အလင်းဖန်မျှင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အလင်းဖန်မျှင်ကြိုးများ

အလင်းဖန်မျှင် (အင်္ဂလိပ်: optical fiber သို့မဟုတ် optical fibre) ဆိုသည်မှာ ထွင်းဖောက်မြင်နိုင်ပြီး ကွေးညွတ်နိုင်သည့် ဆီလီကာ သို့မဟုတ် ပလတ်စတစ်ကြိုးမျှင်ဖြစ်ပြီး လူ့ဆံပင်၏ အချင်းထက် အနည်းငယ်ထူသည်။[၁] အလင်းဖန်မျှင်များကို တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ အလင်းပေးပို့ထုတ်လွှတ်ခြင်းနှင့် fiber-optic communication များတွင် ဝါယာကြိုးများထက် အလင်းဖန်မျှင်များကို အသုံးပြုလေ့ရှိသည်။ အလင်းဖန်မျှင်များအသုံးပြု၍ ဒေတာများ ပေးပို့ထုတ်လွှတ်ခြင်းသည် အခြားသတ္တုသုံးဝါယာများထက် အချက်ပြမှုများမှာ အကွာအဝေးပိုမိုသွားနိုင်ပြီး ဒေတာဆုံးရှုံးမှုနည်းသည်။ ထို့အပြင် အလင်းဖန်မျှင်များသည် လျှပ်စစ်သံလိုက်လှိုင်းများ၏ နှောက်ယှက်မှုကိုလည်း ခံနိုင်ရည်ရှိသည်။[၂][၃] အလင်းဆိုင်ရာ ရူပဗေဒပညာဖြင့် ဖန်မျှင်များကို အသုံးချသည့်နည်းပညာသည် ဆက်သွယ်ရေးလုပ်ငန်းတွင်လည်းကောင်း၊ ဆေးသိပ္ပံပညာ၌ လည်းကောင်း အထူး အောင်မြင်လျက်ရှိသည်။

ရုပ်ပိုင်းဆိုင်ရာသဘာဝ[ပြင်​ဆင်​ရန်​]

DanielColladon's Lightfountain or Lightpipe,LaNature(magazine),1884.JPG

၁၈၇ဝ ပြည့်နှစ်တွင် ဗြိတိသျှရူပဗေဒပညာရှင် ဂျွန်တင်ဒေါလ်(၁၈၂ဝ-၁၈၉၃)သည် အလင်းကို ကောက်နေသော လမ်းကြောင်းအတိုင်းလည်း သွားစေနိုင်ကြောင်းကို ဖော်ပြနိုင်ခဲ့သည်။ တင်ဒေါလ်၏ အလင်းပိုက်လိုင်းသည် ထည့်ခံတစ်ခု၏ အပေါက်ငယ်မှ ထွက်လာသော ရေမျှင်တန်းပင်ဖြစ်သည်။ ထည့်ခံအတွင်းသို့ ကျရောက်လာသောအလင်းသည် ခုံးနေသော ရေမျှင်တန်းအတိုင်း ပြန်ထွက်လာကြောင်းင်း တွေ့ရသည်။ ယင်းသို့ အလင်းလမ်း ကြောင်းကောက်အတိုင်း အလင်းလှိုင်းရွေ့ရှားနိုင်ခြင်းမှာ အလင်းယိုင်ခြင်းကြောင့် ဖြစ်သည်။ အလင်းပေါက်ကြားခံ နှစ်ခုတွင် အလင်းဆိုင်ရာ သိပ်သည်ခြင်းများသော ကြားခံတစ်ခုမှ အလင်းဆိုင်ရာ သိပ်သည်းခြင်းနည်းသော ကြားခံသို့ ဖြတ်သွားလျှင် ဒုတိယကြားခံနယ်တွင် အလင်းလမ်းကြောင်းသည် မျဉ်းမတ်ကိုခွာ၍ သွေဖည်သွားလိမ့်မည်ဖြစ်သည်။ အလင်းဖန်မျှင် သို့မဟုတ် အလင်းဖိုင်ဘာတွင်လည်း ပုံရိပ်တစ်ခုကို ကွေ့ကောက်သော လမ်းကြောင်းဖြင့် သယ်ဆောင်နိုင်သည်သာမကဘဲ ပုံပန်းနှင့် အနေအထားကိုပါ ပြောင်းလဲပေးနိုင်သည်။

အလင်းဖန်မျှင်ကို အချင်း ၁ဝ မှ ၆ဝ မိုက်ခရွန်ခန့်ရှိသော ဖန်မျှင်ဖြင့် ပြုလုပ်တတ်သည်။ အတွင်းဖန်မျှင်ကို ယိုင်ညွှန်းကိန်းနိမ့်သော ဖန်တစ်မျိုးဖြင့်ပြီးသည့် ပါးလွှာသော အခွံအတွင်း ထည့်၍ထားသည်။ အလင်းလှိုင်းသည် ဖန်မျှင်အတွင်း၌ အလင်းပြန်ခြင်း ရှိစေရန် အတွင်းဆလင်ဒါ၏ ယိုင်ညွှန်းကိန်းမှာ မြင့်ရမည်ဖြစ်ပြီး အပြင်ဆလင်ဒါပါးကို ယိုင်ညွှန်းကိန်းနိမ့်သော ဖန်ဖြင့် ပြုလုပ်တတ်သည်။ အလင်းပေါက်ကြားခံ တစ်ခုမှ ယိုင်ညွှန်းကိန်းပို၍ နည်းသောကြားခံ နောက်တစ်ခုသို့ အလင်းဖြတ်သောအခါ ရိုက်ထောင့်သည် သတ်မှတ်ထားသော အခြေပြောင်းတန်ဖိုး ဆောင်သော် ပထမကြားခံအတွင်း၌ပင် လုံးဝအတွင်းသို့ အလင်းပြန်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကောက်နေသော အလင်းဖန်မျှင်အတွင်း ဖြတ်သွားသော အလင်းသည် ကွေ့သွားသည်ဟု ထင်ရသော်လည်း မျက်နှာပြင်တစ်ဘက်မှ တစ်ဘက်သို့ ဖြောင့်တန်းစွာသွားသည်ကို တွေ့ရသည်။

မျက်နှာပြင်တဘက်မှ တဘက်သို့ အလင်းပြန်ခြင်းဖြင့် ကွေ့ကောက်နေသော ဖန်မျှင်အတွင်း၌ ခရီးပေါက်ရောက်နိုင်သည်ဖြစ်၍ သတင်း (ဥပမာ-ပုံရိပ်၊ အသံကို လျှပ်စစ်သံလိုက် အချက်ပြဖြင့် ပြောင်း၍ဖြစ်စေ)ကို ရှည်လျားသောအလင်းဖန်မျှင်ကြိုးအတွင်း သယ်ဆောင်နိုင်မည်ဖြစ်သည်။ ကောက်၍ရသော အလင်းဖန်မျှင်ဖြင့် တိုက်ရိုက်ကြည့်၍ မမြင်နိုင်သော အရာဝတ္တုများကို လေ့လာနိုင်မည်ဖြစ်သည်။ ဆရာဝန်များသည် လူနာ၏ ခန္ဓာကိုယ်အတွင်းကို လေ့လာရန် ဖိုင်ဘာစကုပ်ခေါ် အလင်းဖန်မျှင်ဖြင့် ပြုလုပ်ထားသော ကိရိယာဖြင့် စမ်းသပ်ကြည့်ရှုနိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ (ဥပမာ-ဝမ်းဗိုက်အတွင်း) အစိတ်အပိုင်းကို လေ့လာရာ၌ မှောင်မိုက်နေ၍ လိုအပ်သောအလင်းရောင်ကို အလင်းဖန်မျှင်ဖြင့် သယ်ဆောင်ပေးနိုင်သည်။ အလင်းဖန်မျှင်ကို တစ်မိုက်ခရွန် အရွယ်အစားခန့်အထိ ပြုလုပ်နိုင်၍ သေးငယ်သော ဖိုင်ဘာစကုပ်ဖြင့် လူ၏နှလုံးအတွင်းကို လေ့လာနိုင်မည်ဖြစ်သည်။ ပင်လယ်ကူး သင်္ဘောများအတွင်းမှ ထုတ်လွှတ်သောရေတွင် ပါဝင်သည့် ပင်လယ်ရေထုထဲရှိ ညစ်ညမ်းစေသောဆီအမျိုးမျိုးကို အလင်းဖန်မျှင်သုံး၍ တိုင်းတာနိုင်သည်။

အီလက်ထရွန်နစ်ပညာနှင့် အလင်းဖန်မျှင်[ပြင်​ဆင်​ရန်​]

ရုပ်မြင်သံကြားဖမ်းစက်မှာ အီလက်ထရွန်နစ်ပညာ၏ အောင်မြင်မှုတစ်ရပ် ဖြစ်သည်ကို လူတိုင်းလောက် သဘောပေါက်နိုင်သည်။ သို့ရာတွင် ရုပ်မြင်သံကြားစက်တွင် ပုံရိပ်ဖြစ်ပေါ်စေသော ကက်သုတ်ရောင်ခြည် ထုတ်ပြွန်သည် အလင်းရောင်ကို ပုံရိပ်ပေါ်သောမျက်နှာပြင်မှ ပရမ်းပတာ ဦးတည်ဘက် အမျိုးမျိုး ထွက်လာစေသည်။ ထို့ကြောင့် ပုံရိပ်များမှာ ထင်ရှားသင့်သလောက် မထင်ရှားဖြစ်တတ်သည်။ ပုံရိပ်များကို ပိုမိုထင်ရှားစေရန်၊ တောက်ပစေရန် အလင်းဖန်မျှင်များကို ပုံရိပ်ပေါ်သော မျက်နှာပြင်နှင့် ကက်သုတ်ပြွန်အကြား အလင်းတန်းများကို စုစည်းပေးရန် မှန်ဘီလူးအဖြစ် အသုံးပြုနိုင်သည်။

အီလက်ထရွန်နစ်ပညာတွင် အလင်းဆိုင်ရာ အစိတ်အပိုင်းများ ပါလာစမြဲဖြစ်သည်။ တခါတရံ ခေတ်မီ အီလက်ထရွန်နစ်ပညာ သုံးနိုင်ပါလျက်နှင့် မှန်ဘီလူးကြောင့် ပုံရိပ်မှာ ပုံမှန်မဟုတ်ပဲ ရွဲ့စောင်းပြီး ပုံပျက်နေတတ်သည်။ ယင်းသို့ပုံပျက်ခြင်းကို နဂိုပုံမှန်အဖြစ်သို့ ပြုပြင်ရန်အတွက် အလင်းဖန်မျှင်ဖြင့် ပြုလုပ်ထားသော မှန်ဘီလူးကို အသုံးပြုနိုင်သည်။ အလင်းဖန်မျှင်ပေါင်း မြောက်မြားစွာကို စုစည်းပြီး ပုံရိပ်ကို ဖော်နိုင်သည်။ ရှုပ်ထွေးနေသော အချက်ပြများမှာ အဓိပ္ပါယ်ရှိသော သတင်းကို ပြုပြင်ယူနိုင်သည်။

ကွမ်တမ်အီလက်ထရွန်နစ်ဘာသာရပ် ပေါက်ဖွားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယင်းရူပဗေဒဘာသာရပ်တွင် လေဆာရောင်ခြည်ပညာနှင့် အီလက်ထရွန်နစ်ပညာကို ပေါင်းစပ်ပေးထားပြီဖြစ်သည်။ လေဆာအလင်းတွင် လှိုင်းအလျား တစ်မျိုးတည်း၊ အခြေတစ်မျိုးတည်းဖြင့် အလင်းတန်းများ ဦးတည်ဘက်တစ်မျိုးတည်း ရှိကြသည်။ ယင်းလေဆာ အလင်းသည် အလင်းဖန်မျှင်ပညာကို တဟုန်တိုး တိုးတက်စေခဲ့သည်။

အလင်းလှိုင်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စုရှိ ဘဲလ်သုတေသနစမ်းသပ်ခန်းသည် အလင်းလှိုင်းဆက်သွယ်ရေးကို အသုံးပြုသည့် အစီအစဉ်တစ်ရပ်ကို ၁၉၇၇ ခုနှစ်မှ စတင်ခဲ့သည်။ အလင်းလှိုင်း ထိန်းကွပ်ပေးသော ကေဘယ်လ်ကြိုးတွင် လက်မဝက်ခန့် အချင်းရှိပြီး အလင်းဖန်မျှင် ၂၄ ချောင်းပါရှိသည်။ အလင်းဖန်မျှင်အတွင်း သတင်းပို့ ဆောင်နိုင်မှု အရည်အချင်းမှာ တစ်စက္ကန့်တွင် ၄၅ သန်းခန့်ဖြစ်သည်။ တနည်းဆိုသော် အလင်းလှိုင်းကို အပိတ်အဖွင့်ပေါင်း ၄၅ သန်း ပြုလုပ်နိုင်သည်။ အလင်းဖန်မျှင်တစ်ခုတွင် အသံအချက်ပြပေါင်း ၆၇၂ ခု သယ်ဆောင်နိုင်၍ ကေဘယ်လ်ကြိုးတစ်ခုတွင် စကားအပြန်အလှန်ပြောရန် အချက်ပြပေါင်း ၈ဝ၆၄ ခု သယ်ဆောင်နိုင်သည်။ ကြေးနန်းကြိုးကို အသုံးပြုပါက အဆများစွာကြီးသော ကေဘယ်လ်ကြိုးလိုပေလိမ့်မည်။ အလင်းဖန်မျှင်ရှစ်ခုသည် ရိုးရိုးနန်းကြိုးပေါင်း ၄၈ဝဝ ပါဝင်သော ကေဘယ်လ်ကြိုးနှင့် ကိုးမီလီမီတာရှိ ပြွန်ချောင်း ၁၈ ချောင်းပါ ကေဘယ်လ်ကြိုးတို့၏ နေရာတွင် အစားထိုးအသုံးပြုနိုင်သည်။ ထို့ကြောင့် အလင်းဖန်မျှင်သည် အသုံးပြုရာတွင် အလွန်ဝန်ကျဉ်း၍ စရိတ်စကလည်း သက်သာစေနိုင်ကြောင်း ခန့်မှန်း သိသာနိုင်ပေသည်။

အဝင်လှိုင်း(အချက်ပြ)၏ လွှဲကျယ်ကို လှိုင်းဆင်အတိုင်း ပြုပြင်ပြီး အလင်းဖန်မျှင်အတွင်း ဖြတ်သန်းစေသည်။ ထို့နောက် လက်ခံအတွင်းပါရှိသော ဖမ်းစက်က တဖန်ပြင်းအားပြောင်း အလင်းလှိုင်းကို အဝင်လှိုင်းပုံစံမျိုး ပြန်ပြောင်းပြီး ချဲ့စက်ဖြင့်ချဲ့ကာ အထွက်လှိုင်းအဖြစ် ထုတ်လွှတ်လိုက်သည်။ ဤနည်းတွင် လှိုင်းပုံ ပျက်တတ်သည်။ ပုံပျက်လှိုင်းကို ချဲ့ကိရိယာဖြင့် ထပ်မံချဲ့ခြင်းဖြင့် အထွက်လှိုင်းပုံစံမှာ ပို၍ ပုံပျက်မည် ဖြစ်သည်။ ပုံပျက်ခြင်း မဖြစ်ပေါ်စေရန် အသွင်းလှိုင်းကို ဒွိသင်္ချာစကားဝှက် သို့မဟုတ် ဘိုင်နရီကိန်း စကားဝှက်အဖြစ် ချိန်တာကိုက် ပြောင်းလဲမှုပြုလုပ်ပြီး ချဲ့စက်ဖြင့် ချဲ့ပြီးသော် စကားဝှက်ဖြေစက်ဖြင့် အထွက်လှိုင်းအဖြစ် ပြန်လည်၍ အသွင်ဖော် နည်းဖြစ်သည်။ ယခုအခါ အသံအချက်ပြများကို ဒစ်ဂျစ်နတယ်လ်နည်းကို အသုံးပြုပြီး လှိုင်းပြတ်များဖြင့် ပို့ဆောင်နေကြသည်။


လေဆာနှင့် အလင်းဖန်မျှင်[ပြင်​ဆင်​ရန်​]

အလင်းပင်မသည် အလင်းလှိုင်းဆက်သွယ်ရေးတွင် အရေးကြီးလှသည်။ အလင်းပင်မနှစ်မျိုးမှာ အယ်လ်အီးဒီခေါ် အလင်းလွှတ် ဒိုင်အုတ်နှင့် လေဆာ အလင်းလွှတ်ပင်ရင်းတို့ ဖြစ်ကြသည်။ အယ်လ်အီးဒီများကို အိတ်ဆောင် တွက်စက်ကလေးများတွင်မှအစ အသုံးပြုကြသည်။ စယ်မီကွန်ဒပ်တာခေါ် လျှပ်ကူးချို့ကို ဆုံဆက်များအဖြစ်ပြုဆောင်ပြီး လျှပ်ကူးချို့ ဆုံဆက် အများအပြားကို စုပေါင်း၍ အလင်းလွှတ်ဒိုင်အုတ်ကို တည်ဆောက်နိုင်သည်။

ယင်းဒိုင်အုတ်များ၏ ပျမ်းမျှပါဝါမှာ ဒသမ တစ်မီလီဝပ်ခန့် ရှိသည်။ ယင်းဒိုင်အုတ်များသည် တန်ဖိုးနည်းပြီး အသွင်အားဖြင့် လေဆာများထက် ပိုမိုရှင်းလင်းသည်။ ထုတ်လွှတ်သည့် အလင်းတန်းစုမှာ လှိုင်းအလျားပေါင်း များစွာပါဝင်၍ လှိုင်းအလျား ပျံ့သည်။ လျှပ်ကူးချို့လေဆာသည် ဒိုင်အုတ်တစ်မျိုးအဖြစ်ဖြင့် တည်ဆောက်နိုင်ပြီး အရွယ်အစားအားဖြင့် ဆားပွင့်တစ်ပွင့်ခန့် ရှိသည်။ ဂယ်လီယမ် အာစက်နိုက်နှင့် အလူမီ နီယမ်အာစက်နိုက်တို့ဖြင့် ပြုလုပ်ထားသော လျှပ်ကူးချို့ ဆုံဆက်အလွှာပေါင်း အမြောက်အမြားဖြင့် ဆောက်လုပ်ထားသည်။

လေဆာရောင်ခြည်မှာ သေးငယ်သော တန်းစုအဖြစ်နှင့် ထုတ်လွှတ်နိုင်၍ အလင်းဖန်မျှင်အတွင်းသို့ အလင်းတန်းစု အများစုကို မပြန့်ပဲ သွင်းပို့နိုင်သည်။ လေဆာပင်မများ သုံးခြင်းဖြင့် အလင်းလှိုင်းပြတ် အရေအတွက်များများကို ခရီးတာတစ်ခုအတွက် နှုန်းမြင့်မြင့်ဖြင့် ပို့ဆောင်နိုင်သည်။ အလင်းဒိုင်အုတ် ပင်မအတွက်မူ နှုန်းမှာ ပို၍နိမ့်ပေလိမ့်မည်။ အလင်းကို သယ်ဆောင်လာသော အလင်းဖန်မျှင်မှအလင်း ကိုဖမ်းယူရန် ပင်အလင်း ဒိုင်အုတ်ဖမ်း ကိရိယာကို အသုံးပြုသည်။ ပင်ဖမ်းဆက်ဒိုင်အုတ်တစ်ခုသည် အချက်ပြလှိုင်းပြတ်ပေါင်း သန်း ပေါင်းတစ်ရာကို တစ်စက္ကန့်တွင် ဖမ်းယူနေစဉ် နောက်ခံ ဆူညံသံ ခေါ် စွမ်းအင်ဆုံးရှုံးနှုန်းမှာ ဝပ်ပေါင်းကုဋေ တစ်ရာတွင် တစ်ယူနစ် ဖြစ်သည်။

အခြေခံကျသော အလင်းဖန်မျှင် တွေ့ရှိချက်တစ်ခုမှာ ၁၉၈၄ ခုနှစ် နှောင်းပိုင်းတွင် ဩစတြေးလျနိုင်ငံ ဩစတြေးလျ အမျိုးသား တက္ကသိုလ်တွင် ရူပဗေဒပညာရှင် ဒေါက်တာလူသာ ဒေဗီနှင့် ဒေါက်တာ ရင်ကိုဒရာဂီလာတို့၏ တွေ့ရှိချက်ပင်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုလျှင် သတ္တုတစ်ခုကို အလင်းဖန်မျှင်သုံး၍ ဖောက်ထွင်း မြင်နိုင်ခြင်းပင် ဖြစ်သည်။ သတ္တု (ဥပမာ- ငွေ) မှာ အလင်းပေါက် ကြားခံမဟုတ်သော်လည်း လျှပ်ကန့် (လျှပ်စီးမှုလုံးဝ မရှိသောဝတ္ထု) တစ်ခုဖြင့် သုတ်လိမ်းကပ်ထားပြီး နောက်တထပ်အဖြစ် ဖန်ကို အသုံးပြုလျှင် အလင်းသည် အတွင်း၌ လုံးဝအလင်းမပြန်ပဲ ငွေသတ္တုပြား၏ တဘက်ခြမ်းသို့ ဖောက်ထွက်သွားကြောင်းကို တွေ့ရသည်။ မျက်နှာပြင် တဘက်တွင် ဖြစ်ပေါ်သောလှိုင်းသည် ပါးလွှာသော လျှပ်ကန့်များကြောင့်ငွေပြား၏ အခြားတဘက်ရှိ လျှပ်ကန့်များကို ခွင်ကျမှုတုန်ခါနည်းဖြင့် တုန်ခါစေရန် အလင်းလှိုင်းဖောက်သွားနိုင် ခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆကြသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Optical Fiber။ The Fiber Optic Association, Inc.။ 17 April 2015 တွင် ပြန်စစ်ပြီး။
  2. (2009) Optical fiber communications: principles and practice. Pearson Education. Retrieved on 17 April 2015. 
  3. Optical fiber communications: principles and practice pp 7-9
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)