ်သည်။ ရွှေကျင်ဆရာတော်ဟူသော အသုံးအနှုန်းမှာမူ မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီး ဆရာတော်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ရွှေကျင်ရွာ၏ အမည်နှင့်တွဲဘက်၍ ရွှေကျင်ဆရာတော်ဟု သုံးနှုန်းထားခြင်းဖြစ်သည်။

ဆရာတော်လောင်းလျာသည် ရွှေကျင်ရွာမှာပင် အရှင်ဇာဂရ ဟူသောအမည်ဖြင့် မြင့်မြတ်သောရဟန်းအဖြစ် ရောက်ခဲ့သည်။

ရွှေကျင်ဆရာတော်သည် သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် နေသည့် အထူးသဖြင့် ဝိနည်းလေးစားသော စာပေပညာရှင် ဆရာတော်တစ်ပါးအဖြစ် နုပျိုစဉ်ကပင် ကျော်ကြားထင်ရှားခဲ့သည်။

ဆရာတော်မှာ ရှမ်းကလေးကျွန်း ဆရာတော် ဦးဆောင်သည့် ပြုပြင်ရေး၊ တောနေရဟန်းများ လှုပ်ရှားမှုအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့သည်။

၁၈၆၁-ခုနှစ်တွင် မင်းတုန်းမင်းတရားက ရွှေကျင်ဆရာတော်အား မန္တလေးရွှေမြို့တော်သစ်သို့ ပင့်ကာ ကျောင်းဆောက်လှူဒါန်းခဲ့သည်၊ နန်းဦးဆရာတော်အဖြစ် ကိုးကွယ်ခဲ့သည်၊ ကိစ္စ အများအပြားတွင် အနှိမ်ခံရဖန်များသည့် ရွှေကျင်ဆရာတော်မှာ သာသနာပိုင်နှင့် သဘောထားကွဲလွဲ ခဲ့သည်၊ ရွှေကျင်ဆရာတော်သည် နေပြည်တော်တွင်မနေလိုပဲ တောရဆောက်တည် ဧကစာရီ ဆရာတော်တစ်ပါးအဖြစ် သီတင်းသုံးခွင့်ပြုဖို့ ခွင့်ပန်ခဲ့သည်၊ မင်းတုန်းမင်းတရားကြီးကလဲ ရွှေကျင် ဆရာတော်နှင့် သူ၏ပြုပြင်ရေးဝါဒီ တပည့်နောက်လိုက်များအား သာသနာပိုင်၏ အာဏာစက် အောက်တွင် မထားတော့ရန် ဆုံးဖြတ်ခဲ့သည်၊ မြန်မာ သံဃာလောကအတွင်း ရွှေကျင်ဂိုဏ်း ဖွဲ့စည်းတည်ရှိလာမှုကို ဤအဆုံးအဖြတ်တွင် အစရှာဖွေတွေ့ရှိနိုင်သည်။

မင်းတုန်းမင်းတရားသည် ရွှေကျင်ဂိုဏ်းကို မင်း၏အစောင့်အရှောက် ဆက်လက်ပေးခဲ့သည်၊ ဂိုဏ်းတိုးတက်ရေးကို ကူညီစောင့်ရှောက်ရင်း ရွှေကျင်ဆရာတော်ကိုလည်း လေးလေးစားစားဆည်းကပ် ကိုးကွယ်ခဲ့သည်၊ သို့သော် ရွှေကျင်ဆရာတော်မှာမူ သူ၏နဂိုဗီဇအတိုင်း ရှင်ဘုရင်နှင့် ကင်းကင်းနေနိုင်ခဲ့သည်၊ မင်းတုန်းဘုရင်၏ သံဂါယနာတင်ပွဲမှာလည်း မပါဝင်ခဲ့ပေ။

အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ (သို့) လူသူမနီး တောမြိုင်ကြီး၌သာ အချိန်များများ သီတင်းသုံးနေထိုင်ခဲ့သည်၊ မင်းတုန်းဘုရင်က သဘောတူ ကြည်ဖြူမှုမရှိသော်လည်း သီရိလင်္ကာနိုင်ငံရှိ ဘာသာရေးနှင့်ပတ်သက်သည့် အထွဋ်အမြတ်ထားရာ နေရာများသို့ ဘုရားဖူးကြွရောက်ခဲ့သည်။

၁၈၇၈-ခုနှစ်၌ သီပေါမင်း နန်းတက်လာသောအခါ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုမျှ မယူသော်လည်း သာသနာပိုင်ဆရာတော် နှစ်ပါးတဲက တစ်ပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်၊ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၅-ခုနှစ်တွင် အုပ်ချုပ်သူ အင်္ဂလိပ်တို့က ရွှေကျင်ဆရာတော်အား သာသနာပိုင်အဖြစ် အသိအမှတ်မပြုတော့ပေ၊ သို့သော် ဆရာတော်၏ ဂုဏ်သတင်းမှာ ပျံလွန်တော်မူသည့် ၁၈၉၃-ခုနှစ်အထိ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများသို့တိုင်အောင် ကျယ်ပြန့်လျက် ဆက်လက်တိုးတက်ခဲ့သည်။

ဆရာတော်၏လှုပ်ရှားမှုနှင့် အဆုံးအမ ဩဝါဒများတွင် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ နူးညံ့သိမ်မွေ့မှုဖြစ်သည့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးကို တုံ့ပြန်မှု တရပ်အနေဖြင့် ဗုဒ္ဓဘာသာရဟန်းဘဝတွင် မြင့်မြတ်ဖြူစင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ဖြစ်ရေးကိုသာ အာရုံစိုက်သည်၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ အတွင်း ပြုပြင်လိုသည့် မြန်မာရဟန်းသံဃာတော်များအတွက် လှုံ့ဆော်ပေးသည့် စည်းလုံးညီညွတ်စေသည့် စံပြ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဆရာတော်၏ ဘဝတစ်သက်တာလုံး ဆက်လက်ဆောင်ရွက်သွားခဲ့သည်။


စိရံ တိဋ္ဌတု လောကသမိံ ၊ သမ္မာသမ္ဗုဒ္ဓ သာသနံ ။
တသ္မိံ သဂါရဝါ နိစ္စံ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
( အာစရိယ ဓမ္မပါလ )

ဘဝဖြစ်စဉ် အကျဉ်း[ပြင်ဆင်ရန်]

( ငါ့ကိုချစ်လျှင် ပြည်သူကိုချစ်) ဟု သစ္စာပေးပြီး နန်းတက်လာခဲ့သော သိရီတြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇ-ဟူသည့် ဘွဲ့တံဆိပ်နာမံကို ခံယူတော်မူသော ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်ဘုရား နန်းစံ၍ ၃-နှစ်ရှိလာသောအခါ ရတနာသီခ ရွှေဘိုမြို့တော်၏ တောင်ဘက် ခရီး ၆-တိုင်အကွာ ယခုခေတ် ဝက်လက်မြို့နယ် အဝင်အပါ သက်လက်မြို့မှ အနောက် ၄-တိုင်ခန့်အကွာ ပုဂံမြို့၌ ၅၉၆-ခုနှစ်တွင် နန်းတက်သော ဓမ္မရာဇာ-ဘွဲ့ခံ ကျစွာမင်းကြီး၏ ဆွေမျိုးတော်ဖြစ်သော ရွှေပေါလှမင်း ညီအကိုမောင်နှမ ငါးဦးတို့ တည်ထောင်ခဲ့သည့်

၁။ လှတော

၂။ ကျည်းကန်

၃။ မဲကုန်း

၄။ ရေထွက်

၅။ ရွှေကျင်-ဟူသော လှတောကြီး ၅-ရွာ အဝင်အပါ ရွှေကျင်ရွာတွင် ဇာတိကုလ အာစာရဂုဏ်တို့နှင့် ပြည့်စုံသော ကုန်သည်ကြီး ဦးမောင်-ဇနီးဒေါ်မယ်မိတို့မှ ၁၁၈၄-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂-ရက် ညဉ့်သုံးချက်တီးကျော် ၁၃-ရက် အင်္ဂါနေ့သို့အဝင် ကောင်းမြတ်သောအချိန်တွင် သဂါရဝ, သပတိဿ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ, သဒ္ဓါ-စသောဂုဏ်တို့နှင့် ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူသည်။

အမည်မှည့်အံ့သောနေ့၌ ပညာရှိတို့နှင့် တိုင်ပင်၍ အနာဂတ်ကာလ၌ သန့်ရှင်း စင်ကြယ်လှသော သံဃနိကာယကြီးကို ဖြစ်ပေါ်စေမည့် အကြောင်းအချက်နှင့် လိုက်ဖက် ညီညွတ်လှသော မောင်သန့် ဟူသောအမည်ကို မှည့်ခေါ်ကြကုန်၏။

မောင်သန့် (၇)နှစ်အရွယ်သို့ရောက်သောအခါ အမိအဖတို့က ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် လူမည် ဘိုးရွှန်း ခေါ် ဦးဝရဗုဒ္ဓိ ထံသို့ ပို့အပ်ကြပြီး အသက် ၁၄-နှစ်အရွယ်ကို့ ရောက်သောအခါ ၁၁၉၈-ခုနှစ်တွင် ဦးမောင်+ဒေါ်မယ်မိတို့က ကျွေးမွေးလှူဒါန်းကာ ရှင်ပြုပေးကြ သဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရ၏။ ဘွဲ့တော်မှာ နိုးကြားသူဟု အဓိပ္ပာယ်ရသော ရှင်ဇာဂရ ဖြစ်သည်။

ရှင်ဇာဂရသည် ၁၁၉၈-ခုနှစ် ဝါ ဥပဇ္ဈာယ်အထံ၌ သီတင်းသုံးပြီး အထက်တန်း ကျမ်းဂန်ကြီးများကို ဆက်လက်သင်ယူနိုင်ရန် ၁၁၉၉-ခုနှစ် သက်တော် ၁၅-နှစ်အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကပါဆရာတော်ကြီးထံသို့ ကြွရောက်၍ ၃-နှစ်တိုင် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များကို လေ့လာသင်ယူ တော်မူသည်။

သက်တော် ၁၈-နှစ် သက္ကရာဇ် ၁၂၀၂-ခုနှစ်သို့ ရောက်သောအခါ မြတ်စွာဘုရား လက်ထက်တော် ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်မှ စဉ်လာမပျက် ဆင်းသက်လာသော ဂဏဝိမုတ်အမိန့်အရ သီးလုံးတောရ စန္ဒိမာဘိဝံသ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော် ဘုရား၏အထံသို့ ရောက်ကာ ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်၏အနွယ်သို့ သက်ဝင်မိ တော့သည်။

ရှင်ဇာဂရ အသက်နှစ်ဆယ်သို့ ရောက်သောအခါ ၁၂၀၈-ခုနှစ်တွင် ခမည်းတော် မယ်တော်တို့က ရွှေကျင်ရွာ၌ ရဟန်းခံပွဲပြုလုပ်ကာ ဒုတိယအကြိမ် ချီးမြှောက်ကြသဖြင့် ငယ်ဆရာ ဦးဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုလျက် ရေထွက်ရွာ ဆုတောင်းပြည့် ဘုရားဝင်းအတွင်း၌ရှိသော ဗဒ္ဓသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်၊ ရဟန်းဖြစ်သည်မှာစ၍ တိစီဝရိတ်ဓူတင်နှင့် ပိဏ္ဍပတ်ဓူတင် တို့ကို အမြဲဆောင်တော်မူသည်။

အရှင်ဇာဂရသည် ရဟန်းအဖြစ်သို့ရောက်လျှင် သဒ္ဒါကျမ်းဆိုင်ရာတို့ကို အထူးလေ့လာ လိုသေးသည်ဖြစ်၍ ထိုခေတ်က သဒ္ဒါကျမ်းများဆိုင်ရာ ကျော်စောလှသော ကမ္ဘာမူး၏အနောက်ဘက် မန်ကျီးကန်ဆရာတော်ကြီးအထံသို့ ကြွရောက်တော်မူသည်၊ မန်းကျီးကန်ဆရာတော်ကြီးက သဒ္ဒါကျမ်းဆိုင်ရာတို့ကို အရှင်ဇာဂရအား အနည်းငယ်စစ်မေးပြီး ကျေနပ်တော်မူသည်ဖြစ်၍---

တို့ဆီမှာ နေဖို့မလိုတော့ဘူး၊ ပညာရှိအကျော်အမော်များ စုဝေးရာ အမရပူရနေပြည်တော်သို့ ကြွရောက်နည်းခံလေဟု လမ်းညွှန်တော်မူသည်၊ ၎င်းလမ်းညွန်ချက်အရ အမရပူရနေပြည်တော်သို့ ကြွရောက်ကာ---

၁။ ပဲ့ပါကျောင်းတိုက်

၂။ သဲအင်း ( မင်းအို ) ကျောင်းတိုက်

၃။ မြသိန်းတန် ( စပါးတော ) ကျောင်းတိုက်နှင့်

၄။ အင်းဝ ဗားကရာကျောင်းတိုက်၌ ပရိယတ္တိဆိုင်ရာတို့ကို ဆက်လက်ဆည်းပူးတော်မူသည်။


ထိုအမရပူရ၌ သီတင်းသုံးတော်မူစဉ်မှာပင် မင်းတုန်းမင်းသားနှင့် တွေ့ဆုံရင်းနှီးခွင့်ရ၍ ဆရာရင်း ဒကာရင်းအဖြစ်သို့ ရောက်သည်။


အရှင်ဇာဂရ ငါးဝါအရတွင်

အရညကင်ဓူတင် ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်တော်မူသည်။ ထို့ကြောင့် အရှင်ဇာဂရသည် တိစီဝရိတ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ အရညကင်ဓူတင်၊ ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်၍ ကြွင်းဓူတင်(၉)ပါးတို့ကို ရံခါရံခါဆောင်ခြင်းဖြင့် ဓူတင်တေရသဆောင် ရဟန်းတော်ဟူသော ဂုဏ်ကို ရရှိတော်မူသည်။

အရှင်ဇာဂရ ၅-ဝါရပြီးနောက် ၁၂၁၈-ခုနှစ်တွင် ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒကို အမှူးထားပြီး ရေစကြိုမြို့ ဂူဖြူတောရဆရာတော် လောင်းလျာ အရှင်မေဓာတို့နှင့် တွဲဘက်၍ ရှမ်းကလေးကျွန်း တိုက်သစ် တည်ထောင်ကာ သာသနာတော်သန့်ရှင်းပြန့်ပွားထွန်းကားအောင် ဆောင်ရွက်တော်မူသည်။

၁၂၁၁-ခုနှစ်တွင် စစ်ကိုင်းမြို့အနောက်ဘက် မန်းကျည်းစဉ်ရွာ တောရကျောင်း ဂိုဏ်းအုပ် သိမ်ဖြူဆရာတော်ကြီးအထံ၌ သီတင်းသုံး၍ စာသင်သားသံဃာ ၅၀-ပါးတို့ကို စာပေပို့ချ သီတင်းသုံးတော်မူပြီး ၁၂၁၃-ခုနှစ်တွင် ရွှေဘိုတောင်လက် ခေါတောရွာအနောက်ဘက် ရှမ်းကလေးကျွန်းဆရာတော်ဘုရား သီတင်းသုံးတော်မူသည့် ကောင်းပင်ကုန်းတောရ၌ သီတင်းသုံးတော်မူသည်။

၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် မင်းတုန်းမင်းသား သီရိမဟာသီဟသူရ ဓမ္မရာဇာသည် အလိုတော်ပြည့်၍ အမရပူရ ပဉ္စမနန်းစံအဖြစ်သို့ ရောက်သည်။

၁၂၁၇-ခုနှစ်တွင် ရှိမ်းမကားရွာမြောက်ဘက် အဘယဂီရိတောင်ဝှမ်း၌ ခေမာသီဝ အဘယဂီရိ တောရကျောင်းတိုက်အတွင်း၌ သိမ်သမုတ်တော်မူသည်၊ သိမ်တော်၏အမည်ကို ဒကာဖြစ်သော အင်္ဂါနေ့ဖွား မင်းတုန်းမင်းတရား၏ ဆရာဖြစ်သော အင်္ဂါသားရဟန်းတော်က အင်္ဂါနေ့၌ သမုတ်အပ်သည်ဖြစ်သောကြောင့် အက္ခရာ ၉-လုံးဖြင့် ဇိနောရသ သာဓုပါမောဇ္ဇ-သိမ်တော်ဟု သမုတ်ခေါ်ဝေါ်တော်မူသည်၊

အင်, ကြင်း, ခက်, ကျိုင်း, ရွှေကျင်ဂိုဏ်း[ပြင်ဆင်ရန်]

၁၂၂၂-ခုနှစ် ဝါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ဝိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။

ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မဝလွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်။ နဖူးတော်ကျယ်သည်။ နားတော်ကြီး၍ နှာတံပေါ်သည်။ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်။ ဩဇာရှိသောအသံမျိုးဖြစ်သည်။ အသားတော်မှာ အသားလတ်ဖြစ်သည်။ ဝတ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အဝါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်။ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်။ သို့သော် အရောင်အသွေးမှာ အဝါရင့် အရောင်မှိန်မှိန်သာဖြစ်သည်။ ဝတ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတမ်း သေသေသပ်သပ် ဝတ်ရုံ သီတင်းသုံးတော်မူသည်။ နံနက်ပိုင်း ညဉ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၎င်း၊ ညဉ့်အခါ ညဉ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၎င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣန္ဒြေရှိသော အမူအရာတော်ရှိသည်။

ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၎င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။


တနေ့သ၌ မင်းတုန်းမင်းတရားကြီးသည် အမတ်တစ်ယောက်ကို စေလွှတ်၍ ရွှေကျင်ဆရာတော်ဘုရားကြီးအား ဆွမ်းအလှူခံကြွတော်မူရန် နန်းတော်သို့ပင့်စေသည်၊ အမတ်သည် ရွှေကျင်တိုက်သို့သွား၍ ရွှေကျင်ဆရာတော်ဘုရားကြီးထံမှောက် ရောက်ကာလ ရွှေကျင်ဆရာတော် ဘုရားကြီး သင်္ကန်းရုံတော်မူနေသည်ကို တွေ့မြင်ရ၏။

ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက်၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလားဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ဝမ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လောဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏။ အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ဝမ်းမြောက်သောကြောင့် ဖြစ်ပေသည်။ [၁]

ရွှေကျင်ဆရာတော် (မြန်မာ ၁၁၈၄-၁၂၅၅)[ပြင်ဆင်ရန်]

ရွှေကျင်ဆရာတော်သည် ရွှေဘိုမြို့တောင်ဘက်ခရီးခြောက် တိုင်ကွာ လှတောကြီး ငါးရွာအဝင် ရွှေကျင်ရွာ၌ သက္ကရာဇ် ၁၁၈၄ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ညဉ့်သုံးချက်တီး ကျော် ၁၃ ရက် အင်္ဂါနေ့အဝင်တွင် ဖွားမြင်တော်မူသည်။ မိဘများမှာ ဦးမောင် ဒေါ်မယ်မိတို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်သန့်ဖြစ်သည်။ ခုနစ်နှစ်သား အရွယ် ရောက် သောအခါ ထိုရွာ မဟာဗောဓိကျောင်းဆရာတော် ဦးဝရဗုဒ္ဓိထံ၌ ဖိမများက အပ်နှံသဖြင့် သူငယ်များဆိုင်ရာစာများကို သင်ကြား ခဲ့ရသည်။ အသက် ဆယ့်လေးနှစ်အရွယ်တွင် ရှင်သာမဏေအဖြစ် သို့ ရောက်သည်။ အသက်ဆဲ့ငါးနှစ်အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကပါ ကျောင်းဆရာတော်ထံ၌ စာပေသင်ကြားတော်မူ၍ ထိုမှတစ်ဖန် ဆဲ့ရှစ်နှစ်အရွယ်တွင် အကျင့်သိက္ခာအရာ၌ လွန်စွာကျော်စော တော်မူလှသည့် သီးလုံးသိက္ခာတော် အရှင်စန္ဒိမာလင်္ကာရထံသို့ ရောက်ရှိကာ စာပေပရိယတ္တိနှင့်တကွ ပဋိပတ္တိနည်းနာများကိုပါ နည်းခံသင်ကြားတော်မူသည်။

အသက်နှစ်ဆယ်ပြည့်သောအခါ ဇာတိရပ်ရွာ ငယ်ဆရာ ရင်း ဦးဝရဗုဒ္ဓိထံ၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ ဦးဇာဂရ ဖြစ်သည်။ ရဟန်းအဖြစ်သို့ ရောက်တော် မူပြီးနောက် အမရပူရ ရာဇဌာနီ မင်းနေပြည်မှ စ၍ အမြို့မြို့ အရွာရွာ၌ ဆရာပေါင်း နှစ်ဆယ်ကျော်ထံ နည်းခံသင်ကြား၍ ပိဋကတ်ကျမ်းဂန်တို့၌ နိုင်နင်းကျွမ်းကျင်တော်မူသဖြင့် ခုနစ်ဝါ ရှစ်ဝါရသောအခါ မန်ကျည်းစဉ်ရွာ၊ ခေါတောရွာ၊ ရှိမ်းမကား ရွာတို့၌ သီတင်းသုံးကာ စာချပုဂ္ဂိုလ်အဖြစ်ဖြင့် စာပေပို့ချ တော်မူသည်။ ရွှေကျင်ဆရာတော်ကား ပါဠိပိဋကတ် ကျမ်းဂန် များသာမဟုတ်၊ ဗင်္ဂါလီ နာဂရီ သက္ကဋ စာပေကျမ်းဂန်များ ကိုပါ တတ်မြောက်တော်မူသည်။ စာပေပို့ချ၍ ခြောက်နှစ်မျှ အကြာ သိက္ခာတော် ဆဲ့လေးဝါအရတွင် မင်းတုန်းမင်းတရား ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ရွှေဘိုမြို့ မြောက် ဘက် မြင်းနယ်တစ်ပြင်၌ သာသနာတော်သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်မူသည်။

မင်းတုန်းမင်းတရားကြီးသည် မင်းအဖြစ်သို့ မရောက်မီ သက္ကရာဇ် ၁၂၁၄ ခုနှစ် ပြာသိုလတွင် ရွှေဘိုမြို့သို့ ရောက်ရှိစဉ် ရွှေကျင်ဆရာတော်ကို အခိုက်အတံ့ တွေ့ဆုံဖူးမြင်ရကာမျှဖြင့် ဆရာတော်၏ အနေအထိုင် အကျင့်သိက္ခာနှင် သဒ္ဓါပညာ စွမ်းပကားကို ထင်ရှားစွာ သိလိုက်သဖြင့် နှစ်ခြိုက်အားရ မြတ်နိုးကြည်ညို တော်မူလှသဖြင့် မင်းအဖြစ်သို့ရောက်လျှင် သာသနာတော် သန့်ရှင်းစည်ပင်ရေးကို အားပေးရွက်ဆောင် တော်မူပါရန် တောင်းပန်လျှောက်ထားခဲ့ဖူးလေသည်။ ယင်း စကားအတိုင်းပင် ရွှေဘိုမြို့ မြောက်ဘက် မြင်းနယ်တစ်ပြင်၌ သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရန် တောင်းပန်လျှောက်ထားခြင်း ဖြစ်သည်။

ရွှေကျင်ဆရာတော်သည် ဝါတော် ၁၉ ဝါအရ သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး၏ ပင့်လျှောက်ချက် အရ ရတနာပုံ မန္တလေးနေပြည်တော်သို့ ကြွရောက်တော်မူလေ သည်။ မင်းတုန်းမင်းကြီးသည် ရွှေကျင်ဆရာတော် ကြွရောက် လာသောအခါ ဝမ်းမြောက်ခြင်း ပြင်းစွာဖြင့် နိုင်ငံတော်အတွင်း ရှိ ထောင်ပေါင်းများစွာသော ရဟန်းသံဃာတို့ အလယ်တွင် အထူးသဖြင့် ရွှေကျင်ဆရာတော်ဘုရားကို မြတ်နိုးတော်မူသည်။ အလေးအမြတ်ပြုတော်မူသည်။ မန္တလေးမြို့ မြောက်မျက်နှာ မန္တလေးတောင်ခြေ၌ ကျောင်းတိုက်ကြီး ငါးတိုက် ဆောက်ပြီး လျှင် ရွှေကျင်ဆရာတော်ကို အထူး ကိုးကွယ်တော်မူသည်။ ကျောင်းတိုက်ကြီး ငါးတိုက်ကား မဟာဓမ္မိကာရာမတိုက်၊ ထရံကာတိုက်၊ ရမည်းသင်းတိုက်၊ မင်းခင်းတိုက်၊ မြတောင် တိုက်တို့ ဖြစ်သည်။ ယင်းတို့ကို ရွှေကျင်ငါးတိုက်ဟုလည်း ခေါ်သည်။

ရွှေကျင်ဆရာတော်သည် ဘွဲ့အမည်အားဖြင့် မကျော်စောဘဲ ဇာတိရပ်ရွာအမည်အားဖြင့် ရွှေကျင်ဆရာတော် ဟူ၍သာ ကျော် စော ထင်ရှားတော်မည်။ အနေအထိုင် အကျင့်သိက္ခာအရာ၌ လွန်စွာထူးခြားလှသဖြင့် ရွှေကျင်ဆရာတော်၏ ဂုဏ်သတင်းမှာ မြို့တွင်းမြို့ပြင်ပတ်ဝန်းကျင်အရပ်တို့၌ အထူးသဖြင့် ကျော်ကြား လျက်ရှိသည်ဖြစ်သောကြောင့် သီတင်းသုံးရာ ကျောင်းတိုက် အမည်သည်ပင်လျှင် ရွှေကျင်တိုက်ဟူ၍ တွင်လေသည်။ ရွှေကျင်ဆရာတော်ဘုရား၏ သီလသမာဓိပညာသဒ္ဓါတရား ထက်သန်မှု၌ အကြွင်းမဲ့ကြည်ညိုရင်းရှိသော မင်းတုန်းမင်း တရားကြီးသည် ရွှေကျင်ကျောင်းတိုက်ရှိ သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်းနှင့်တကွ ပစ္စည်းလေးပါးတို့ကို ပြည့်စုံ လုံလောက်စွာ ထောက်ပံ့လှူဒါန်းတော်မူသည်။

အခါတစ်ပါးတွင် သုဓမ္မာဝင် ဆရာတော်များ အမိန့်ဖြင့် ရွှေကျင်ဆရာတော်ကို သုဓမ္မာသို့ ကြွရန် ဆင့်ဆိုရာ ရွှေကျင် ဆရာတော်က မကြွဘဲ နေလေသည်။ ထိုနောက် အကြိမ်ကြိမ် ဆင့်ဆိုသော်လည်း မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းဆွဲခေါ်ရန် စီမံကြလေသည်။ ထိုအကြောင်းကို မင်းတုန်း မင်းကြီးကြားသိ၍ တားဆီးလျှောက်ထားသဖြင့် ပျက်သွားလေ သည်။ ထိုအရေးအခင်း ဖြစ်ပြီးနောက် ရွှေကျင်ဆရာ တော်အား ဂဏဝိမုတ်(ဂိုဏ်းမှ အလွတ်ပုဂ္ဂိုလ်) အမိန့်တော် ထုတ်လေ သည်။ ထိုအခါမှစ၍ ရွှေကျင်ဆရာတော်နှင့်တကွ သဘောတူ သံဃာတစ်စုမှာ သုဓမ္မာသဘင်မှ အသီးအခြား ဖြစ်လေသည်။ ထိုသံဃာတစ်စု၌ လည်း ရွှေကျင်ဆရာတော်က ပြဋ္ဌာန်းသော ကြောင့် ယင်းသံဃာတစ်စုကို ရွှေကျင်ဂိုဏ်းဟု ခေါ်ဝေါ်ကြ လေသည်။

ရွှေကျင်ဆရာတော်သည် ဝါတော်နှစ်ဆယ့်ခြောက်ဝါအရ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်တွင် သာသနာ့ဒါယကာ မင်းတုန်း မင်းတရားကြီး၏ လျှောက်ထားတောင်းပန်ချက်အရ အလုံမြို့၊ ဒီပဲရင်းမြို့၊ တလုပ်မြို့၊ ရွှေဘိုမြို့၊ ကလေး၊ ရာဇဂြိုဟ် စသော မြို့နယ်များ၌ ဂိုဏ်းချုပ် ဂိုဏ်းအုပ် ဂိုဏ်းထောက်များထား၍ သာသနာပြုတော်မူရလေသည်။

ရွှေကျင်ဆရာတော်ဘုရား၏ သီလ သမာဓိ ပညာ အကျင့် သိက္ခာဂုဏ်တို့ကြောင့် တပည့်ရဟန်းသံဃာများ တိုးပွားများပြား လာသည်နှင့်အမျှ ကြည်ညိုသော ဒါယကာများလည်း တိုးတက် များပြားလာသည်ဖြစ်ရာ ၁၂၃၃ ခုနှစ် တပေါင်းလဆန်း ၁ဝ ရက်နေ့တွင် ဝိသုဒ္ဓါရာမကျောင်းတိုက်ကြီးကို အလှူခံတော် မူရလေသည်။ ရွှေကျင်ဆရာတော်သည် ဓမ္မိကာရာမရွှေကျင် ငါးတိုက်နှင့်တကွ ဝိသုဒ္ဓါရာမ စသည့် တစ်ဆယ့်နှစ်ရပ်သော ကျောင်းတိုက်ကြီးတို့၌ တပည့်စာချပုဂ္ဂိုလ်အများကို လွှဲအပ် ဆောက်နှင်းလျက် သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူသည်။ ထိုအခါ မင်းတုန်းမင်းတရားကြီးက ဇာဂရာဘိဓဇ သဒ္ဓမ္မဝံသ အတုလဓိပတိ မဟာဓမ္မရာဇာဓိ ရာဇဂုရုတံဆိပ်တော် လှူဒါန်းဆက်ကပ်တော်မူသည်ကို ခံတော်မမူဘဲ ပယ်ရှောင်လွှဲ၍ ရောင့်ရဲတော်မူသည်။

ရွှေကျင်ဆရာတော်ဘုရားကြီးသည် နှစ်ပေါင်းများစွာ သာသနာတော် သန့်ရှင်းစည်ပင်မှုကို ဂရုကတ ဥဿာဟမယုတ် အားထုတ်ရွက်ဆောင်တော်မူပြီးလျှင် ပင်ကိုအားဖြင့် နိက္ခမ ဓာတ်ခံ စိတ်သန်တော်မူရင်း ရှိသည်နှင့် သက်တော် ၅၃ နှစ် သိက္ခာတော် ၃၃ ဝါ ရှိသောအခါ ၁၂၃၇ ခုနှစ်တွင် ရတနာပုံ မန္တလေးမြို့ ဓမ္မိကာရာမရွှေကျင်တိုက်မှ ဖဲခွာ၍ ကိန္နရာတောင်၊ ရေတံခွန်တောင်၊ ငစဉ့်ကိုင်တောရ၊ ကုက္ကိုချောင်တောရတို့၌ ထိုက်သည်အားလျော်စွာ ဝိပဿနာတရားကို ပွားများတော်မူ လျက် သီတင်းသုံးတော်မူသည်။

ရွှေကျင်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၈ ခုနှစ်တွင် မြတ်စွာဘုရား၏ စွယ်တော်မြတ်ကို ဖူးမြော်ရန် သီဟိုဠ်သို့ ကြွရာ မလွန်မြို့၊ မင်းလှရွာသို့ ရောက်လျှင် ထိုရွာ နေ ရှင်လူရဟန်းတို့က အခါအခွင့် မသင့်လျော်သေးပါကြောင်း လျှောက်ထားတောင်းပန်ကြသဖြင့် မင်းလှရွာ နွားလှန်တောင် တောရကျောင်းတွင် ဝါဆို သီတင်းသုံးပြီးလျှင် ၁၂၃၉ ခုနှစ် တပေါင်းလသို့ ရောက်သောအခါ သာသနာ့ဒါယကာ ပဉ္စမသင်္ဂါ ယနာတင် ဘုရင်မင်းမြတ်ကို ခတ္တိယေဝါဒကျမ်းစာဖြင့် ဩဝါဒ ပေးခဲ့၍ သီဟိုဠ်ကျွန်းသို့ ကြွတော်မူသည်။

ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရား၏ စွယ်တော် မြတ်ကို ပူဇော်ခြင်း၊ သီဟိုဠ်ကျွန်းသူကျွန်းသား၊ လူရှင်အများ တို့ကို တရားဓမ္မ ဩဝါဒပေးခြင်း၊ ယင်းဩဝါဒစကားများ ရှည်ကြာစွာ တည်စေခြင်းငှာ လင်္ကာ သာသနဝိသုဒ္ဓိကထာ ကျမ်းကို ပါဠိဘာသာဖြင့် ရေးသားပေးထားခဲ့ခြင်း၊ သီဟိုဠ် ရဟန်းတို့ကို ရဟန်းထပ်ခံပေးခြင်း စသည်ဖြင့် သာသနာရေး ကိစ္စများကို ဆောင်ရွက်တော်မူပြီးလျှင် သက္ကရာဇ် ၁၂၄ဝ ပြည့် နှစ်အတွင်း သီတင်းဝါလကျွတ်သောအခါ မြန်မာနိုင်ငံသို့ ပြန် လည်ကြွရောက်၍ မင်းလှရွာ၌ပင် ဝါကပ်သီတင်းသုံးတော် မူသည်။

ရွှေကျင်ဆရာတော်ဘုရားကြီးသည် မင်းလှရွာ၌ သီတင်း သုံး နေတော်မူစဉ် သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ရတနာပုံ မန္တလေးနေပြည်တော် ဒုတိယနန်းစံသားတော် သီပေါမင်းက ပင့်လျှောက်သဖြင့် မန္တလေး နေပြည်တော်သို့ ကြွရောက်တော် မူပြီးလျှင် သက္ကရာဇ် ၁၂၄၄ ခုနှစ် တပေါင်းလတွင် သီပေါမင်း က ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မ ရာဇာဓိရာဇဂုရုတံဆိပ်တော် လှူဒါန်းဆက်ကပ်၍ သာသနာပြု အပ်နှင်း တော်မူသဖြင့် သာသနာပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်တော်မူလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် သီလ သမာဓိ ပညာဂုဏ်နှင့် ပြည့်စုံတော်မူသည့်အပြင် အထူး သဖြင့် သဒ္ဓါဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့် သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရာ၌ အထူး အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူရာ၌ အထူး အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့်ပင် မြန်မာ ပြည်သာသနာ၌ ရွှေကျင်ဂိုဏ်းဟု သံဃာ့ဂိုဏ်းကြီးတစ်ဂိုဏ်း သီးခြားပေါ်လာခြင်း ဖြစ်ပေသည်။ ယခုအခါ၌ (၁၃၂၄ ခု) မြန်မာနိုင်ငံတွင် ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း ၁၃၅၇ ကျောင်းရှိ၍ ဂိုဏ်းဝင်သံဃာပေါင်း တစ်သောင်းကျော်မျှ ရှိနေ လေသည်။ ယင်းသို့ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် တော်မူပြီးလျှင် သက်တော် ၆၄ နှစ် ဝါတော် ၄၄ ဝါ ရသော အခါ နေပြည်တော် ဓမ္မိကာရာမ ရွှေကျင်တိုက်မှ ဖဲခွာ၍ ဧရာဝတီမြစ် အနောက်ဘက် မင်းကွန်းငွေတောင်တောရသို့ ကြွ ရောက် ဝါကပ်တော်မူသည်။

ရှေကျင်ဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံ သာသနာ တော်၌ ရွှေကျင်ဂိုဏ်းဟူသောအမည်ဖြင့် သံဃာဂိုဏ်းကြီးတစ်ခု ပေါ်ပေါက်လာရသည့်တိုင်အောင် သာသနာတော် သန့်ရှင်းစည် ပင်ရေးကို အားသွန်ခွန် စိုက် ကြိုးပမ်းရွက်ဆောင်တော်မူရင်း ကပင် နောင်လာနောက်သား တပည့်တပန်းများအတွက် ကျမ်း ပေါင်း များစွာကိုလည်း ပြုစုတော်မူခဲ့လေသည်။

ရွှေကျင်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သည့်ကျမ်းများ ကို အောက်ပါအတိုင်း ဖြစ်သည်။ ၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဒီပနီကျမ်း၊ ၂။ ကေဝဓောဝါဒ၊ ၃။ ခတ္တိယောဝါဒ၊ ၄။ ဂဏဘေဒ ဒီပနီ၊ ၅။ ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း၊ ၆။ ဒသဓမ္မာလင်္ကာရ အဋ္ဌကထာ၊ ၇။ ဒါရုက္ခန္ဓသုတ် နိဿယ၊ ၈။ ဓမ္မောသဓဒီပနီ၊ ၉။ နေတ္တိလီနတ္ထသင်္ဂဟ၊ ၁ဝ။ နေတ္တိဟာရတ္ထဝိဘာဝနီ၊ ၁၁။ နိဿယင်္ဂဝိနိစ္ဆယ၊ ၁၂။ ပဋိစ္စသမုပ္ပါဒ ဒီပနီ၊ ၁၃။ ဗောဇ္ဈင်္ဂ ဝိနိစ္ဆယ၊ ၁၄။ မာသိဿကောဝါဒ၊ ၁၅။ ယွာဋီကာ၊ ၁၆။ ရူပဘေဒ ဝိဘာဝနီ၊ ၁၇။ လင်္ကာ သာသနဝိသုဒ္ဓိကထာ၊ ၁၈။ ဝိစိတြဝန္ဒနာဘုရားရှိခိုး၊ ၁၉။ ဝိနယဂရု ဒီပနီ၊ ၂ဝ။ ဝိနယမဓု၊ ၂၁။ ဝဉ္စနာဒီပနီ၊ ၂၂။ သမာသ်ဂဏ္ဌိ၊ ၂၃။ သီမာ သင်္ကရဝိနိစ္ဆယ၊ ၂၄။ သီမာ ဝိသောဓနီ၊ ၂၅။ သာသန ဝိဝသာဓနီ၊ ၂၆။ သီဟဠောဝါဒ၊ ၂၇။ သန္ဒေသကထာ၊ ၂၈။ ဥပဒေသကထာ၊ ၂၉။ ဩဝါဒါလင်္ကာရ ဓမ္မကထာ၊ ၃ဝ။ အဋ္ဌိက ကမ္မဋ္ဌာန်း ရွှေကျင်ဆရာတော်ဘုရားကြီးသည် တပည့်ရဟန်းတို့အား စာပေပို့ချခြင်း၊ မိမိဩဝါဒခံ ဂိုဏ်းသံဃာအားလုံးကို စည်းကမ်း သေဝပ်အောင် အုပ်ချုပ်ထိန်းသိမ်း ကွပ်ကဲဆုံးမ ဩဝါဒပေး ခြင်း၊ တောရဆောက်တည်ခြင်း စသည်ဖြင့် မြန်မာပြည် သာ သနာတွင် စံပြပုဂ္ဂိုလ်ကြီးတစ်ဆူအဖြစ်ဖြင့် နှစ်ပေါင်းများစွာ သာသနာတော် သန့်ရှင်းစည်ပင်ရေးကို ဆောင်ရွက်တော်မူပြီး လျှင် သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါ၊ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပေါင်းလပြည့်ကျော် ၇ ရက်နေ့တွင် မင်းကွန်းငွေ တောင် တောရ၌ ပျံလွန်တော်မူလေသည်။

(ဤ ရွှေကျင်ဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကို ရေးသား ရာ၌ အောက်ပါစာအုပ်များကို ကြည့်ရှုလေ့လာ တိုက်ဆိုင်ရေး သားပါသည်။ ၁။ ၁၂၅၃ ခုနှစ် ရွှေကျင်ဆရာတော်ကြီးရှိစဉ် မောင်း ထောင် ဆရာတော်ရေးသည့် ရွှေကျင်ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိစာတမ်း။ ၂။ ဝိသုဒ္ဓါရုံဥုးကောသလ္လ ရေးသည့် ဝိသုဒ္ဓါရုံ ထေရုပ္ပတ္တိကထာ။ ၃။ အရှင်သီရိဓမ္မနှင့် လယ်တီ ပဏ္ဍိတတို့ ရေးသည့် မဟာဝိသုဒ္ဓါရာမိက ထေရုပ္ပတ္တိ ဒီပနီ။ ၄။ ဝိသုဒ္ဓါရုံဆရာတော် ရေးသည့် ပရမတ္ထသရူပဘေဒနီ နိဂုံး။ ၅။ သုသောဓိတ မဟာရာဇဝင် ဆဋ္ဌမတွဲ။ ၆။ ဦးအာလောက ရေးသည့် သာသနာဝင်ကျမ်း။ ၇။ အရှင်ပဏ္ဍိတရေးသည့် ရွှေ ဟင်္သာတောရသမိုင်း။ ၈။ ဦးဘသန်းရေးသည့် ရွှေကျင်သာသနာ နှစ်တစ်ရာ။) [၂]

စာကိုး[ပြင်ဆင်ရန်]

  1. Redirecting[လင့်ခ်သေ]
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)