အဉ္ဇလီမုဒြာ

ဝီကီပီးဒီးယား မှ

လက်အုပ်ချီဟန်, ရှိခိုးဟန်ဖြစ်သည်။ သဗ္ဗရာဇိန္ဒြမုဒြာဟူ၍၎င်း, သမ္ဗုဋဉ္ဇလီမုဒြာဟူ၍၎င်း ခေါ်တွင်သေးသည်။ နမက္ကာရမုဒြာနှင့်လည်း ဆင်တူသည်။ ဝန္ဒနီမုဒြာဟုလည်း ခေါ်တွင်သည်။

လက်အုပ်ချီမိုး ရှိခိုးပူဇော်ဟန်ဖြစ်ရာ ပုံဟန်နှစ်မျိုးတွေ့ရသည်။

(၁) လက်ဝါးနှစ်ဘက်ကို ပူးကပ်ပြီးလျှင် ရှင်အုပ်ပေါ်တွင် တင်ထားကာ တတောင်ဆစ်နှစ်ဘက်ကို အောက်သို့ စိုက်ချထားသော ရှိခိုးဟန်မျိုးကို၎င်း၊

(၂) လက်နှစ်ဘက်ကို အပေါ်သို့မြှောက်ချီကာ လက်ဝါးနှစ်ဘက်ကို အပေါ်သို့လှန်၍ လက်ချောင်း ကလေးများကို ဖြန့်ထားပြီးလျှင် ဦးခေါင်းပေါ်သို့ မိုးထားခြင်း ဟန်မျိုးကို၎င်း အဉ္ဇလီမုဒြာ ဟူ၍ ခေါ်တွင်သည်။

ရှိခိုးပူဇော်နေခြင်း, ကြည်ညိုရိုသေခြင်း, ဘုရားဝတ်ပြုနေခြင်း, ပျပ်ဝပ်ခစားနေခြင်း အဓိပ္ပါယ် သဘောကို ဆောင်ပေသည်။ တနည်းအားဖြင့် ဤရုပ်တုကို ဖူးမြင်ရသူအား လက်အုပ်ချီမိုး ရှိခိုးပူဇော်လိုစိတ် ပေါ်ပေါက်လာစေရန် ညွှန်ပြနည်းပေးသော အနက်သဘောလည်း ပါလေသည်။ ရတနာသုံးပါးကို ကြည်ညိုကြပါ, ပူဇော်ထိုက်သူကို ပူဇော်ကြပါ, အရိုအသေ ပြုပါဟု တိုက်တွန်းခြင်းသဘော အနက်ကိုလည်း ဆောင်လေသည်။

ဂါရဝ, နိဝါတမင်္ဂလာများကို သရုပ်ဆောင်ထားခြင်းဖြစ်သည်။ သန္တရသပေါ်လွင်အောင် ပြုပြင်စီရင်ထားခြင်းလည်း ဖြစ်သည်။ သီလပါရမီစခန်းကို လမ်းညွှန်ပြသော အနက်သဘောကိုလည်း ဆောင်လေသည်။

မြန်မာပြည်တွင် ဗုဒ္ဓရုပ်ပွားတော်မှတပါး ရဟန္တာ, နတ်သိကြား, ဗြဟ္မာ, ဂဠုန်, ကုမ္ဘဏ်, ရက္ခိုသ်, လူ စသည်တို့ကို ဤမုဒြာမျိုးနှင့် အများဆုံးတွေ့ရှိရပေသည်။ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို ယခုချိန်ထိ အဉ္ဇလီမုဒြာဖြင့် မတွေ့ရှိရသေးချေ။ တရုပ်, ဂျပန်, တိဗက်, နီပေါလ်, အိန္ဒိယ, သီဟိုဠ် စသည့် ဒေသများတွင်မူ အဉ္ဇလီမုဒြာဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို အနည်းအကျဉ်း တွေ့ရှိခဲ့ရပါသည်။

တန္တရာယာနတွင် အဝလောကီတေသွာရအား အမိတာဘာ ရုပ်တုတော်ကို ကိုင်ဆောင်ရှိခိုးနေပုံ မျိုးဖြင့် တွေ့ရှိနိုင်ပေသည်။

သဍက္ချရှိလောကေသွာရ ဘုရား၏ရုပ်ပွား ဆင်းတုပုံသည် အဉ္ဇလီမုဒြာနှင့်နေသည်က များသည်။ ဘုရားလောင်း နာမသင်္ဂီတိတွင်လည်း အဉ္ဇလီမုဒြာကို တွေ့ရှိနိုင်ပါသည်။

မြန်မာပြည် ပုဂံမြို့ရှိ အာနန္ဒာဘုရားအတွင်း၌ ရှင်အရဟံ(ဓမ္မဒဿီမထေရ်)နှင့် ကျန်စစ်သားမင်း၏ ကျောက်ရုပ်ဆင်းတုပုံများသည် အဉ္ဇလီမုဒြာဖြင့် ရှိကြလေသည်။ ပုဂံမြေပုံသာ ဘုရားလှစေတီများနှင့် အပယ်ရတနာ ပုထိုးတော်တွင်းရှိ နံရံဆေးရေးပုံများတွင် ဗြဟ္မာ, သိကြား, နတ်သမီးများ, ရသေ့များ၏ ပုံတို့ကို အဉ္ဇလီမုဒြာဖြင့်ပင် တွေ့ရှိနိုင်ပေသည်။

ရန်ကုန်မြို့ ကမ္ဘာအေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်တွင် အဉ္ဇလီမုဒြာဖြင့် ရုပ်တုများကို ခင်းကျင်း ပြသထားသည်ကို တွေ့ရသည်။

အဉ္ဇလီမုဒြာဟန်ဖြင့် ထုလုပ်ထားအပ်သော ရုပ်ပွားဆင်းတု ရုပ်လုံး ရုပ်ကြွများကို ကိုးကွယ် ဆည်းကပ်ခြင်းအားဖြင့် မိမိအား သူတပါးတို့က ကြည်ညိုလေးစားခြင်း, ချစ်ခင် ရိုသေခြင်း, ရှိခိုးပူဇော်လာခြင်း, ထာဝရကုသိုလ်ရနေခြင်း, လက်အောက်ငယ်သား အခြံအရံများက လေးစား ခင်မင်လာခြင်းလက်အုပ်ချီမိုး ရှိခိုးလာကြခြင်း, ရန်သူကပင်လျှင် မိမိအား အညံ့ခံကာ ရှိခိုး ဖူးမျှော်လာနိုင်ခြင်း, အကျိုးထူးများကို လက်ငင်းဒိဋ္ဌ ရရှိနိုင်သည်ဟု တန္တရာယာန ဝဇီရာယာနကျမ်း များ၌ မိန့်မြွက်ထားပါသည်။ [၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Añjali Mudrā IBBS.116; EHL.i.i.p.16; ITL. p.20; DHI.p.251; SIS.p.130; IB.p.28, f.8. see Pictorial Guide to Pagan p.17, 45. Sadakshari-lokaisvara Namasangiti Bodhisatva Mudra, Saunders, p.76. (Kongo-gassho) OBEP. plate 251 c.d. Mycbontha-Paya Hla. Brahmas. plate 276 a.b. Ananda: Aralhan and Kyansittha,
  2. စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ