အလွန်ထိရောက်စွမ်းဆောင်နိုင်သူများ၏ အလေ့အကျင့်ကောင်း ၇-ခု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အလွန်ထိရောက်စွမ်းဆောင်နိုင်သူများ၏ အလေ့အကျင့်ကောင်း ၇-ခု
စာရေးသူစတီဗဲ(န်)ကားဗွီး(Steven Covey)
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အကြောင်းအရာတက်ကျမ်း/လုပ်ငန်းအဖွဲ့အစည်းအကြံပေး
အမျိုးအစားသုတစာပေ
ထုတ်ဝေသူဖရီးပရက်စ်(Free Press)
ထုတ်ဝေသည့်ရက်
၁၉၈၉
မီဒီယာ အမျိုးအစားစာအုပ်(အဖုံးမာ၊ အဖုံးပျော့)၊ အီး-စာအုပ်၊ အသံထွက်စာအုပ်
စာမျက်နှာ၃၈၁
ISBN0-7432-6951-9
OCLC56413718
158 22
LC ClassBF637.S8 C68 2004
နောက်ထွက်စာအုပ်The 8th Habit: From Effectiveness to Greatness

အလွန်ထိရောက်စွမ်းဆောင်နိုင်သူများ၏ အလေ့အကျင့်ကောင်း ၇-ခု(The 7 Habits of Highly Effective People)ကို ၁၉၈၉-ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည်။ စတီဗဲ(န်)ကားဗွီး(Steven Covey)က ရေးသားသော စီးပွားလုပ်ငန်းလမ်းပြနှင့် ကိုယ့်အားကိုယ်ကိုးတိုးတက်အောင်လုပ်ဆောင်မှုကို ပံ့ပိုးသော စာအုပ်ဖြစ်သည်။[၁] ကားဗွီးက ဤစာအုပ်တွင် ရည်မှန်းချက်ပန်းတိုင်များသို့ရောက်ရှိရန် ထိရောက်သော လုပ်နည်းကိုင်နည်းများကို တင်ပြသည်။ အဆိုပါ လုပ်နည်းကိုင်နည်းများသည် စရိုက်တွင်အခြေခံသောကိုယ်ကျင့်သိက္ခာရှိမှု(character ethic) အပေါ်မူတည်သည့် ဓမ္မဓိဋ္ဌာန်ကျသောနိယာမများနှင့် ကိုယ့်ကိုယ်ကိုယ်ကိုချိန်ညှိလုပ်ကိုင်ခြင်းများဟု ဆိုခဲ့သည်။ မည်သည့်နေရာတွင်မဆို မည်သည့်ကာလတွင်မဆို အသုံးဝင်သော ဓမ္မဓိဋ္ဌာန်ကျသောနိယာမများဖြစ်သည်ဟုလည်း ရေးသားခဲ့သည်။

ထိရောက်စွာစွမ်းဆောင်မှုဆိုသည်မှာ မိမိပိုင်ဆိုင်လိုသော အကျိုးရလဒ်များကို ရရှိအောင် ကြိုးစားခြင်းနှင့် ထိုရလဒ်များ ဖြစ်ပေါ်စေသည့်အရာများကို ဂရုတစိုက်ရှိခြင်းနှစ်ခုကို အညီအမျှ အလေးထားခြင်း ဖြစ်သည်ဟု ကားဗွီးက အဓိပ္ပါယ်သတ်မှတ်သည်။ သူက အဆိုပါအချက်ကို ရွှေဥဥသောငန်းပုံပြင်နှင့် ဥပမာပေး သရုပ်ဖော်ယှဉ်ပြသည်။ သူကထပ်လောင်းပြောကြားသည်မှာ ထိရောက်စွာစွမ်းဆောင်မှုကို ပီ/ပီစီ အချိုး (P/PC ratio)ဖြစ် ဖေါ်ပြနိုင်သည်။ ဤသို့ ဖေါ်ပြရာတွင် ပီ ဆိုသည်မှာ မိမိပိုင်ဆိုင်လိုသော အကျိုးရလဒ်များကို ရရှိအောင် ကြိုးစားခြင်း (အင်္ဂလိပ် - Production စာလုံးမှ ဦးဆုံးအက္ခရာ P)ကို ဆိုလိုခြင်းဖြစ်ပြီး၊ ပီစီ ဆိုသည်မှာ ထိုရလဒ်များ ဖြစ်ပေါ်စေသည့်အရာများကို ဂရုတစိုက်ရှိခြင်း (အင်္ဂလိပ် - Production Capability စကားစုမှ P နှင့် C)ကို ဆိုလိုသည်။

ကားဗွီး၏ လူသိအများဆုံး ဤစာအုပ်ကို စတင်ထုတ်ဝေချိန်မှ စပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အုပ်ရေ ၂၅-သန်းထက်မနည်း ရောင်းခဲ့ရပြီးဖြစ်သည်။[၂] ဤစာအုပ်၏ အသံထွက်စာအုပ်(audiobook) အမျိုးအစားသည် အမေရိကန်ပုံနှိပ်ထုတ်ဝေခြင်း ရာဇဝင်၌ ပထမဆုံး အုပ်ရေတစ်သန်းကျော် ရောင်းရသော သုတစာပေအမျိုးအစား အသံထွက်စာအုပ်ဖြစ်ခဲ့သည်။[၃]

ကားဗွီးက လက်ရှိခေတ်ပေါ် တက်ကျမ်းများစွာတို့တွင် "ကိုယ်ရည်ကိုယ်သွေးကိုအခြေခံသောကိုယ်ကျင့်သိက္ခာရှိမှု" (personality ethic)ဟု သူခေါ်သော အပေါ်ရံပြောင်းလဲမှုများကို လုပ်ငန်းနှင့်ဘဝတိုးတက်မှုအတွက် အခြေခံအဖြစ် သာသာထိုးထိုးတင်ပြနေခြင်းကို ကန့်ကွက်ပြောဆိုသည်။ သူတွန်းပို့သည့် ဝါဒမှာ "စရိုက်တွင်အခြေခံသော ကိုယ်ကျင့်သိက္ခာရှိမှု" (character ethic)ဟု သူခေါ်သော မည်သည့်နေရာတွင်မဆို မည်သည့်ကာလတွင်မဆို အသုံးဝင်သော ဓမ္မဓိဋ္ဌာန်ကျသောနိယာမများကို မိမိ၏ တန်ဖိုးထားသည့် စံနှုန်းများဖြင့် ချိန်ညှိလုပ်ကိုင်ခြင်း ဖြစ်သည်။ ထိုသို့ တွန်းပို့ရာတွင် သူက နိယာမများနှင့် တန်ဖိုးစံနှုန်းများကို တမင်တကာနှင့် မှတ်မှတ်ရရ ခွဲခြားရှင်းပြသည်။ နိယာမများသည် ပြင်ပတွင်ရှိသော သဘာဝဥပဒေသများဖြစ်ပြီး၊ တန်ဖိုးစံနှုန်းများသည် အတွင်းမှဖြစ်သော ခံစားချက်ပေါ်မူတည်သည်ဟု သူက အမြင်ရှိသည်။ ကျနော်တို့၏ တန်ဖိုးစံနှုန်းများသည် ကျနော်တို့၏ အမူအကျင့်တို့ ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် လွှမ်းမိုးမှုရှိသော်လည်း၊ ပြင်ပနိယာမများကသာ နောက်ဆုံး အကျိုးရလဒ်များ မည်သို့ဖြစ်ပေါ်သည်ကို ဆုံးဖြတ်ပေးသည်ဟု သူကဆိုသည်။ ကားဗွီးက သူ၏ဝါဒကို အလေ့အကျင့်အဆင့်ဆင့် ပြောင်းလဲတိုးတက်သွားမှုအဖြစ် ဖေါ်ပြသည်။ မှီခိုခြင်း (dependence)မှသည် အမှီအခိုကင်းခြင်း (independence)သို့ အရင်တိုးတက်ပြောင်းလဲပြီးမှ၊ နောက်ဆုံး အညမညအထောက်အကူပြုခြင်း (interdependence) အဆင့်သို့ အလေ့အကျင့်တို့ကို မြှင့်တင်သွားခြင်းကို ဆိုလိုသည်။

အလေ့အကျင့်ကောင်း ၇-ခု[ပြင်ဆင်ရန်]

ကားဗွီးက အမြင်ရှုထောင့်ပြောင်းလဲခြင်း(paradigm shift) သဘောတရားကို မိတ်ဆက်ခြင်းဖြင့် စာအုပ်ကို စတင်ခဲ့သည်။ လူနှစ်ယောက်အား တူညီသောအရာတစ်ခုကို တစ်ပြိုင်တည်းပြသသော်လည်း ထိုလူနှစ်ယောက်၏ ဤအရာအပေါ် အမြင်ရှုထောင့် လုံးဝကွဲပြားခြားနားနေနိုင်သည်ကို စာဖတ်သူအား ရှင်းပြခဲ့သည်။ ဤအချက်ကို ကားဗွီးက အမေရိကန် ကာတွန်းဆရာ ဝီလီယံ အယ်လီ ဟစ်လ်၏ "My Wife and My Mother-in-Law"ဟုခေါ်သော ကာတွန်းပုံကို သုံး၍ရှင်းပြခဲ့သည်။[၄]

၁၉၁၅-ခုနှစ်မှ "My Wife and My Mother-in-Law"ကာတွန်းပုံ

ကားဗွီးက ရင့်ကျက်လာမှုအစဉ်အဆက်(Maturity Continuum)ကို လည်း ထပ်ပြီးမိတ်ဆက်ရှင်းပြသည်။ မှီခိုခြင်း (dependence)၊ အမှီအခိုကင်းခြင်း (independence)၊ အညမညအထောက်အကူပြုခြင်း (interdependence)ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုရင့်ကျက်လာမှုကို သုံးဆင့်ခွဲနိုင်သည်ဟု ဆိုလိုသည်။

ကားဗွီးက ဤအဆင့်သုံးဆင့်ကို သူ၏ စာအုပ်အတွင်း၌ ဤသို့ ရှင်းပြသည်။[၅]

"မှီခိုခြင်း"သည် သင်(you)ကို ဦးတည်သော အမြင်ရှုထောင့်ဖြစ်သည်။ --"သင် က ငါ့ ကို ဂရုစိုက်ရမည်။ သင် က ငါ့ ကို ခက်ခဲတဲ့ အခြေအနေတွေမှာ ထောက်ပံ့ရမည်။ သင် ငါ လိုအပ်သော အရာများကို မလုပ်ပေး။ ငါ ဒီလို မကောင်းကျိုးရတာတွေဟာ သင့် ကြောင့် ဖြစ်တယ်။"

"အမှီအခိုကင်းခြင်း"သည် ငါ(I)ကို ဦးတည်သော အမြင်ရှုထောင့်ဖြစ်သည်။ --"ငါလုပ်နိုင်တယ်။ ငါ့မှာ တာဝန်ရှိတယ်။ ငါကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တယ်။ ငါကြိုက်တာရွေးနိုင်တယ်။"

"အညမညအထောက်အကူပြုခြင်း"သည် ငါတို့(we)ကို ဦးတည်သော အမြင်ရှုထောင့်ဖြစ်သည်။ --"ငါတို့လုပ်နိုင်တယ်။ ငါတို့ပူပေါင်းလုပ်ဆောင်နိုင်တယ်။ ငါတို့ရဲ့ ပင်ကိုစွမ်းရည်နဲ့ အရည်အချင်းတွေကို ပေါင်းပြီး ပိုပြီးကြီးမားတဲ့ ရလဒ်ကို ငါတို့ဖန်တီးနိုင်တယ်။"

ပထမ အလေ့အကျင့် ၃-ခုသည် အမှီအခိုကင်းခြင်း (independence)ကို ရရှိစေရန် ရည်ရွယ်သည်။ နောက်ထပ် အလေ့အကျင့် ၃-ခုမှာ အညမညအထောက်အကူပြုခြင်း(interdependence) ရရှိစေရန်ရည်ရွယ်သည်။ နောက်ဆုံး ခုနစ်ခုမြောက် အလေ့အကျင့်မှာ ထိုသို့ရရှိထားသော အောင်မြင်မှုများကို ထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်သည်။ အလေ့အကျင့်တစ်ခုစီကို စာအုပ်အတွင်း၌ တစ်ခန်းစီပေး၍ ရှင်းပြထားသည်။

အမှီအခိုကင်းခြင်း[ပြင်ဆင်ရန်]

ပထမ အလေ့အကျင့် ၃-ခုသည် မှီခိုခြင်း (dependence)မှသည် အမှီအခိုကင်းခြင်း (independence)သို့ တိုးတက်ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည်။

၁။ ကိုယ်ကိုယ်ကိုယ်တာဝန်ယူလုပ်ကိုင်မှု(proactivity) ရှိပါစေ။

ဤအလေ့အကျင့်အတွက် ကားဗွီးက မစဉ်းမစားတုံ့ပြန်ခြင်းနှင့် တွေးဆပြီး စနစ်တကျ

တုံ့ပြန်ခြင်းတို့ ကွဲပြားပုံ၊ ကိုယ်ကိုယ်ကိုယ် တာဝန်ယူလုပ်ကိုင်မှုပုံစံ(Proactive Model) ကို ဗစ်တာဖရန်းကယ်လ်(Viktor Frankl)၏ လှုပ်ဆော်-တုံ့ပြန်ပုံစံကို အသုံးပြုကာ ရှင်းပြထားသည်။[၆]

မစဉ်းမစားတုံ့ပြန်ခြင်းနှင့် တွေးဆပြီး စနစ်တကျ တုံ့ပြန်ခြင်းတို့ ကွဲပြားပုံတို့ကို ရှင်းပြသောပုံ။
[၇]

ကိုယ်ရဲ့တုံ့ပြန်မှု (၏ အကျိုးဆက်) အပေါ် ကိုယ်ကိုယ်တိုင် တာဝန်ယူနိုင်ပါစေ။ အခြေအနေတွေကို ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ကိုယ်ကိုယ်တိုင် တာဝန်ယူ စတင်လှုပ်ရှားနိုင်ပါစေ။ ကိုယ့်ရဲ့ လွှမ်းမိုးနိုင်တဲ့ နယ်ပယ်(Circle of Influence)နှင့် ကိုယ့်ရဲ့ အလေးဂရုပြုတဲ့ နယ်ပယ်(Circle of Concern) နှစ်ခုကို ကွဲပြားပြီးသိနိုင်ပါစေ။ (လူတစ်ယောက်တွင် ကိုယ်စိတ်ပါဝင်စားပြီး အလေးဂရုပြုသော အရာများကို အလေးဂရုပြုသောစက်ဝိုင်းအတွင်းရှိ အရာများဟု မြင်နိုင်ပြီး၊ ထိုအရာများအတွင်း၌ သူလွှမ်းမိုးပြောင်းလဲနိုင်သောအရာများကို လွှမ်းမိုးနိုင်သောစက်ဝိုင်းအတွင်းရှိ အရာများဟု မြင်နိုင်သည်။ အလေးဂရုပြုပြီးစိတ်ပါဝင်စားသော်လည်း ကိုယ်မလွှမ်းမိုးနိုင်သောအရာများရှိသည်ကိုလည်း နားလည်ရမည်။) ကိုယ့်ရဲ့တုံ့ပြန်မှုများကို ကိုယ့်လွှမ်းမိုးနိုင်သော နယ်ပယ်အတွင်းမှာသာ အာရုံစိုက်လုပ်ဆောင်ပြီး ဒီနယ်ပယ်ကို ပုံမှန်တိုးချဲ့သွားနိုင်ဖို့ လုပ်ဆောင်ပါ။ မည်သည့်အခါမျှ ပြဿနာများဖြစ်လာသည်အထိ ထိုင်စောင့်ပြီးမှ မစဉ်းမစားတုံ့ပြန်ခြင်းမျိုးကို မပြုပါနှင့်။[၈]

၂။ အလုပ်တစ်ခုကို မစခင်ကတည်းက မည်သည့်အကျိုးရလဒ်ကို ဦးတည်မည်ဟု သေချာစွာဆုံးဖြတ်ပါ။

ဤအလေ့အကျင့်သည် အရာအားလုံးသည် နှစ်ကြိမ်ဖန်တီးပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟူသော နိယာမကို အခြေခံသည်။ စိတ်ကူးအတွင်း ပထမအကြိမ် ဖန်တီးပြီးမှ၊ လက်တွေ့အပြင်ဖက်တွင် ဒုတိယအကြိမ် ဖန်တီးဖြစ်ပေါ်စေခြင်း ဖြစ်သည်။[၉] "သင်အနာဂတ်တွင် လိုချင်သော ဖြစ်ချင်သောအရာကို စိတ်တွင် ပုံဖေါ်ကြည့်ပါ၊ ပြီးမှ ထိုအရာဆီသို့ ရောက်ရှိရရှိအောင် မည်သို့သွားမည်ကို စနစ်တကျအကွက်ချစီမံပြီး လုပ်ကိုင်သွားပါ"ဟု ဆိုလိုခြင်းဖြစ်သည်။

၃။ ပထမလုပ်ရမည့်အရာကို ပထမလုပ်ပါ။

ဤအလေ့အကျင့်သည် တကယ်အရေးကြီးသောအလုပ်(important task)နှင့် ချက်ချင်းလုပ်ရန်တောင်းဆိုလာသောအလုပ်(urgent task)များ အကြား ခွဲခြားသိပြီး မှန်မှန်ကန်ကန် ရွေးချယ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်သည်။ ဤသို့ ရွေးချယ်ရာတွင် ဦးစားပေးရမည့် အစီအစဉ်ကို အောက်တွင်ဖေါ်ပြထားသော အိုင်စင်ဟောင်ဝါ(Eisenhower)ဇယားကို အသုံးပြုနိုင်သည်။[၁၀][၁၁]

တကယ်အရေးကြီးတဲ့အလုပ်(important task)နှင့် ချက်ချင်းလုပ်ရန်တောင်းဆိုလာသောအလုပ်(urgent task)နှစ်မျိုးကြား၌ မည်သည့်အလုပ်ကို အင်အားစိုက်ထုတ်လုပ်ကိုင်ရမည်ကို ဆုံးဖြတ်သည့် ဇယား (ကားဗွီး နှင့် အိုက်စင်ဟောင်ဝါ တို့ အသုံးပြုလေ့ရှိသည်။)

ကွာဒရမ်-၁ (Quadrant-I) (ဇယားတွင် ဘယ်ဖက်အပေါ်အကွက်)။ အရေးလဲကြီး ချက်ချင်းလဲလုပ်ဖို့လိုသော အလုပ်များ၊ ဥပမာ၊ ဘေးကျပ်နံကျပ် သေရေးရှင်ရေးနှင့် ဆိုင်သောအလုပ်များ၊ ကန့်သတ်ပြီးဆုံးချိန်ရှိသော အရေးကြီးအလုပ်များစသည်ကို ဦးစားပေးပြီး ပထမဆုံးလုပ်ရန်ဖြစ်သည်။

ကွာဒရမ်-၂ (Quadrant-II) (ဇယားတွင် ညာဖက်အပေါ်အကွက်)။ အရေးကြီးသော်လည်း ချက်ချင်းလုပ်ရန်လိုသည်ဟု စိတ်ထဲတွင် မပေါ်သောအလုပ်များ၊ ဥပမာ၊ ရေရှည်ဖွံဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ၊ အလေ့အကျင့် ၇ တွင် ဖေါ်ပြသောအလုပ်များ စသည်ကို ဒုတိယထားပြီး ကြိုတင်စီမံကြံဆကာ လုပ်ရန်ဖြစ်သည်။

ကွာဒရမ်-၃ (Quadrant-III) (ဇယားတွင် ဘယ်ဖက်အောက်အကွက်)။ အရေးမကြီးသော်လည်း ချက်ချင်းလုပ်ရန်တောင်းဆိုလာသောအလုပ်များ၊ ဥပမာ၊ အရေးမကြီးသော ဖုန်းဆက်လာခြင်းများ၊ အီးမေးလ်ပြန်ဆိုခြင်းများ၊ ကိုယ်မှတိုက်ရိုက် အကျိုးမပြုနိုင်သော အစည်းအဝေးများတက်ရောက်ခြင်း စသည်ကို ပို၍သင့်တော်သောသူများကို လွဲပြောင်းလုပ်ကိုင်စေခြင်းဖြင့် မိမိအချိန်ကို ကာကွယ်ရန် ဖြစ်သည်။

ကွာဒရမ်-၄ (Quadrant-IV) (ဇယားတွင် ညာဖက်အောက်အကွက်)။ အရေးလဲမကြီး ချက်ချင်းလုပ်ရန်လဲမလိုအပ်သော အလုပ်များ၊ ဥပမာ၊ ဖေ့စ်ဘွတ်ခ်ယူကျု(ဘ်) အစရှိသောဆိုဒ်များတွင် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများနှင့် တနွယ်ငင်တစင်ပါဖြင့် ထိုဆိုဒ်များမှ အကြံပေးတင်ပြလာသမျှကို မပြီးနိုင် မဆုံးနိုင် ကြည့်ရှုခြင်း (အလုပ်အတွက်၊ လူမှုဆက်ဆံရေးအတွက်၊ ပညာသင်ကြားရေးအတွက်၊ အလုပ်ကြောင့် စိတ်ဖိစီးမှုကို ထွက်ပေါက်ပေးရန် လိုအပ်သလောက် ချင့်ချိန် အသုံးပြုခြင်းဟူသော ကွာဒရမ်-၂ လုပ်ကိုင်မှုများကို မဆိုလိုပါ။)၊ အသေးအဖွဲအမှုကိစ္စများဖြင့် အလုပ်ရှုပ်နေခြင်းများ၊ အရေးမပါသောအလုပ်များဖြင့် လုပ်ငန်းခွင်တွင် အချိန်ကုန်ခြင်းများ စသည်တို့ကို လုံးဝမလုပ်ပဲ ရှင်းလင်းပစ်လိုက်ရန် ဖြစ်သည်။

ကွာဒရမ်-၁ အလုပ်များရှင်းလင်းပြီးသည်နှင့် ကျနော်တို့၏ အချိန်အများဆုံးကို ကွာဒရမ်-၂ အလုပ်များ၌ အသုံးပြုသင့်သော်လည်း တကယ်တမ်း ဖြစ်နေသည်က ကွာဒရမ်-၃ နှင့် ကွာဒရမ်-၄ တွင်သာ လူအများစုက အချိန်ကုန်နေကြပေသည်။ ကားဗွီး၏ ကွာဒရမ်-၃အလုပ်များကို ပို၍သင့်တော်သောသူများကို လွဲပြောင်းလုပ်ကိုင်စေခြင်း၊ ကွာဒရမ်-၄အလုပ်များကို လုံးဝမလုပ်ပဲ ရှင်းလင်းပစ်လိုက်စေခြင်း အကြံပြုချက်များသည် ကွာဒရမ်-၁ နှင့် ကွာဒရမ်-၂ ၏ ဦးစားပေးပြီး လုပ်ကိုင်ရန် လိုအပ်မှုကို မီးမောင်းထိုးပြနေပေသည်။

ကားဗွီးက ကွာဒရမ်-၁အလုပ်များမှာ ရှောင်လွဲရန် လုံးဝမဖြစ်နိုင်သဖြင့် ကွာဒရမ်-၂ အလုပ်များအတွက် လိုအပ်သောအချိန်ကို ရရှိရန်မှာ ကွာဒရမ်-၃နှင့် ကွာဒရမ်-၄တို့ကို မလုပ်ခြင်းဖြင့်သာ ဖြစ်နိုင်မည် ဖြစ်ကြောင်း၊ ကွာဒရမ်-၂ အလုပ်များကို ထိထိရောက်ရောက်လုပ်ကိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကို အကြီးအကျယ်ဖြစ်စေနိုင်သော ကွာဒရမ်-၁အလုပ်များကို လျှော့ချပစ်နိုင်ကြောင်း ဆိုပြီး၊ ရေရှည်ဖွံဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ၊ အလေ့အကျင့် ၇ တွင် ဖေါ်ပြသောအလုပ်များစသော ကွာဒရမ်-၂ အလုပ်များ၏ ရေရှည်ထိရောက်အောင်မြင်မှု အတွက် အရေးပါမှုကို အထူးတလည် ပြဆိုခဲ့သည်။[၁၂]

အညမညအထောက်အကူပြုခြင်း[ပြင်ဆင်ရန်]

နောက်ထပ် အလေ့အကျင့် ၃-ခုမှာ အညမညအထောက်အကူပြုခြင်း (interdependence)နှင့် သက်ဆိုင်သည်။

၄။ ဆွေးနွေးမှုတိုင်းမှာ နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်မျိုးကို ဦးတည်စဉ်းစားပါ။

ဆက်ဆံဆွေးနွေးလုပ်ကိုင်မှုတို့တွင် နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေသော ဖြေရှင်းချက်များ သဘောတူညီမှုများကို ဦးတည်သော စစ်မှန်သော ခံစားချက်များဖြင့် စတင်ပါ။ ပြဿနာဖြေရှင်းရန် ကြိုးစားသော ဆွေးနွေးပွဲများတွင် တစ်ဦးတစ်ယောက်ထဲက သူလိုချင်သည့်အတိုင်း တစ်ဖက်သတ် အနိုင်ရသွားခြင်းမျိုးထက် ဆွေးနွေးလုပ်ကိုင်မှုတွင် ပါဝင်သူများအားလုံးက အားလုံးအတွက် အဆင်အပြေဆုံးရလဒ်ရှိခြင်းကို ပြည့်ဝစွာ နားလည်သဘောပေါက်ပြီး တစ်ဦးပေါ်တစ်ဦး လေးစားတန်ဖိုးထား ဆွေးနွေးလုပ်ကိုင်မှုသည် ရေရှည်အတွက် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်ပါသည်။ "နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်မျိုးကို ဦးတည်တွေးခေါ်ခြင်း"သည် သူများကောင်းကျိုးအတွက် မိမိကိုယ်ကို နှိမ့်ချပြီး ဆက်ဆံချင်း မဟုတ်သလို၊ ဖြေရှင်းချက် မြန်မြန်ရအောင်သုံးသော ဆေးမြည်းတိုလည်း မဟုတ်ပါချေ။ ၎င်းသည် လူသားအချင်းချင်း ဆက်ဆံလုပ်ကိုင်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ရေးတို့ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် အသုံးပြုရသော ကိုယ်ကျင့်တရားကို အခြေခံသည့် အလေ့အကျင့် ဖြစ်သည်။[၁၃]

၅။ အရင်သူ့ကို နားလည်အောင် ကြိုးစားပါ၊ ပြီးမှ ကိုယ်ရဲ့ ရည်ရွယ်ချက်ကို သူနားလည်ပါစေ။

ကိုယ်ချင်းစာတရားဖြင့် နားထောင်ခြင်း(empathic listening)ကို အသုံးပြုကာ လူတစ်ယောက်ကို အစစ်အမှန်တိုင်း နားလည်အောင်ကြိုးစားပါ။ ဤသို့ လေးလေးစားစား စိတ်ပါဝင်စားစွာဖြင့် အရင်စလို ကောက်ချက်ချခြင်းများ ကင်းစင်သော(non-judgmental) နားထောင်မှုမျိုးကို အသုံးပြု၍ သူများ၏ အခြေအနေ အယူအဆကို တကယ်တန်း နားလည်အောင် ကြိုးစားနေသည်ကို ခံစားသိမြင်လိုက်ရသည့် အခါ၌ သူ့ဖက်ကလည်း ပွင့်လင်းသော စိတ်ဓာတ်ဖြင့် အပြန်အလှန် သင်၏ ရပ်တည်ချက် အယူအဆတို့ကို မြင်နိုင်ရန် ကြိုးစားလာလိမ့်မည်။ ဤသို့သော ဆွေးနွေးဆက်ဆံရေးမျိုးက ဂရုဏာတရားနှင့် ပြည့်စုံသော လောကရပ်ဝန်းတစ်ခုကို ဖန်တီး၍ အပြုသဘောဆောင်သော ပြဿနာဖြေရှင်းမှုကို အကျိုးပြုပေလိမ့်မည်။

၆။ အင်အားကောင်းများကို ပေါင်းစုပြီး ပန်းတိုင်သို့ရောက်အောင် စုပေါင်းလုပ်ဆောင်ပါ။

လူတစ်ယောက်နှင့် တစ်ယောက်တွင် မတူညီသော အားသာချက်များ အရည်အချင်းများရှိကြရာ၊ ပူးပေါင်းလုပ်ဆောင်ကြသည့် အခါ၌ တစ်ဦးချင်းစီ၏ အားသာချက်များကို အသုံးပြုနိုင်ရန် လမ်းကြောင်းပေး ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်ရမည်။ ဤသို့ ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်တည်းလုပ်ကိုင်ခြင်းဖြင့် ရောက်ရှိရန် လုံးဝမဖြစ်နိုင်သော ရလဒ်ပန်းတိုင်များကို ရရှိပေလိမ့်မည်။

စဉ်ဆက်မပြတ် တိုးတက်မြှင့်တင်ခြင်း[ပြင်ဆင်ရန်]

နောက်ဆုံး အလေ့အကျင့်မှာ တစ်ကိုယ်ရေတိုးတက်ဖွံ့ဖြိုးမှု၊ လူလူချင်းဆက်ဆံရေး ဩဇာနယ်ပယ်တွင် တိုးတက်ဖွံ့ဖြိုးမှုရှိရန် စဉ်ဆက်မပြတ် လေ့လာကြိုးစားမှုကို ဆိုလိုသည်။

၇။ လွှကိုထက်နေအောင် အမြဲသွေးပါ။

လွှသွေးခြင်းသည်လည်း အချိန်ပေးရသော လုပ်ငန်းဖြစ်သည်။ သို့သော် လွှအတုံးဖြင့် သစ်ပင်ဖြတ်လျှင် ထိုထက်မက အချိန်ပိုကုန်လိမ့်မည်။

ထို့အတူပင် ကျနော်တို့၏ လူမှုဘဝတွင်လည်း မိမိ၏ ပိုင်ဆိုင်သော အရာများ၊ အရည်အချင်းများ ကို ထိန်းသိမ်းစောက်ရှောက်ခြင်း၊ တိုးပွားလာစေခြင်း၊ မိမိ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးကို ထိန်းသိမ်းစောက်ရှောက်ခြင်းတို့သည် အချိန်ပေးရသောလုပ်ငန်းများ ဖြစ်ကြသည်။ သို့သော်လည်း အဆိုပါလုပ်ငန်းများကို အချိန်မပေးခဲ့လျှင် ရေရှည်တွင် မည်သူမှ ထိရောက်စွာ စွမ်းဆောင်ရန် မဖြစ်နိုင်ချေ။ ထိုကြောင့်လည်း ကားဗွီးက အားကစား၊ အပန်းဖြေမှု၊ ဘုရားရှိခိုးဆုတောင်းခြင်းများ၊ တရားထိုင်ခြင်းများ၊ အတတ်ပညာသစ် နည်းစနစ်သစ် ရှာဖွေမှုကို အမြဲပြုခြင်း၊ စာပေအနုပညာ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ၊ လူမှုဝန်ထမ်းလုပ်ကိုင်မှုများတွင် ပါဝင်လုပ်ဆောင်ခြင်းများ ပြုရန် အကြံပေးသည်။

ပေါများခြင်းခံယူချက်[ပြင်ဆင်ရန်]

ကားဗွီးက "ပေါများခြင်းခံယူချက်"(abundance mentality)ဟူသော စကားလုံးကို အလေ့အကျင့်-၄၏ "နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်မျိုးကို ဦးတည်တွေးခေါ်ခြင်း"(Win/Win Approach)နှင့် ဆက်စပ်ပြီး ရှင်းပြခဲ့သည်။ ဆိုလိုရင်းမှာ ကမ္ဘာလောကကြီး၌ လူတကာနှင့် မျှဝေသုံးစွဲရန် ရင်းမြစ်ပစ္စည်းများနှင့် အောင်မြင်မှုများ အလုံအလောက်ရှိသည်ဟူသော ခံယူချက်ဖြစ်သည်။ သူက ထိုအယူအဆကို "ရှားပါးခြင်းခံယူချက်"(scarcity mindset)နှင့် ယှဉ်ပြသည်။ "ရှားပါးခြင်းခံယူချက်"သည် ဇီးရိုးဆမ်းဂိမ်း(zero-sum game)ဟု အမည်တွင်သော "လူတစ်ယောက်က အောင်မြင်မှု အနိုင်ရမှုရရှိရန်အတွက် သူ၏ပြိုင်ဖက် ရှုံးနိမ့်မှဖြစ်မည်"ဟူသော တစ်ဦးနှင့်တစ်ဦး အဖျက်သဘောဆောင်သော မလိုလားအပ်သော ယှဉ်ပြိုင်မှုကို ဖြစ်စေသော ခံယူချက်မျိုးဖြစ်သည်။ ထိုခံယူချက်ရှိသူများသည် ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်သူအားလုံး တစ်နည်းမဟုတ် တစ်နည်း "အနိုင်ရရှိနိုင်သည့်"(အားလုံးအကျိုးရှိနိုင်သည့်) ဖြေရှင်းချက်ရလဒ်များ ဖြစ်နိုင်ချေကို လုံးဝထည့်သွင်းစဉ်းစားခြင်း မရှိတတ်ပေ။ "ပေါများခြင်းခံယူချက်"ရှိသူများသည် ဇီးရိုးဆမ်းဂိမ်း အယူအဆကို လက်မခံကြပေ။ သူတို့သည် သူတပါးတို့၏ အောင်မြင်မှုများကြောင့် စိုးရိမ်ထိတ်လန့်မှုမရှိပဲ မုဒိတာပွားနိုင်သူများ ဖြစ်ကြသည်။ မိမိကို မိမိတန်ဖိုးထားခြင်း၊ မိမိ၏ ကိုယ်ပိုင်အရည်အချင်းများအပေါ် ယုံကြည်မှုရှိခြင်းတို့က အဆိုပါ "ပေါများခြင်းခံယူချက်" ထားရှိသူတစ်ယောက် အဖြစ်ကို ရောက်ရှိစေနိုင်သည်ဟု ကားဗွီးက အခိုင်အမာဆိုခဲ့သည်။ ဤခံယူချက်၏ အကျိုးဆက်အားဖြင့် အကျိုးအမြတ်၊ အသိအမှတ်ပြုခြင်းခံရမှုနှင့် တာဝန်ယူမှုတို့ကို မောင်ပိုင်မစီးပဲ လုပ်ဖေါ်ကိုင်ဖက်များ၊ ပြိုင်ဖက်များနှင့် မျှဝေနိုင်စွမ်းရှိမှုကို ဖြစ်စေနိုင်သည်။ [၁၄]

ထို့အတူပင် အဖွဲ့အစည်းများအနေနှင့်လည်း စီးပွားရေးလုပ်ကိုင်ရာတွင် ဤခံယူချက်ကို လက်တွေ့အသုံးချခြင်းဖြင့် ကုန်ထုတ်စွမ်းအားတိုးပွားမှုကို ဖြစ်စေနိုင်သည်ဟု ဆိုထားသည်။ [၁၅]

စာအုပ်ကျော်ကြားမှု[ပြင်ဆင်ရန်]

ဤစာအုပ်ကို ဘာသာစကားပေါင်း ၄၀-ခုထိ ပြန်ဆိုခဲ့ပြီး စုစုပေါင်းအုပ်ရေ ၂၅-သန်းထက်မနည်း ကမ္ဘာတစ်ဝန်းလုံး၌ ရောင်းခဲ့ရပြီးဖြစ်သည်။[၂] အသံထွက်စာအုပ် အမျိုးအစားတွင်လည်း ၁.၅-သန်းထက်မနည်း ရောင်းခဲ့ရပြီးဖြစ်သည်။ အခုချိန်အထိ သမိုင်းတစ်လျောက်လုံးတွင် ရောင်းအကောင်းဆုံး စီးပွားရေးဆိုင်ရာ သုတစာပေစာအုပ်များစာရင်းဝင် စာအုပ်တစ်အုပ် ဖြစ်နေဆဲဖြစ်သည်။ ၂၀၁၁-ခုနှစ်၊ ဩဂုတ်လတွင် တိုင်းမ်မဂ္ဂဇင်းက ဤစာအုပ်ကို "ဩဇာအကြီးဆုံး စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ် ၂၅-အုပ်"စာရင်းတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။[၁၆]

အမေရိကန်သမ္မတ ဘီလ် ကလင်တန်(Bill Clinton)က ကားဗွီးကို ကဲန်ပ်ဒေးဗစ်(Camp David)သို့ ဖိတ်ခေါ်ကာ သူ၏ သမ္မတဆိုင်ရာလုပ်ဆောင်မှုများတွင် ဤစာအုပ်အတွင်းရှိ အကြံပေးချက်များကို ရယူပေါင်းစပ်နိုင်သည့် နည်းလမ်းများကို စုံစမ်းတောင်းဆိုခဲ့သဖြင့် ကားဗွီးက အကြံပြုလမ်းညွှန်ပေးခဲ့ဖူးသည်။[၁၇]


ကိုးကား[ပြင်ဆင်ရန်]

  1. The 7 Habits of Highly Effective People" author, Stephen Covey, dies။ 2012-10-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ၂.၀ ၂.၁ Forbes Archived 2017-03-29 at the Wayback Machine. on Covey: "Stephen Covey will be remembered most as the author of The Seven Habits of Highly Effective People, which sold over 25 million copies." (16 July 2012)
  3. '7 Habits' author Stephen Covey dead at 79။ CNN။ 2019-05-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-13 တွင် ပြန်စစ်ပြီး။
  4. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp. 26. ISBN 0-671-70863-5 
  5. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp. 49. ISBN 0-671-70863-5 
  6. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp.68-71. ISBN 0-671-70863-5 
  7. Tracey McEachran FRSA, MA (2015-12-03)။ A Simple Intervention to Reduce Negative Head Chatter။ 2020-06-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. The 7 Habits: Be Proactive, Not Reactive (2018-10-19)။ 2019-04-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-17 တွင် ပြန်စစ်ပြီး။
  9. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp. 99. ISBN 0-671-70863-5 
  10. J., Scott, S. (2017-04-10). Habit stacking : 127 small changes to improve your health, wealth, and happiness, 2nd. ISBN 9781545339121. OCLC 987616572 
  11. The Eisenhower Matrix။ 2020-06-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp. 151,152,156. ISBN 0-671-70863-5 
  13. Brett & Kate McKay (2018-06-25)။ The 7 Habits: Think Win/Win။ 2019-04-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. Covey, Stephen (2003). The 7 habits of highly effective people. FREE PRESS, pp. 219,220. ISBN 0-671-70863-5 
  15. (2003) Organizing change: an inclusive, systemic approach to maintain productivity and achieve results. San Diego: Pfeiffer, 238. ISBN 0-7879-6443-3 
  16. Gandel, Stephen (2011-08-09). The 7 Habits Of Highly Effective People (1989), by Stephen R. Covey. Time. Archived from the original on 2020-05-17. Retrieved 2020-01-03. 
  17. Harper, Lena M. (Summer 2012). "The Highly Effective Person". Marriott Alumni Magazine. [[:en:Brigham Young University|]]. Retrieved on 2012-08-11.