အာရိယန်လူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အာရိယန်တို့သည် ကမ္ဘာဦးလူမျိုးကြီးတစ်မျိုး ဖြစ်သည်။ အသားဖြူ၊ အသားဝါ၊ အသား မည်းဟူ၍ ရှိသည့်အနက် အာရိယန်တို့သည် အသာဖြူလူမျိုး တစ်မျိုးဖြစ်သည်။ အခြား အသားဖြူ လူမျိုးကြီး နှစ်မျိုးမှာ ဟမ်းမိုက်လူမျိုးနှင့် ဆီးမိုက်လူမျိုးတို့ ဖြစ်ကြသည်။ အာရိယန်တို့ကို အင်ဒို-ဥရောပလူမျိုး၊ သို့မဟုတ် အင်ဒို-ဂျာမန်လူမျိုးဟုလည်း ခေါ်သည်။ ကမ္ဘာဦး လူမျိုးတို့သည် အာရှတိုက်၌ စတင်ပေါက်ပွားခဲ့ကြသည်သာ ဖြစ်ပေရာ လူဖြူလူမျိုးတို့၏ မူလဌာနေသည်လည်း အာရှတိုက် ဖြစ်ပေသည်။ အာရိယန်တို့ သည် အာရှတိုက်အလယ်ပိုင်း ကက်စပျန်ပင်လယ်၏ အရှေ့ဘက် ဟိန္ဒူကတ်ရှတောင်တန်းနှင့် ပါရိုပါမိုင်း ဆတ် တောင်တန်းတို့၏ မြောက်ဘက်ဒေသများ၌ နေထိုင်ခဲ့ကြသည်။


အာရိယန် လူမျိုးတစ်စုတစ်စုတွင် အကြီးအကဲတစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲ၏ အဆက်အနွယ်များသာလျှင် အကြီးအကဲ၏ ရာထူးကို ဆက်ခံရသည်။ အာရိယန်တို့ ပြောဆို သုံးနှုန်းသော ဘာသာစကားသည် သက္ကတ ဘာသာစကား ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လာသောအခါ လူဦးရေ တိုးပွားလာသဖြင့် အနေအထိုင် ကြပ်တည်း ကျဉ်းမြောင်းလာသည်။ စားနပ်ရိက္ခာရှာဖွေရန် မလွယ်ကူဖြစ်လာသည်။ ထို့ကြောင့် မိမိတို့၏ ဇာတိဌာနေကို စွန့်ခွာ၍ ရေကြည်ရာမျက်နုရာသို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသည်။ ထိုအချိန်၌ အာရိယန်တို့တွင် ကျွဲ၊ နွားများ ရှိပေရာ အိမ်ထောင်ပစ္စည်း များကို လှည်းကြမ်းကြီးများတွင် တင်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကြသည်။ စခန်းချရန် သင့်တင့်လျောက်ပတ်သော အရပ်သို့ရောက်လျှင် သစ်ခက်များကို ကပ်များပြုလုပ်၍ ရွှံ့ဖြင့်မံပြီးလျှင် ယာယီတဲထိုးကာ နေထိုင်ကြသည်။ နွားဖြင့် မြေကိုထွန်ယက်ကာ စားသောက်ရန် ဂျုံများကို ရိတ်သိမ်းပြီးသောအခါ တစ်နေရာသို့ ပြောင်းကြ ပြန်သည်။ ယင်းသို့ ရွှေ့ယင်းပြောင်း ယင်းနှင့်ပင် သံများကို တွေ့ရှိ၍ ပစ္စည်းအသုံးအဆောင် အမျိုးမျိုးပြုလုပ် အသုံးချတတ်လာကြသည်။ မြင်းများကိုလည်း ဖမ်းယူ အသုံးပြုလာလေသည်။ မူလဒေသမှ ရေကြည်ရာမျက်နှုရာသို့ ရွှေ့ကြပြောင်းကြသော အာရိယန်တို့သည် အုပ်စုနှစ်စု ကွဲသွားသည်။ တစ်စုသည် ဥရောပတိုက်ဘက်သို့ ရောက်သွား၍ ကျန်အုပ်စုသည် ယခု ကမ္ဘာ့အလယ်ပိုင်းနိုင်ငံများသို့ ရောက်ကြသည်။ အနောက် ဘက်သို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသော အာရိယန်တို့သည် ဥရောပ တိုက်အတွင်း အရပ်ရပ်သို့ ပျံနှံ့သွားကြသည်။


ပထမအသုတ်သည် ဥရောပတိုက် နေရာဒေသ များစွာတို့၌ လွှမ်းမိုးခဲ့ကြသော ကဲ့လူမျိုးများဖြစ်လာကြသည်။ နောက်ခေတ်များတွင် တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်း လာကြသူများသည် အီတာလျံလူမျိုး၊ ဂရိတ်လူမျိုးနှင့် တျူးတိုးလူမျိုးများ၏ ဘိုးဘေးဘီဘင်များ ဖြစ်ကြသည်။ ကက်စပျန်ပင်လယ်၏ မြောက်ဘက်လမ်းကြောင်းအတိုင်းလိုက်၍ ရွှေ့ပြောင်းလာကြသူများ၏ အဆက်အနွယ်များသည် ယခု ဆလဗ်ဘာသာ စကားပြော လူမျိုးများပေတည်း။ တောင်ဘက်သို့ ရွှေ့ပြောင်းကြသော အာရိယန်တို့သည် အိန္ဒိယကျွန်းဆွယ်အထိ ရောက်သည်။ အချို့သည် ယခု ပါးရှားနိုင်ငံဖြစ်လသည့် ဒေသ၌ အခြေစိုက်ကြရာ ရှေးခေတ်သမိုင်းများ၌ ပါဝင်သော မိဒလူမျိုးနှင့် ပါးရှင်းလူမျိုးတို့သည် ယင်းအာရိယန်တို့မှ ဆင်းသက်ဆက်နွယ်လာသည်၊ အိန္ဒိယ ကျွန်းဆွယ်ဘက်သို့ ရွှေ့ကြ သူများသည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းတို့၌ လွှမ်းမိုးကြီးစိုးခဲ့ကြလေသည်။ အိန္ဒိယကျွန်းဆွယ်ဘက်သို့ ရွှေ့လာကြသူများသည် ဘီစီ ၁၅ဝဝ ခန့်တွင် တောင်ကြားလမ်းများကို ဖြတ်ကျော်လျက် အိန္ဒိယနိုင်ငံအတွင်းသို့ ရောက်မှန်းမသိ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ အိန္ဒုမြစ်ကြီးနှင့် မြစ်ကြီးငါးသွယ်ကို ယင်းတို့တွေ့ရှိကြရသည့်အပြင် တိုင်းရင်းသား အာဗီးဒီးယန်းတို့သည် အခြေတကျ မြို့ပြ တည်ထောင်နေထိုင်ကြသည်ကို တွေ့ကြရသည်။ ထိုအခါ အာရိယန်တို့သည်လည်း ထိုဒေသ၌ လယ်ယာ စိုက်ပျိုး၍ အခြေစိုက်နေထိုင်ကြရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။ ထိုအပြင် ဒြာဗီးဒီးယန်းတို့ကဲ့သို့ မြို့ပြ တည်ထောင်နေလိုကြသည်။ အားဗီးဒီးယန်းတို့ကလည်း အိန္ဒုမြစ်ဝှမ်းသို့ ကျူးကျော်ဝင်ရောက်လာသူများအား မလိုလားကြပေ။ ထိုကြောင့် ဒြာဗီးဒီးယန်းနှင့် အာရိယန်တို့သည် နေရာထိုင်ခင်းအတွက် စစ်ပြိုင်ကြသည်။ ဒြာဗီးဒီးယန်းတို့သည် အာရိယန်တို့ထက် နေထိုင်မှု အဆင့်အတန်း မြင့်သော်ငြားလည်း တိုက်ခိုက်ရေး၌မူ အာရိယန်တို့ကို အရှုံးပေးရသည်။ အာရိယန်တို့သည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းလှုပ်ရှား နေထိုင်ခဲ့ကြသဖြင့် လျင်မြန်ဖြတ်လတ်သည်။ မြင်းနှင့်လှည်းများ ရှိသဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်ကြသည်။ ထိုကြောင့် ဒြာဗီးဒီးယန်းတို့ အရေးနိမ့်ကာ ဂင်္ဂါမြစ်ဝှမ်းသို့ ရွှေ့ပြေင်းကြရာ အာရိယန်တို့ကလည်း ထိုအထိ လိုက်၍ တိုက် ကြပြန်သည်။ ဒြာဗီးဒီးယန်းတို့သည် ဟိမဝန္တာတောင်ခြေရင်းသို့ လည်းကောင်း၊ အိန္ဒိယတောင်ဘက်ပိုင်း ကုန်းပြင်မြင့်ဒေသသို့ လည်းကောင်း ပြေးကြပြန်ပြီးလျှင် မြို့ပြဖြင့်နေခဲ့ကြသော ဘဝမှ ရွာသိမ် ရွာငယ်များဖြင့် နေကြရသောဘဝသို့ ဆင်းသက်သွား ကြရသည်။ အိန္ဒုမြစ်ဝှမ်းမှ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား သော အဟိန္ဒောဇရောနှင့် ဟာရပ္ပမြို့ကြီးတို့သည် အာရိယန်တို့ ဝင်ရောက်လာစဉ်က ပျက်သုဉ်းခဲ့ သည်ဟု အချို့က ယူဆကြ သည်။ အာရိယန်တို့သည် အိန္ဒူမြစ်နှင့် ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ဖြစ်သော ဟိန္ဒူစတန်လွင်ပြင်ကြီးတွင် မြို့ပြ တည်ထောင်နေထိုင်ကြသည်။ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြ သည်။ လက်ရဖမ်းမိသော ဒြာဗီးဒီးယန်းများကို ကျွန်ပြုကြ သည်။ အာရိယန်တို့သည် အိန္ဒိယမြောက်ပိုင်း တစ်ခွင် တစ်ပြင် တွင် အုပ်စိုးလွှမ်းမိုးကာ အိန္ဒိယခေတ်သစ်ကို ထူထောင်ကြ လေသည်။


အာရိယန်တို့သည် အခြေတကျ နေထိုင်ကြသောအခါ သစ်သားအိမ်ကို ဆောက်လုပ် နေထိုင်ကြသည်။ အိမ်၏ အလယ်၌ ခန်းမကြီးတစ်ခုပါရှိသည်။ ညဉ့်အခါ အကြီးအကဲ မိသားစုသည် ကွပ်ပျစ်ပေါ်၌ အိပ်ကြ၍ ကျန်လူများကမူ ကြမ်း ပေါ်၌ သင့်သလို အိပ်ကြရသည်။ အိမ်၏ဘေးပတ်ဝန်းကျင်၌ နွားတင်းကုပ်များ၊ မြင်း ဇောင်းများကို ဆောက်လုပ်ကြသည်။ ညဉ့်ဦးယံအခါ အာရိယန်တို့သည် အိမ်ခန်းမကြီး၌ သောက် စားပျော်ပါး ကခုန်မြူးတူးကြသည်။ ထိုစဉ်က အာရိယန်တို့ သည် စာမတတ်ကြချေ။ သို့သော် ရှေးဟောင်းနှောင်းဖြစ်များ၊ ပုံတိုပတ်စများ၊ ရှေးသူရဲကောင်း ကြီးများ၏ အတ္ထုပ္ပတ္တိများကို လက်တန်းစပ်ဆိုနိုင်ကြသော စာဆိုများရှိသည်။ ပျော်ပွဲကျင်းပ သော ညဉ့်အခါ၌ အကြီးအကဲ၏ အိမ်ခန်းမကြီး၌ စုဝေးဝိုင်းဖွဲ့ ကြပြီးလျှင် စာဆိုများက မိမိတို့စပ်ဆိုသီကုံးထားသော သီချင်း ကဗျာများကို ရွတ်ဆိုပြသည်။ နားထောင်သူများကလည်း နှစ်သက်ကြည်နူးစွာဖြင့် နှုတ်တက်ကျက်မှတ်ကာ လိုက်၍ သီဆိုကြသည်။ ထိုနည်းအားဖြင့် အာရိယန်တို့၏ နှုတ်ဖျား၌ အဆင့်ဆင့် မပျောက်မပျက် တည်ရှိခဲ့ လေသည်။


အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းသို့ရောက်စက မြောက်ဘက် တစ်လွှား၌ မှိုင်းမှိုင်းညို့ညို့ ဆီးနှင်းတဝေဝေ ဖြင့်ရှိနေသော ဟိမန္တာတောင်တန်းကြီးကို တွေ့မြင်ရသောအခါ တန်ခိုးရှင်ဒေဝ များ နေထိုင်သော နတ်ဘုံ နတ်နန်း များရှိရာအရပ်ဟု ယူမှတ် ကြသည်။ အာရိယန်တို့သည် ထိုစဉ်က ဒေဝများကို ကိုးကွယ် ကြသည်။ ဒေဝများသည် ကိုယ်ရောင်ကိုယ်ဝါ ထွန်းတောက်သူ များဟု အာရိယန်တို့က ယူဆကြသောကြောင့် ယင်းတို့၏ သက္ကတဘာသာဖြင့် ဒေဝဟု ယူဆကြသော နတ်များကို ကိုးကွယ်ကြသည်။ အချိန်မှန် ရွာသွန်းသောမိုးကို ဣန္ဒခေါ် နတ်အဖြစ်လည်းကောင်း၊ မီးကိုလည်း အဂိခေါ် နတ်အဖြစ် လည်းကောင်း၊ လေကိုမရုတ်ခေါ်နတ် အဖြစ်လည်းကောင်း၊ နေကို သူရိယခေါ် နတ်အဖြစ်လည်းကောင်း ခေါ်ဝေါ်ကာ ဆည်းကပ်ပူဇော်ကြသည်။ ယင်းသို့ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းသော ဒေဝများကို ကိုးကွယ်ကြရာတွင် ကောင်းကင်၌ ဒေဝ ၁၁ဆူ၊ ကောင်းကင်နှင့် မြေအကြား၌ ဒေဝ ၁၁ ဆူ၊ မြေပြင်၌ ၁၁ ဆူ၊ ပေါင်း ဒေဝ ၃၃ ဆူဟူ၍တည်း။ အိန္ဒိယ မြောက်ပိုင်း၌ အနေကြာသောအခါ ဒြာဗီးဒီးယန်းတို့ ကိုးကွယ် သည့် နဂါး၊ ဂဠုန်၊ တောစောင့်နတ်၊ တောင်စောင်နတ်များကို လည်း ကိုးကွယ်လာ ကြလေသည်။


မိမိတို့ကိုးကွယ်သော ဒေဝများကို အာရိယန်တို့သည် ပန်းသစ်သီးစသော လှူဖွယ်ဝတ္ထုတို့ဖြင့်လည်း ပူဇော်သည်။ သာယာချေငံသော စကားလုံးတို့ဖြင့် ကဗျာလင်္ကာဖွဲ့နွဲ့ပြီးလျှင် အသံနေအသံထားဖြင့် လျှောက်ထား ရွတ်ဆို ပူဇော်ခြင်းလည်း ပြုကြ၏။ ယင်းသို့ ရွတ်ဆိုပူဇော်သော ကဗျာ လင်္ကာစုများကို ဗေဒဟုခေါ်သည်။ ထိုစဉ်က ဗေဒသုံးပုံရှိရာ ဣရှုဗေဒ၊ သာမဗေဒ၊ ယဇုဗေဒဟူ၍တည်း။ ဣရှုဗေဒတွင် အာရိယန် တို့သည် အိန္ဒု မြစ်ဝှမ်းသို့ မည်သို့ရောက်ရှိပုံ၊ လူမည်းများနှင့် တိုက်ခိုက်ရပုံစသည်တို့ကို စပ်ဆိုထားသည်။ သာမဗေဒတွင် မိမိတို့မူလဌာနေ၌ နေစဉ်ကပင် သောက်သုံးခဲ့သော သေရည် ဖြင့် သာမဒေဝကို ပူဇော်ရာ၌ ရွတ်ဆိုသော ကဗျာစု ပါဝင် သည်။ ယဇုဗေဒကား ယဇ်ပူဇော်ပုံ အခမ်းအနားကို ကဗျာစုနှင့် စကားပြေ တွဲဘက် လျှောက်ထားချက်ဖြစ်သည်။ စင်စစ် သာမဗေဒနှင့် ယဇုဗေဒတို့သည် ဣရှုဗေဒမှဆိုင်ရာဆိုင်ရာ ကဗျာစုတို့ကို ထုတ်နုတ်ထားခြင်းများသာလျှင် ဖြစ်ကြပေသည်။ အာရိယန်တို့သည် မိမိတို့ပြောဆိုသော သက္ကတဘာသာ စကားကို ပိုမိုကောင်းမွန်၍ ပိုမိုကြွယ်ဝအောင် တိုးတက်ပြုပြင် ကြသည်။ စာရေးနည်းကိုလည်း ထွင်ကြသည်။ စာရေးနည်းထွင် ကြပြီးသော် ယခင်က နှုတ်တက်ရွတ်ဆိုခဲ့သော ဗေဒသုံးပုံတို့ကို ကျမ်းများအဖြစ် ပြုစုကြသည်။ ဣရှုဗေဒတွင် အိန္ဒုမြစ်ဝှမ်း မရောက်မီက စပ်ဆိုခဲ့သော ကဗျာစုနှင့် အိန္ဒုမြစ်ဝှမ်းရောက် ပြီးနောက် စပ်ဆိုသောကဗျာစုများ ပါဝင်ရာ ဣရှုဗေဒ၌ နောက်ထပ်ဖြည့်သွင်းသော ကဗျာစုနှင့် အသစ်စပ်ဆိုသော ကဗျာစုတို့ကို ထုတ်နုတ်၍ အာထဗ္ဗနဗေဒဟု အမည်တတ် လေသည်။ ယဇ်ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ရိုးရိုးစကားပြေဖြင့် ဖော်ပြချက်များကို စုပေါင်းကာ ဗြဟ္မဏကျမ်းများအဖြစ် ပြုစုသည်။ အာရိယန်တို့သည် ဓလေ့ထုံးစံနှင့် ကျင့်ဝတ်တရား တို့ကိုလည်း သုတ္တကျမ်းများ၌ ဖော်ပြသည်။ အာရိယန်တို့သည် စဉ်းစားဉာာဏ် ပိုမိုကျယ်ဝန်း၍ ရင့်သန်လာကြသဖြင့် နက်နဲ ကြီးကျယ်သော ကျမ်းကြီးကျမ်းခိုင်များကိုလည်း ပြုစုကြရာ ယင်းတို့မှာ ကိုယ်ခန္ဓာအကြောင်းကို ဖော်ပြသော ဥပနိသျှကျမ်း၊ ရှေးသူတော်ကောင်းတို့ လေ့ကျင့်သော တရားတို့ကို ဖော်ပြ သည့် ပူရာဏ်ကျမ်း၊ နက္ခတ်တာရာ အကြောင်းကိုပြုစုသည့် အာကာသသျှတ္တရကျမ်းနှင့် ခန္ဓာကိုယ် အခွဲအစိတ်ပညာဆိုင်ရာ ကျမ်း၊ ဆေးကျမ်း စသည်တို့ ဖြစ်ကြလေသည်။ ရှေးအာရိယန်တို့တွင် အုပ်စုတစ်စု၌ အုပ်ချုပ်သူအကြီးအကဲ တစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲသည် ရွာကိုလည်း အုပ်ချုပ် သည်။ လယ်ယာများကိုလည်း ရွာသားများနှင့်အတူ ထွန်ယက် စိုက်ပျိုးသည်။ ယဇ်နတ်များကို လည်း ကိုယ်တိုင်ပူဇော်သည်။ မြို့ကြီးပြကြီးများ၌ နေထိုင်လာကြသောအခါ ထိုအကြီးအကဲ များသည် ဘုရင်စိုးမင်း ဖြစ်လာကြသည်။ ထိုအခါ ဘုရင်များ သည် ဆောင်ရွက်ရန် တာဝန်ဝတ်တရားများပြားလာသဖြင့် လယ်ထွန်ခြင်း၊ ယဇ်ပူဇော်ခြင်းများကို ကိုယ်တိုင် မပြုလုပ်နိုင် တော့ချေ။ ထိုကြောင့် စာဆိုများ၊ ဗေဒကျမ်း တတ်ကျွမ်းသူများ ကို ယဇ်ပူဇော်ပေးရန် ရွေးချယ်ရသည်။ လယ်ယာများကို ထွန် ယက်စိုက်ပျိုးသူများ ထားရသည်။ စစ်ပွဲများ၌ ဖမ်းဆီးရခဲ့သော လူမည်းများကို ကျွန်ပြုရသည်။ ယင်းတို့ဖြင့် အာရိယန် လူမျိုးတို့တွင်

  • ခတ္တိယရှင်ဘုရင်မျိုး၊
  • ဗြာဟ္မဏပညာရှိမျိုး၊
  • ဝေဿလယ်သမားမျိုး၊
  • သုဒ္ဒကျွန်မျိုး ဟူ၍ အမျိုးလေးပါး ကွဲပြားလာသည်။ ထိုသို့ အမျိုးလေးပါးကွဲပြားခြင်းကို ဇာတ်ဟုခေါ်

သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လေသော် အလုပ်အကိုင် အမျိုးအမည်တို့လည်း တိုးပွားလာ၍ အလုပ်အကိုင်ကိုလိုက်၍ ဇာတ် အမျိုးမျိုး ကွဲပြားလာကာ ဇာတ်နိမ့်၊ ဇာတ်မြင့် စသည်ဖြင့် လူတန်းစားခွဲခြားခြင်းများလည်း ရှိလာခဲ့လေသည်။


အာရိယန်တို့၏ အရှိန်အဝါသည် အိန္ဒိယ လွင်ပြင်ကြီး တစ်လျှောက်၌ ပျံ့နှံ့လွှမ်းမိုးခဲ့သော်လည်း တောင်ဘက်သို့ကား ကောင်းစွာ မပျံ့နှံ့ မထိုးဖောက်နိုင်ခဲ့ချေ။ တဖြည်းဖြည်း တစ်စ တစ်စဖြင့် အာရိယန် တို့သည် တိုင်းရင်းသားများနှင့် လူမျိုး ချင်းရောရှက်ကာ အာရိယန်လူမျိုးစစ်စစ်သည် တဖြည်းဖြည်း တိမ်ကော ပပျောက်ခဲ့လေသည်။ သို့သော် အာရိယန်တို့၏ ဘာသာစကားဖြစ်သော သက္ကတဘာသာစကားဖြင့် ရှေးဟောင်း စာပေ ကျမ်းဂန်များစွာတို့ကို မှတ်တမ်းတင်ထားခဲ့သဖြင့် ထို ဘာသာစကားသည် ယခုတိုင် မတိမ်မြှုပ် မပျောက်ကွယ်ခဲ့သေး ပေ။ ယင်းသည် အရေးပါသော ကမ္ဘာ့မူလဘာသာစကားကြီး တစ်ရပ်လည်း ဖြစ်ခဲ့၍ ကမ္ဘာ့ဘာသာစကားများကို ဆန်းစစ် လေ့လာခြင်းအားဖြင့် ယင်းဘာသာစကားကို ပြောဆိုခဲ့သော ရှေးအာရိယန်လူမျိုးများအကြောင်း၊ ယင်းလူမျိုးများ ပျံ့နှံ့ခဲ့ပုံ၊ ယင်းတို့မှ ဆင်းသက်ဆက်နွှယ် ပေါက်ဖွားခဲ့သော လူမျိုးများ အကြောင်း စသည်တို့ကို လေ့လာ သိရှိနိုင်ခဲ့ကြလေသည်။ ( ဘာသာစကားရပ်ပညာ)

( သက္ကတနှင့် ပါဠိဘာသာ။)

အာရိယန်ဟူသောအမည်ကို အိန္ဒိယကျွန်းဆွယ်သို့ ရောက်သူ များက ခံယူခဲ့ကြသည်။ သက္ကတဘာသာ စကားဖြင့် အာရိယန် ၏ အဓိပ္ပါယ်သည် မြင့်မြတ်သောဟူ၍လည်းကောင်း၊ ကောင်းမြတ်သောဟူ၍ လည်းကောင်း ရေမြေ့သခင် ဟူ၍လည်းကောင်း အဓိပ္ပါယ်ရပေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ဂျာမနီနိုင်ငံ၏ အာဏာရှင် အဲဒေါ့ ဟစ်တလာက ဂျာမန်လူမျိုးများသည် မြင့်မြတ်သော အာရိယန်လူမျိုးများ၏ အဆက်အနွယ်များဟုဆိုလျက် ဂျာမန် တစ်မျိုးသားလုံးကို စည်းရုံးပြီးလျှင် အာရိယန် အဆက်အနွယ် မဟုတ်သော ယဟူဒီလူမျိုးများကို တိုက်ခိုက် သုတ်သင်ခဲ့သည်။ စင်စစ် ဥရောပတိုက်သားများအနက် ဂျာမန် တစ်ဦးတည်းသာ လျှင် အာရိယန်တို့၏ အဆက်အနွယ်များမဟုတ်ဘဲ အခြား ဥရောပလူမျိုးများလည်း ရှိသေးကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့ ပြီးလေပြီ။ ရှေးဟိန္ဒူတို့၏ ဗြဟ္မဏကျမ်းများတွင်လည်း ဟိန္ဒူ တို့က မိမိတို့သည် အရိယာ၊ သို့မဟုတ် မြင့်မြတ်သော အမျိုး အနွယ်များဟူ၍ သုံးနှုန်းဖော်ပြထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)