အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့

ဝီကီပီးဒီးယား မှ
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့
တည်နေရာ
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့
ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး
မြန်မာနိုင်ငံ
ကိုဩဒိနိတ်17°20′03″N 96°28′58″E / 17.334087°N 96.482849°E / 17.334087; 96.482849
သတင်းအချက်အလက်
တည်ထောင်၁၉၁၂

အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့သည် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ အုပ်ချုပ်မှု လက်အောက်တွင်ရှိပြီး ပဲခူးမြို့နယ်ပညာရေးမှူးရုံး၏ အနီးကပ်စီမံခန့်ခွဲမှုလက်အောက်တွင် ရှိသည့် အစိုးရ အထက်တန်းကျောင်းတစ်ခုဖြစ်သည်။ အခြေခံပညာဦးစီးဌာနကပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအတိုင်း အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာများကို သင်ကြားပေးသည်။ [၁] [၂]

ကျောင်း၏လိုအပ်ချက်များကို မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့မှ လိုအပ်သလို စဉ်ဆက်မပြတ်ပံ့ပိုးပေးပါသည်။

အခြားအမည်များ[ပြင်ဆင်ရန်]

ကျောင်းကို ပဂိုးနေရှင်နယ်ကျောင်းဟု လူသိများသည်။

တရားဝင် အမည်များမှာ

  1. ဝိုင်အမ်ဘီအေ အလယ်တန်းကျောင်း (၁၉၁၂ - ၁၉၂၁) (YMBA middle school)
  2. အမျိုးသားတန်းမြင့်ကျောင်း ပဲခူး ( ၁၉၂၁- ၁၉၆၅) ( National High School)
  3. ပဲခူးမြို့ အစိုးရအထက်တန်းကျောင်း အမှတ် (၃) ( အ.ထ.က ၃၊ ပဲခူး) [ State High School No 3, Pegu ( S.H.S 3 Pegu)] ၁၉၆၅ - ၁၉၈*
  4. အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ [Basic Education High School No. 3, Bago, (B.E.H.S 3, Bago)] ၁၉၈* မှ ယနေ့အထိ [၃]


တည်နေရာ[ပြင်ဆင်ရန်]

ကျောင်းသည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့တွင် ပဲခူးမြို့တော်ခန်းမနှင့်ယှဉ်လျက် ရန်ကုန် မန္တလေး ကားလမ်းမကြီး၏ တောင်ဘက် ရှေးဟောင်းနန်းမြို့ရိုးနှင့် ကျုံးရိုးတို့ပေါ်တွင် တည်ရှိသည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၂ ခုတွင် နှစ် ၁၀၀ ရှိပြီဖြစ်သော YMBA ဆောင်ကို ကျောင်းဂိတ်ဝမှ မြင်ရပုံ

ဤကျောင်းတော်ကြီးကို ပဲခူးမြို့သူမြို့သားများ နှင့် ဝိုင်အမ်ဘီအေ အသင်းဝင်များ စုပေါင်းပြီး လူအားငွေအားထည့်ဝင်ကာ ဝိုင်အမ်ဘီအေ အလယ်တန်းကျောင်း (YMBA middle school) အဖြစ် (လက်ရှိ ဝိုင်အမ်ဘီအေ ကျောင်းဆောင်နေရာတွင် ) ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ဗြိတိသျှကိုလိုနီပညာရေး စနစ်ကို သပိတ်မှောက်ကာ နိုင်ငံနေရာအရပ်ရပ်တွင် အမျိုးသားကျောင်းများ တည်ထောင်လာကြသောအခါ အမျိုးသားရေးတက်ကြွသည့် ပဲခူးမြို့သူမြို့သားများ၏ ၁၉၂၀ ခုဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရွှေမောဓောဘုရား တွင် ကျင်းပသည့် လူထုစည်းဝေးပွဲ ဆုံးဖြတ်ချက်ဖြင့် ဝိုင်အမ်ဘီအေ အလယ်တန်းကျောင်းကို အမျိုးသားတန်းမြင့်ကျောင်း (National High School) အဖြစ် အဆင့်တိုးမြှင့်ကာ အမျိုးသားပညာရေး စနစ်သစ်ဖွံ့ဖြိုးရေးတွင် တတပ်တအားပါဝင်ခဲ့ကြသည်။

ကျောင်းကြီးကို စတင်တည်ထောင်ချိန်မှစ၍ YMBA အသင်းနှင့် မြို့မိမြို့ဖများပါဝင်သော ကျောင်း ကော်မီမတီက အစိုးရမဟုတ် သောအဖွဲ့အစည်း (Non-Governmental Organization, NGO) အနေဖြင့် စီမံခန့်ခွဲခဲ့သည်။ ၁၉၄၂ခု နောက်ပိုင်း ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်ကို ကူးစက်လာချိန်တွင် ကျောင်းကို ခေတ္တပိတ်ထားခဲ့ရပြီး၊ စစ်အတွင်း လုံးဝနီးပါးပျက်စီးခဲ့ သော အမျိုးသားအထက်တန်းကျောင်းကြီးကို ပဲခူးမြို့သူမြို့သားများ၏ ပံ့ပိုးမှု၊ အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန်းနှင့် ဆရာဆရာမများ၏ အားထုတ်မှုတို့ဖြင့် ၁၉၄၇ ခုနှစ် ဇွန် ၂ ရက်နေ့တွင်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၆၅ ခုတွင် တော်လှန်ရေးကောင်းစီ အစိုးရက စာသင်ကျောင်းအားလုံးကို နိုင်ငံပိုင် ပြုလုပ်လိုက်သောအခါ အမျိုးသားတန်းမြင့်ကျောင်းကို ပညာရေးဌာနသို့ လွှဲပြောင်းပေးခဲ့ရပြီး ပဲခူးမြို့၏ အစိုးရအထက်တန်းကျောင်း အမှတ် (၃) ( အ.ထ.က ၃၊ ပဲခူး) ဖြစ်လာခဲ့သည်။ ပညာရေးဌာန ဖွဲ့စည်းပုံများပြောင်းလဲပြီး အစိုးရအထက်တန်းကျောင်းများကို အခြေခံပညာအထက်တန်းကျောင်းဟု အမည်ပြောင်းသောအခါ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ဟု အမည်တွင်ခဲ့သည်။[၃][၄]

ကျောင်းဝတ်စုံ[ပြင်ဆင်ရန်]

အမျိုးသားကျောင်းခေတ် ကျောင်းဝတ်စုံမှာ ပင်နီအင်္ကျီနှင့်လုံချည် အနီရောင်ဖြစ်သည်။

အစိုးရကျောင်းဖြစ်လာသော ၁၉၆၅ ခုမှ၍ ယနေ့အထိကျောင်းဝတ်စုံသည် နိုင်ငံတော်မှသတ်မှတ်ထားသည့် အင်္ကျီအဖြူနှင့် လုံချည် အစိမ်းဖြစ်လာသည်။[၅]

တာဝန်ယူခဲ့သောကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ[ပြင်ဆင်ရန်]

  1. ဦးသာဒင် (၁၉၂၃ - ၁၉၄၁)
  2. ဦးသန်း
  3. ဦးဘကြည် (၁၉၇၀- ၇၃ )
  4. ဦးမြင့်ဦး (၁၉၇၃ - ၁၉၈၆)
  5. ဦးဝင်းမောင် (၁၉၈၆ -
  6. ဦးကြင်သိန်း
  7. ဒေါ်တင်နွယ်ဦး (၂၀၀၃- ၂၀၁၀)
  8. ဒေါက်တာ ဇင်သက်ဦး (၂၀၁၀ - ၂၀၁၈)
  9. ဒေါ်နွယ်နီအောင် (၂၀၁၈ - လက်ရှိ)

[၃]

ကျောင်းသား ကျောင်းသူဟောင်းများဦးဆောင်သောအသင်းအဖွဲ့များ[ပြင်ဆင်ရန်]

  • အမျိုးသားကျောင်းသားဟောင်းများအသင်း
  • နေရှင်နယ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
  • ကျောင်းကျန်းမာရေးဆေးခန်း[၆][၇]
  • အမျိုးသားပညာမြှင့်တင်ရေးဖေါင်ဒေးရှင်း

ထူးခြားသောဝိသေသများ[ပြင်ဆင်ရန်]

  • အမျိုးသားကျောင်းအဖြစ် အခြေတည်ခဲ့သောကြောင့် နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ကို ဆရာ ဆရာမများအားပူဇော်ကန်တော့ပွဲ၊ ကျောင်းသား ကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ၊ ကျောင်းကပွဲများနှင့်ကျင်းပပြီး မြို့လမ်းမကြီးတလျှောက် အတီးအမှုတ် အကအခုန်များဖြင့် စီတန်းလှည်ဂုဏ်ပြုခဲ့ကြသည်။ စီတန်းလှည့်လည်ပွဲများကို တားမြစ်ပိတ်ပင်သည့် စစ်အုပ်ချုပ်ရေးကာလအတွင်း ရပ်နားခဲ့ပြီး ယခုအခါပြန်လည်ခွင့်ပြူသည်နှင့် အစဉ်အလာကို ထိန်းသိမ်းပြီး ဆက်လက်ကျင်းပသည်။
  • ဆရာကြီး ဦးသက်တင်၊ ဦးသာဒင်၊ ဦးသန်း၊ ဦးဘကြည်တို့ကို ကျောင်းကို တည်ထောင် ထိန်းသိမ်းခဲ့ကြသောကျောင်း၏ဖခင်ကြီးများအဖြစ် အမြဲလေးစားဂါဝရပြုကြသည်။[၄]
  • ၁၉၂၃ ခု နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး ကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့သော ဆရာကြီးဦးသာဒင်မှ စတင် ရေတွက်လျင် ယနေ့ ၂၀၁၉ ခုအထိ ၉၆ နှစ်တာ ကာလအတွင်း ကျောင်းအုပ်ဆရာ ဆရာမကြီး ၈ ဦးသာလက်ပြောင်းခဲ့ကြပြီး အားလုံးသည် ကျောင်းတည်ထောင်သူမဟုတ်လျင် အမိကျောင်းတော်ကြီး မှ မွေးထုတ်ပေးခဲ့သောကျာင်းသား ကျောင်းသူ ဟောင်းများသာဖြစ်ကြသည်။
  • ဝိုင်အမ်ဘီအေဆောင်နှင့် ဓမ္မာရုံဆောင် အပါအဝင် ကျောင်း၏ တစိပ်တပိုင်းသည် ရှေးမြို့ရိုးပေါ် အမြင့်ပိုင်းတွင် တည်ရှိပြီး ရုံးခန်း၊ စိန်ရတု ၊ ပုလဲရတု, ရွှေရတု၊ ဟံသာဝတီဆောင် အပါအဝင် ကျန်တစိတ်တဒေသသည် ကောနေပြီဖြစ်သော မြေအနိမ့်ပိုင်း ကျုံးရိုးဟောင်းထဲတွင်တည်ရှိသဖြင့် မိုးများသောကာလတွင် မကြာမကြာရေကြီးသည့်ဒဏ်ကို ခံရလေ့ရှိသည်။

ပညာရေးဆိုင်ရာအောင်မြင်မှုများ[ပြင်ဆင်ရန်]

ကျောင်း၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများမှာ[၄][၅]

  • ၁၉၃၄ ခုနှစ် ဆယ်တန်း စာမေးပွဲအောင်မြင်မှု တနိုင်ငံလုံးတွင် ပထမ။
  • ၁၉၃၉ ခုနှစ် ဆယ်တန်း စာမေးပွဲအောင်မြင်မှု တနိုင်ငံလုံးတွင် ဒုတိယ။
  • ၁၉၈၄ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် နိုင်ငံတဝန်းလုံးတွင် အောင်ချက် အကောင်းဆုံး ဒုတိယဆု။
  • ၁၉၈၅ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် နိုင်ငံတဝန်းလုံးတွင် အောင်ချက် အကောင်းဆုံး ပထမ ရွှေစင်ရုပ်ဆု။
  • ၁၉၈၆ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် နိုင်ငံတဝန်းလုံးတွင် အောင်ချက် အကောင်းဆုံး ပထမ ရွှေစင်ရုပ်ဆု။
  • ၁၉၉၄ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် နိုင်ငံတဝန်းလုံးတွင် အောင်ချက် အကောင်းဆုံး အဌမ။
  • ၁၉၉၅ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲတွင် နိုင်ငံတဝန်းလုံးတွင် အောင်ချက် အကောင်းဆုံး ဒသမ။
  • တက္ကသိုလ်ဝင် စာမေးပွဲများကို တိုင်းနှင့် ပြည်နယ် အလိုက် ဆုချီးမြှင့်သော ၂၀၀၄ ခုနှစ်မှ စ၍ ၂၀၁၂ အတွင်း
  • ၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပဲခူးတိုင်း ပထမ။
  • ၂၀၀၆ နှင့် ၂၀၀၉ တွင် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပဲခူးတိုင်း ဒုတိယ။


ကိုးကား[ပြင်ဆင်ရန်]

  1. အမျိုးသားပညာရေး ဥပဒေ၊ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၃၀ ရက်,
  2. ဖွဲ့စည်းပုံ၊ အခြေခံပညာဦးစီးဌာန၊ www.moe.gov.mm
  3. ၃.၀ ၃.၁ ၃.၂ ရာပြည့်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့၊ နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သော ပဲခူးမြို့ အ.ထ.က (၃) ၏သမိုင်းအကျဉ်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပဲခူးမြို့ (ယခင်) အမျိုးသားတန်းမြင့်ကျောင်း ရာပြည့်မဂ္ဂဇင်း, ၂၀၁၂၊ စာ ၂၂ -၂၄
  4. ၄.၀ ၄.၁ ၄.၂ ဆရာကြီးဦးမြင့်ဦး၊ ရာပြည့်ခရီးကိုလျှောက်လှမ်းခဲ့ရာဝယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပဲခူးမြို့ (ယခင်) အမျိုးသားတန်းမြင့်ကျောင်း ရာပြည့်မဂ္ဂဇင်း, ၂၀၁၂၊ စာ ၃၀ -၃၇
  5. ၅.၀ ၅.၁ ကျန်းတော (ပညာရေး)၊ အစဉ်အလာကို ထိန်းသိမ်းခြင်း၊ ရာပြည့်ခရီးကိုလျှောက်လှမ်းခဲ့ရာဝယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပဲခူးမြို့ (ယခင်) အမျိုးသားတန်းမြင့်ကျောင်း ရာပြည့်မဂ္ဂဇင်း, ၂၀၁၂၊ စာ ၁၁၁ - ၁၁၆
  6. ဒေါက်တာမေဖြိုးခိုင်၊ သည်ကျောင်းနှင့် ကျောင်းသားဟောင်းများ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပဲခူးမြို့ (ယခင်) အမျိုးသားတန်းမြင့်ကျောင်း ရာပြည့်မဂ္ဂဇင်း, ၂၀၁၂၊ စာ ၁၂၀-၁၂၁)
  7. ဦးမိုးညွန့်၊ မစုစုလွင်၊ အာစရိယပူဇာ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပဲခူးမြို့ (ယခင်) အမျိုးသားတန်းမြင့်ကျောင်း ရာပြည့်မဂ္ဂဇင်း, ၂၀၁၂၊ စာ ၁၁၇