အိုးပုတ်ပွဲ

ဝီကီပီးဒီးယား မှ
အိုးပုတ်ပွဲတွင် ရောင်းချနေသော အိုးပုတ်များ

အိုးပုတ်ပွဲ သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တစ်ညနေခင်းသာ ကျင်းပသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခု ဖြစ်သည်။ အိုးပုတ်ပွဲကို မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို၊ ရွှေကျင်ရပ်ကွက်၊ အကွက်(၅၂) ပတ္တမြားတောရပ်ကွက်တွင် ကျင်းပသည်။ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်တွင် ကျင်းပပြုလုပ်လေ့ရှိသည်။[၁]

အိုးပုတ်ပွဲတော်လာ အပျိုလေးများ၏ ခေါင်းပေါ်တွင် ကျောက်ခတ်ပန်းဟု ခေါ်သော သစ်ခက်စိမ်းလေးများ (ကျောက်ခက်ပန်းဦးထုပ်)[၂]ကို ပန်းသရဖူသဖွယ် ခွေပြီး ပန်ဆင်ထားကြသည့် ဓလေ့သည် မည်သည့်အချိန်က စခဲ့သည်ကို မသိရသော်လည်း အိုးပုတ်ပွဲတော်တွင်သာ တွေ့မြင်ရသည့် ချစ်စရာမြင်ကွင်းလေးတစ်ခု ဖြစ်သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တွင် တောင်ပြုံးပွဲသို့ သွားရောက်ပူဇော်ပသကြသော လှေများသည် ရွှေတချောင်းမြောင်းအတိုင်း တောင်ပြုံးအရပ်သို့ သွားရောက်ကြသည်။ တောင်ပြုံးပွဲတွင် ရောင်းချရန် ရေလမ်းအတိုင်းလာသော အိုးသည်များသည် မန္တလေးတောင်ခြေ အိုးဘိုအရပ်တွင် လှေများကမ်းကပ်ကာ ခေတ္တနားရင်း ဈေးခင်းရောင်းကြသည်။ ဤသို့ဖြင့် တောင်ပြုံးပွဲမတိုင်ခင်တစ်ရက်တွင် အိုးပုတ်ပွဲတော်ဖြစ်လာသည်ဟု ဆိုကြသည်။ အိုးဘိုဟူသော နာမည်သည်လည်း အိုးများလုပ်ကိုင်ရာ အိုးဖိုများတည်ရှိသောကြောင့် အိုးဖိုကို အစွဲပြု၍ အိုးဘိုရပ်ဟူသော အမည်ဖြစ်လာခြင်းဖြစ်သည်။[၃]

အိုးပုတ်ခိုးပွဲ[ပြင်ဆင်ရန်]

အိုးပုတ်ပွဲတော်ကို အိုးပုတ်ခိုးပွဲဟုလည်း ခေါ်တတ်ကြသည်။[၄] အိုးပုတ်ပွဲသို့လာရောက်ရောင်းချသော ဈေးသည်များသည် အိုးပုတ်ပွဲတွင် အိုးပုတ်ခိုးခံရမည့်အကြောင်းကို တွက်ဆပြီးမှ မိမိအမြတ်ကျန်လောက်သည့် ပမာဏဖြင့် ချရောင်းတတ်ကြသည်။ အိုးများထွက်ရှိရာ ရွှေဘို-နွယ်ငြိမ်းဘက်မှ တဆင့် ပြန်လည်ဝယ်ယူပြီး ရောင်းချကြသည်ဖြစ်သဖြင့် ရောင်းချသည့် အိုးပုတ်များတွင် ဈေးကို တစ်ခါတည်းတွက်ပြီး တင်ထားပြီးဖြစ်သည်။ အိုးပုတ်ခိုးသူကလည်း စီးပွားပျက်လောက်အောင်ထိ ခိုးခြင်းမဟုတ်သလို အိုးပုတ်ပြန်တောင်းသူကလည်း သူခိုးယိုးပြီး ပြန်တောင်းခြင်းမဟုတ်သည်က အိုးပုတ်ပွဲ၏ ချစ်စရာဓလေ့ တစ်ခုဖြစ်သည်။ အိုးပုတ်ခိုးသူ ကလေးများက အိုးပုတ်သည်ကို ကြည့်ပြီး ခိုးတတ်ကြသည်လည်းရှိသေးသည်။ ဈေးဆစ်၍မရသော၊ စွာသော ဈေးသည်ဆိုလျှင် လက်တည့်စမ်းပြီး အိုးပုတ်နှိုက်ယူချင်ကြသလောက် အသက်ကြီးကြီး ဈေးသည်များကိုတော့ အိုးပုတ်ခိုးရန် လက်ရှောင်တတ်ကြသည်။

ရောင်းချမှုများ[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ ဗန္ဓုလဦးထုပ်နှင့် ဓားများကို အိုးပုတ်ပွဲတော်တွင် မြင်တွေ့နိုင်သည်။ ဗန္ဓုလဓားနှင့် ဦးထုပ်များကို အိုးပုတ်ပွဲတော်တွင် ရောင်းချရန် ဈေးသည်များသည် ၂ လကျော်၊ ၃ လလောက်ကတည်းက ကြိုတင်ပြင်ဆင်ရပြီး ဓားရိုး၊ ဓားသွား၊ ဓားအိမ်လုပ်ရန် ဝါးများရှာဖွေဝယ်ယူထားရသည်။ ဦးထုပ်ပုံလောင်းရန် သတင်းစာစက္ကူများကို ပုလင်းဝင်းရပ် စက္ကူအဟောင်းဆိုင်များမှ ဝယ်ယူထားရသည်။[၃]

မုန့်ရေပါး၊ မုန့်ဆီကြော်၊ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်ပေါင်းစသော မြန်မာမုန့်မျိုးစုံကို အိုးပုတ်ဈေးတန်းတွင် ဝယ်စားနိုင်သည်။ အိုးပုတ်ပွဲတော်တွင် ကောက်ညင်းဆန်မှုန့်၊ ငချိတ်ကောက်ညင်းမှုန့်တို့ဖြင့် စီးပိုင်နေအောင်ပြုလုပ်ထားသော မုန့်ခေါပြင်ကိုလည်း ဝယ်ယူစားသုံးနိုင်သည်။

ဓလေ့[ပြင်ဆင်ရန်]

အိုးပုတ်ပွဲတော်တွင် လည်ပတ်ရင်း ဗိုက်ဆာလာပါက မိမိဆွေမျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိုးပုတ်ပွဲဈေးခင်းရာ လမ်းတစ်လျှောက်ရှိ အိမ်များမှ မုန့်ဖိတ်ကျွေးလာလျှင် ဝင်စားနိုင်ခြင်းသည်။ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ငှက်ပျောပေါင်း၊ ဆနွင်းမကင်း၊ ကျောက်ကျော၊ ပူတင်း စသဖြင့် တစ်အိမ်နှင့်တစ်အိမ်မထပ်ရအောင် အမျိုးမျိုး ချက်ပြုတ်စီမံထားတတ်ကြပြီး လမ်းသွားလမ်းလာများကို ချိုသာရွှင်ပြုံးစွာ ဧည့်ခံကျွေးမွေးလေ့ရှိကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. နတ်မောက်ထွန်းရှိန်။ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ ၁၀ ဩဂုတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. မန္တလေးနေ့စဉ်၊ ၁၄.၈.၂၀၁၈၊ စာ-စာ-၁၇
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ယဉ်ယဉ်နှောင်း (၂၅ ဩဂုတ် ၂၀၁၅)။ အိုးပုတ်ပွဲတော်။ 31 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. ညီညီဇော် (၂၉ ဇူလိုင် ၂၀၁၆)။ အိုးပုတ်ရာသီ။ ၇ ရက်သတင်းဂျာနယ်။ 1 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။