အီဂျစ်ထုံးဟောင်းပုံပြင်များ

ဝီကီပီးဒီးယား မှ

မြေ၊ ရေ၊ လေ၊ မီး စသည့် သဘာဝတရားများကို တန်ခိုးရှင် နတ်များဟု ရှေးသူဟောင်းတို့ အယူရှိခဲ့ကြသည်။ ထိုတန်ခိုးရှင် နတ်များမှာ လူသားတို့ထက် တန်ခိုးဣဒ္ဓိပါဒ် ကြီးမားသူ များဖြစ်၍ ကိုးကွယ်ဆည်းကပ် ထိုက်သည်ဟု ရှေးသူဟောင်းတို့သည် နတ်များကို ကိုးကွယ် ဆည်းကပ်ခဲ့ကြ သည်။ အီဂျစ်ရှေးသူဟောင်းတို့သည်လည်း ဤနည်းနှင့် နေနတ်သား၊ ရေနတ်သား စသည်ဖြင့် ကိုးကွယ် ဆည်းကပ်ခဲ့ကြသည်။ သို့သော် အီဂျစ်ရှေးသူဟောင်းတို့မှာ တစ်ရွာလျှင် နတ်တစ်ပါးကျစီ ကိုးကွယ်ခဲ့၍ မြို့ကြီးပြကြီးများ၌လည်း ထိုအတိုင်းပင် ဖြစ်ခဲ့ကြသည်။ ထိုနောက်တွင်မှ ကျေးရွာနတ်များ တဖြည်းဖြည်းပပျောက်လာကာ မြို့ပြနတ်ကြီးများကိုသာ ကိုးကွယ်လာ ကြသည်။ ယင်းသို့ တိုင်အောင်ပင် နတ်များမှာ များပြားလျက် ပင် ရှိကြသေးရာ ဘုရားတစ်ဆူတည်းဝါဒကိုပင် ဖြန့်ခဲ့သော် လည်း များစွာထမြောက် အောင်မြင်ခြင်း မရှိခဲ့ချေ။


အီဂျစ်တို့သည် သဘာဝတရားများကိုသာ နတ်များအဖြစ် ကိုးကွယ်ကြသေးသည် မဟုတ်သေး။ ငှက်တိရစ္ဆာန်တို့မှာလည်း နတ်မင်းများ ဝင်စားသည်ဟူ၍ ငှက်တိရစ္ဆာန်များကိုလည်း အထွက်အမြတ်ထားကာ ကိုးကွယ်ကြသေးသည်။ အီဂျစ် ရှေးဟောင်းနတ်ရုပ်များမှာ တိရစ္ဆာန်ရုပ်များ၊ တိရစ္ဆာန်ခေါင်း လူ့ကိုယ်ခန္ဓာ တို့ဖြင့် သရုပ်ဖော်ပြထားလေ့ ရှိကြလေသည်။ ထိုကြောင့်လည်း အီဂျစ်နတ်များတွင် တန်ခိုးအကြီးဆုံး နတ်မင်းဖြစ်သော ရေး၊ သို့မဟုတ် ရား နတ်မင်းကို သိမ်းငှက် ဦးခေါင်းတပ်လျက် တွေ့မြင်ကြရသည်။ ထိုနတ်မင်းမှာ နေနတ် မင်း ဖြစ်သည်ဟုလည်း အယူရှိကြသဖြင့် ဦးခေါင်းထက်တွင် နေ၏ အထိမ်းအမှတ်သဏ္ဌာန် အပြားဝိုင်းကလေးတွင် အတောင်တပ်၍ ဖော်ပြလေ့ ရှိကြသည်။ အီဂျစ်ထုံးဟောင်းပုံပြင်အရ ဆိုလျှင် ကမ္ဘာလောကကြီးတွင် သက်ရှိသက်မဲ့တို့ မပေါ်ပေါက်မီက အဏ္ဏဝါ ရေပြင်ဖြင့်သာ ဖုံးလွှမ်းလျက် ရှိခဲ့၏။ ထိုအခါ ရေပြင်ထက်တွင် ဥကြီးတစ်လုံး ပေါ်လာပြီးလျှင် ထိုဥကြီးမှ ရေးနတ်မင်းကို ပေါက်ဖွားခဲ့သည်။ ရေးနတ်မင်းသည် ကက်(ကမ္ဘာမြေပြင်)နှင့်နတ်(မိုးကောင်ကင်) တို့ကို ပေါက်ဖွားစေသည်။ ကက်နှင့်နတ်တို့က တစ်ဖန် အိုဆိုင်းရစ် နှင့် အိုင်ဆစ် တို့ကို ပေါက်ဖွားပြန်သည်။ အိုဆိုင်းရစ်နှင့် အိုင်ဆစ်တို့၏သားတော်မှာ ဟိုရပ်နတ်သားဖြစ်ပေသည်။ ရေးနတ်မင်းသည် ကမ္ဘာလောကကြီးတွင် နှစ်ပေါင်းအဓွန့် ကြာရှည်စွာ အုပ်စိုးခဲ့ရာ အိုဆိုင်းရစ်၏ကြင်ယာတော် အိုင်ဆစ်နတ်သမီး ခေါင်းဆောင်သော နတ်များနှင့်လူသားတို့က ပုန်ကန် ခြင်းကြောင့် မိမိ၏ရိုက်ရာစည်းစိမ်ကို စွန့်လွှတ်ကာ ကောင်းကင်ဘုံ၌ သွားရောက် စံမြန်းနေခဲ့ရသည်ဟု ဆို၏။ အိုဆိုင်းရစ်နတ်မင်းကား သုစရိုက်နတ်မင်း ဖြစ်သည်။ အီဂျစ်တို့၏ တန်ခိုးကြီး နတ်တစ်ပါးလည်း ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးကို စောင့်ရှောက်သည်။ ထို့ပြင် အီဂျစ်နိုင်ငံ၏ အသက်သွေးခဲဖြစ်သော နိင်းမြစ်ကြီးကို စောင့်သည့် နတ်မင်း လည်း ဖြစ်သည်။ အိုဆိုင်းရစ် နတ်မင်း၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြကြရာ၌ တစ်ခါတစ်ရံ ဆင်နှာမောင်း တပ်လျက်လည်း ကောင်း၊ တခါတရံ ငန်းခေါင်းတပ်ဆင်လျက်လည်းကောင်း၊ တစ်ခါ တစ်ရံ နွားသိုး၏ချိုကို ဦးခေါင်း၌ တပ်ဆင်လျက် လည်းကောင်း ဖော်ပြရေးသားထုလုပ်တတ်ကြ၏။ အီဂျစ်ထုံးဟောင်း ပုံပြင်များ၌ နတ်ကောင်းတို့ကို ဒုက္ခပေးသော နတ်ဆိုးများ အကြောင်းလည်း ပါရှိပေသည်။ ဆက် မှာနတ်မိစ္ဆာဖြစ်၍ အမိုက်မှောင်နတ် ဖြစ်သည်။ အိုဆိုင်းရစ်နှင့်ညီအစ်ကိုတော်လည်း ဖြစ်၏။ ဆက်နှင့်အိုဆိုင်းရစ်တို့ တိုက်ခိုက်ကြရာ အိုဆိုင်းရစ် ကျဆုံး၍ ခန္ဓာကိုယ်အပိုင်းပိုင်း အဖြတ်ခံရသည်။ သို့သော် ထိုနတ်မင်းသည် မရဏနိုင်ငံသို့ ရောက်သွားကာ ထိုနိုင်ငံကို စိုးမိုးသူနတ်မင်းကြီး ဖြစ်နေလေသည်။ အိုဆိုင်းရစ်၏ သားတော် ဟိုရပ်သည် ဆက်နတ်ဆိုးအား သတ်ဖြတ်၍ ခမည်းတော်အတွက် လက်စားချေ လေသည်။ ဟိုရပ်နတ်မင်းကား အလင်းရောင်နတ် ဖြစ်သည်။ ထိုနတ် မင်း၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြရာ၌ သိန်းငှက်၏ဦးခေါင်း တပ်လျက် ဖော်ပြကြလေသည်။ ထိုနတ်မင်းကား ကမ္ဘာမြေပြင်ကို အစိုးရသူ ဖြစ်၏။ အိုင်ဆစ်နတ်သမီးမှာ အိုဆိုင်းရစ်နတ်မင်း၏ နှမတော်လည်း ဖြစ်၍ ကြင်ယာတော်လည်း ဖြစ်ကာ အီဂျစ်နတ်သမီးများထဲတွင် တန်ခိုးအကြီးဆုံး ဖြစ်ပေသည်။ အိုဆိုင်းရစ်နတ်မင်းအား နတ် ဆိုးက သတ်ဖြတ်ပြီး နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်၍ လျှို့ဝှက်ထားသည်ကို မတွေ့တွေ့အောင် ရှာခဲ့သည်။ သားတော် ဟိုရပ်က ခမည်းတော်အတွက်လက်စားချေရန် ဆက်နတ်ဆိုးကို ဖမ်းဆီးချုပ်နှောင်ထားသောအခါ အိုင်ဆစ်က ဆက်အား လွှတ်ပစ်ခဲ့သည်။ ထိုကြောင့် ဟိုရပ်က မယ်တော်၏ဦးခေါင်းကို ဖြတ်ခဲ့သည်။ ထိုနောက်မှ နွားမ၏ဦးခေါင်ကို တပ်ဆင်ပေးခဲ့ ၏။ သိုဖြင့် အိုင်ဆစ်နတ်သမီး၏ ရုပ်တုများတွင် နွားမဦး ခေါင်း တပ်ဆင်လျက် တွေ့ကြရခြင်း ဖြစ်သည်။ ထိုနတ်မိသားစုများအပြင် အခြားထင်ရှားသော နတ်များ လည်း ရှိပေသေးသည်။ ယင်းတို့တွင် တားနတ် မင်းမှာ လက်မှုပညာသည်နှင့် အနုပညာသည်တို့၏ နတ်မင်း ဖြစ်သည်။ နိတ်မှာ စစ်မက်ဆိုင်ရာ နတ်သမီး ဖြစ်၍ မက်မှာသစ္စာတရား ကို စောင့်ရှောက်သောနတ်သမီး ဖြစ်ပေသည်။ ထို့ပြင် ဒေသန္တရ ဆိုင်ရာ ထင်ရှားသောနတ်များလည်း ရှိကြသေးရာ သာဓက ဆောင်ရသော် သီးဗီးမြို့တော်နတ်အမွန်၊ ဟာမိုပိုလစ်မြို့တော် နတ် သော့နှင့် သဲကန္တရနတ်မင်းတို့ ဖြစ်ကြ၏။ လူတို့ သေပြီးသည့်နောက်တွင် တမလွန်ဘဝ ရှိသည်။ လူ၏ ခန္ဓာကိုယ်ကြီးကို မပျက်မစီးပဲ ကြာရှည်ခံအောင် ပြုပြင် စီရင်ထားမှသာလျှင် ဝိညာဉ်လည်း တည်မြဲနေနိုင်သည်ဟု အယူရှိကြသည်။ ထိုကြောင့် အီဂျစ်တို့သည် လူသေအလောင်း များကို မပျက်မစီးရအောင် ဆေးရည်စိမ်ကာ မံမီများ ပြုလုပ် ထားခဲ့ကြ၏။


ထို့ပြင် လူခန္ဓာကိုယ်မှ စွန့်ခွာလာခဲ့သော ထိုဝိညာဉ်၏ နောင်ရေးမှာ မူလပိုင်ရှင်၏ အသည်းနှလုံးကို ဟိုရပ်က သစ္စာတရားတည်းဟူသော အလေး ချိန်နှင့်ချိန်ဆကြည့်ပြီးမှ ဆုံးဖြတ်ချမှတ်သည့် အပေါ်တွင် တည် နေပေ၏။ ယင်းသို့ ချိန်တွယ် ကြည့်ရှုသည်ကို သစ္စဝါဒီနတ် သမီးမက်က စောင့်ကြပ်ကြည့်ရှု ပြီးနောက် စာရေးတော် နတ်မင်း သော့က မှတ်တမ်းတင်ရသည်ဟု ရှေးအီဂျစ်သူဟောင်း တို့ ယုံကြည်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)