မှို

ဝီကီပီးဒီးယား မှ
Fungi
Temporal range: Early Devonian – Present (but see text) 410–0 Ma
A collage of five fungi (clockwise from top-left): a mushroom with a flat, red top with white-spots, and a white stem growing on the ground; a red cup-shaped fungus growing on wood; a stack of green and white moldy bread slices on a plate; a microscopic, spherical grey semitransparent cell, with a smaller spherical cell beside it; a microscopic view of an elongated cellular structure shaped like a microphone, attached to the larger end is a number of smaller roughly circular elements that collectively form a mass around it
Clockwise from top left:
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
(unranked): Opisthokonta
(unranked): Holomycota
(unranked): Zoosporia
လောက: Fungi
(L.) R.T.Moore[၁]
Subkingdoms/Phyla

လူသိအများဆုံး စားကောင်းသည့် မှိုကို ရုက္ခဗေဒအလိုအရ အက်ဂါရိကပ် ကမ်ပက်စထရစ်ဟု ခေါ်သည်။ မှိုကို ကောင်းမွန်စွာ ချက်ပြုတ်လျှင် လွန်စွာ အရသာရှိသည်။ အရသာပင်ရှိသော်လည်း အာဟာရ ဖြစ်စေရာတွင်မူ အရည်ရွမ်းသည့် ဂေါ်ဘီထုပ် အရွက်များနှင့် မထူးခြားလှဟု အာဟာရ ပညာရှင်များက ဆိုသည်။

မှိုကို အလွန်ရှေးကျလှသည့် အခါကပင် လူတို့ ကြိုက်နှစ်သက်ခဲ့ကြသည်။ ဂရိနှင့် ရောမလူမျိုးတို့သည် မှိုကို ကြိုက်နှစ်သက်စွာ စားသုံးခဲ့ကြသည်။ မှိုကို စားသည့် လူဦးရေသည် ဥရောပတိုက်တွင် အမေရိကတိုက်ထက်ပင် ပို၍များသည်ဟုဆိုသည်။

ရုက္ခဗေဒပညာရှင်များက စားကောင်းသည့်မှိုနှင့် အဆိပ်ဖြစ်စေသဖြင့် စားမကောင်းသည့် မှိုဟူ၍ မှိုကို အုပ်စု နှစ်ခု ခွဲခြားနိုင်သည်။ စားကောင်းသည့်မှိုသည် အုပ်စုတစ်ခုတည်းဝင် အဆိပ်သင့်စေသောမှို၏ အနွယ် ဖြစ်ကောင်းဖြစ်ပေမည်။ စားကောင်းသည့်မှိုနှင့် စားမကောင်းသည့်မှိုများကို ကျွမ်းကျင်သူ များသာလျှင် ခွဲခြားနိုင်ပေသည်။

မှိုမျိုးရင်း၌ သိပြီးမှို မျိုးစိတ်ပေါင်း ၃၈ဝဝဝ ခန့်ရှိသည်။ မှိုတစ်မျိုးစီသည် တစ်မျိုးနှင့်တစ်မျိုး ပုံသဏ္ဌာန်၌လည်းကောင်း၊ အရောင်၌လည်းကောင်း ကွဲပြားသည်။ သာမန် ထီးပုံသဏ္ဌာန်၊ သို့မဟုတ် သန္တာပုံသဏ္ဌာန် ကဲ့သို့လည်းကောင်း၊ သို့မဟုတ် ပန်းပင်၏ အကိုင်းပုံသဏ္ဌာန်ကဲ့သို့လည်းကောင်း ဖြာထွက်နေတတ်သည်။ အရောင်တွင်လည်း အဖြူမှ နီရဲရဲအထိနှင့် မွဲပြာရောင် ခပ်ခြောက်ခြောက်မှ ကတ္တီပါကဲ့သို့ တောက်ပြောင်၍ အညိုကောင်အထိ ရှိတတ်သည်။

ရုပ်သွင်[ပြင်ဆင်ရန်]

မှို၏ အဓိက အစိတ်အပိုင်းသည် မြေအောက်၌ တည်ရှိ၏။ ထိုအပိုင်းသည် ပင့်ကူအိမ်နှင့်တူ၍ အမျှင်များ ရှိတတ်သည်။ တစ်ခါတစ်ရံတွင် သက္ကလတ်ကြမ်း အစတစ်ခုကဲ့သို့ စုနေတတ်သည်။ မှိုပင်၏ ထိုအစိတ် အပိုင်းကို မိုင်စီလီယမ်ဟု ခေါ်သည်။ လူသိများသော ထီးပုံသဏ္ဌာန်ရှိသည့် မှိုပွင့်သည် စင်စစ်အားဖြင့် မိုင်စီ လီယမ်မှ ပေါက်ထွက်လာသော ပင်ရိုးသာဖြစ်သည်။ ထိုပင်ရိုးကို အခြားအပင်မျိုးမှ အသီးနှင့် နှိုင်းရှည့်နိုင်သည်။ ထိုသို့ နှိုင်းရှည့်နိုင်ခြင်းမှာ ယင်းမှ ဆဲများကို ပျံ့ထွက်စေပြီးလျှင် မှိုပင် အသစ်များကို ပေါက်စေခြင်းကြောင့် ဖြစ်သည်။ မှို၏ ထီးပုံသဏ္ဌာန် အစိတ်အပိုင်းကို စပိုရိုဖိုးဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် စပိုးခေါ် မျိုးမှုန်များကို သယ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် စပိုရိုဖိုးကို မျိုးအိမ်ဟု ခေါ်နိုင်သည်။

ပင်ရိုး၏ထိပ် မျိုးမှုန်အိမ်အတွင်း၌ ပေါက်စပြုနေသော အစိတ်အပိုင်းကို အငုံဟု ခေါ်၍ အငုံမှ ထီးကဲ့သို့ ကားထွက်လာသည်။ မှိုပင်ကြီးရင့်လာသောအခါ ထိုထီးပုံသဏ္ဌာန်ရှိသော အစိတ်အပိုင်း၏ အောက်ဘက်တွင် အလွှာတန်းကလေးများ ရှိနေသည်ကို တွေ့နိုင်သည်။ ထိုအလွှာတန်းကလေးများတွင် မျိုးမှုန်ကလေးများ ရှိသည်။ အဆိုပါ မျိုးမှုန်းကလေးများသည် ဆဲကလေးများဖြစ်သဖြင့် မှိုပင် အသစ်ကလေးများ စိုက်ပျိုးရန် အထူးသင့်လျော်လေသည်။ မျိုးမှုန်တစ်ခုကို ရိုးရိုး မျက်စိဖြင့် မမြင်နိုင်။ မိုက္ကရိုစကုပ် (အဏုကြည့် မှန်ပြောင်း)ဖြင့် ကြည့်မှ မြင်နိုင်သည်။

မှိုသည် ဖန်းဂပ်ခေါ် မှိုမျိုးဝင်ဖြစ်၍ ကလိုရိုဖီခေါ် စိမ်းရောင်ဒြပ် မပါရှိချေ။ စိမ်းရောင်ဒြပ်ရှိသော အပင်စိမ်းများသည် မိမိတို့အစာအဖြစ် လိုအပ်သော ကာဗိုဟိုက်ဒြိတ်ကို ပြုလုပ်ရန်အတွက် နေရရောင်ကို အသုံးပြုနိုင်သည်။ ယင်းတို့သည် ရေနှင့် လေတွင်ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက်မှ ကာဗိုဟိုက်ဒြိတ်ကို လုပ်ယူသည်။ မှိုတွင် စိမ်းရောင်ဒြပ် မပါရှိသောကြောင့် အခြား အပင်စိမ်းများက လုပ်ထားသည့် အစာကိုပင် အသုံး ပြုရလေသည်။ ဤသို့ဖြင့် သစ်ငုတ်တိုကြီးများ တွင်လည်းကောင်း၊ သစ်တုံးကြီးများတွင်လည်းကောင်း၊ ဆွေးမြည့်နေသော သစ်ကိုင်းများ၊ သို့မဟုတ် သစ်ရွက်များတွင် လည်းကောင်း မှိုများ ပေါက်နေသည်ကို တွေ့နိုင်သည်။

အသက်ရှင်နေသော အပင်များတွင် ပေါက်သောမှိုများကို ပရဆိုက်(ဝါ) ကပ်ပါးပင်များဟု ခေါ်သည်။ မှို၏ အဓိက အစိတ်အပိုင်းဖြစ်သော မိုင်စီလီယမ်သည် အာဟာရရှိသော ပစ္စည်း၏ အတွင်းဘက်၌သာ တည်ရှိသည်။ သစ်တုံးတစ်တုံးပေါ်တွင်ဖြစ်စေ၊ သစ်ပင်တစ်ပင်ပေါ်တွင်ဖြစ်စေ မှိုပေါက်လျှင် ထိုမှိုက သစ်တုံး၊ သို့မဟုတ် သစ်ပင်ကို ဆွေးမြည့်သွားစေသည်။ ဤသို့ ဆွေးမြည့်ခြင်းသည် မှိုအတွက် အစာကို ပို၍ ပေးနိုင်သည်။

မှိုသည် ရေငွေ့ အမြောက်အမြားကို လို၏။ နွေကူးရာသီ၊ နွေရာသီ၊ သို့မဟုတ် ဆောင်းကူးရာသီတို့၌ မိုးတစ်ကြိမ်နှစ်ကြိမ်လောက် ရွာအပြီးတွင် မှိုများ ရုတ်တရက် ပေါက်လာသည်ကို တွေ့ရသည်။

မှိုကို လူကြိုက်များသဖြင့် အချို့က စီးပွားရေးအဖြစ် စိုက်ပျိုးယူကြသည်။ အထူးသဖြင့် ဥရောပတိုက်တွင် စိုက်ယူကြသည်။ မှိုကို စိုက်ပျိုးရာတွင် အထူးပြုပြင်ထားသည့် ဆွေးမြည့်နေသော နွားချေး၊ သို့မဟုတ် မြင်းချေးများကို အသုံးပြုကြသည်။ အပူချိန် သင့်တော်သောအခါ မှိုဥများကို ထိုသို့ အထူးပြုပြင်ထားသည့် မြေဩဇာ၏ အောက်ဘက်တွင် တစ်ပေခန့်စီ ခွာ၍ စိုက်ပျိုးလေ့ရှိကြသည်။

မြန်မာနိုင်ငံ မှိုမျိုးများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မှိုများတွင် တောင်ပို့မှို ခေါ် မှိုခြေတံရှည်သည် အထင်ရှားဆုံး ဖြစ်သည်။ ထိုမှိုသည် အမည်နှင့်လိုက်ဖက်အောင် တော်သလင်းလ၌ တောင်ပို့များတွင် ပေါက်ရောက်တတ် သည်။ ဤကဲ့သို့ တောင်ပို့များပေါ်တွင် ပေါက်ရောက်တတ်သော အခြားထင်ရှားသည့် မှိုများမှာ မှိုဦးနက်နှင့် မှိုခြေတံကြီးဖြစ်သည်။ မှိုဦးနက်တွင် မှိုပွင့်၏ ထိပ်၌ အနက်ကွက်ပါရှိ၍ တစ်မိုးတွင်းလုံး ပေါက်တတ်သည်။ မှိုခြေတံကြီး မှာ ခြေတံ၌ပါရှိသော အဖုကြီးကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်သည်။ မှိုဦးနက်ကဲ့သို့ပင် တစ်မိုးတွင်းလုံး ပေါက်တတ်သော်လည်း တစ်နေရာတည်း၌ တစ်ကြိမ်လျှင် သုံးလေးပွင့် ထက်ပို၍ တွေ့ရခဲ့သည်။ တောင်ပို့မှိုကဲ့သို့ အလားတူ ထင်ရှားသော အခြားမှိုတစ်မျိုးမှာ အထက်ပိုင်း၌ ငှက်ကွေ့စား၊ သို့မဟုတ် မှိုဖြူဟုခေါ်သည်။ ဤမှိုမျိုးသည် နယုန်လလောက်တွင် လှိုင်လှိုင်ကြီး ပေါက်ရောက်တတ်၍ တစ်ခါတစ်ရံ ဤမှိုများ ပေါက်ရောက်တတ်သော နေရာ အကျယ်အဝန်းမှာ မြင်းတစ်ပြေးတည်းရှိသည်ဟု အဆိုရှိသည်။ ရွှင်ပြသော မျက်နှာရှိသူကို မှိုရသော မျက်နှာဟု တင်စားသုံးစွဲကြရာ၌ ဖက်သွတ်မှိုကဲ့သို့ မှိုခင်းကြီးကို တွေ့ရသူဟု ဆိုလိုဟန်တူသည်။ အခြား ထင်ရှားသော မှိုများမှာ မိုးတွင်း၌ ပေါက်ရောက်တတ်သည့် ဝါးမှို၊ နယုန်လ လောက်၌ ပေါက်ရောက်တတ်သော မှိုကြက်တောင်၊ မိုးဦးကျတွင် ပေါက်ရောက်တတ်သော ကောက်ရိုးမှိုနှင့် မြက်ကြားမှိုခေါ် ဆန်ကွဲမှိုများ ဖြစ်သည်။ အထက်ပါ မှိုများမှာ စားကောင်းသောမှိုများဖြစ်သော်လည်း အလေ့ကျသာ ပေါက်ရောက်တတ်သဖြင့် မှိုရှာသူများသည် အဆိပ်ရှိသော မှိုများနှင့် မမှားရအောင် အလွန် သတိကြီးစွာ ထားရသည်။ မှိုဥအမျိုးမျိုးမှာလည်း မှိုထဲ၌ အကျုံးဝင်သည်။ မြန်မာနိုင်ငံတွင်ရှိသော မှိုဥတစ်မျိုးမှာ ကဆုန်၊ နယုန်လများ၌ တောင်ကုန်းများတွင် ပေါက်ရောက်တတ်၍ အင်ဥ ဟု လူသိများသည်။ မှိုဥဟူသမျှမှာ အဆိပ်အတောက်ကင်း၍ ယင်းတို့ကို လူတို့ စားသုံးကြသည်။ သို့သော် အရသာမှာ အမျိုးမျိုး ကွဲပြားကြ၍ အချို့သော မှိုဥများ၌ ခါးသက်သော အရသာပင်ရှိသည်။ မှိုဥများ ကြီးရင့်လာသောအခါ အထဲ၌ အမျှင်များနှင့် မျိုးမှုန်များ ဖြစ်လာသဖြင့် ငယ်၍ နုနေသောအခါ စားသုံးရန် အကောင်းဆုံးဖြစ်သည်။ သို့သော် အဆိပ်ကို ဖြစ်စေတတ်သည့် မှိုအချို့သည် အပင်ပေါက်စ၌ အလုံးပုံရှိ၍ ဤမှိုများနှင့် မမှားယွင်းရအောင် အထူးဂရုပြုရသည်။ မှိုဥများ ပေါက်ကွဲသွားသောအခါ အထဲ၌ရှိသော မျိုးမှုန်တို့သည် မီးခိုး ကဲ့သို့ ထွက်လာလေသည်။

အဆိပ်ရှိသော မှိုမျိုးစိတ်များ[ပြင်ဆင်ရန်]

အဆိပ်ရှိသော မှိုများသည် အားလုံးပင် အမန်နီတာမျိုးစု၌ အကျုံးဝင်၍ ဤမျိုးစု၏ လက္ခဏာများကို သေချာစွာ သိရှိရန် အရေးကြီးသည်။ အမန်နီတာမျိုး၌ များသောအားဖြင့် ဖြူသော မျိုးမှုန်နှင့် အလွှာတန်း များ ပါရှိကြသည့်ပြင် ငယ်သော မှိုပွင့်များ၌ အမြှေးဖုံးအုပ်ပါရှိတတ်သည်။ မှိုပွင့်ကြီးလာသောအခါ မှိုတံထိုး တက်လာသဖြင့် ဤအမြှေးသည် ပေါက်ထွက် သွား၍ မှိုတံရင်း၌ ခွက်သဖွယ်ဖြစ်၍ ကျန်ရစ်လေသည်။ ထိုခွက်ကို အချို့မှိုမျိုး၌ သေချာစွာ တွေ့မြင်ရသော်လည်း အချို့ မှိုမျိုး၌မူကား ထင်ထင်ရှားရှား မတွေ့ရချေ။ အချို့သောမှိုမျိုး၌ မှိုတံ ထိုးတက်လာသောအခါ အမြှေး၏ အထက်ဘက်ခြမ်းသည် ပြတ်၍ မှိုထိပ်တွင် စွပ်လျက် ပါသွားသည်၊ အမြှေး၏ ကျန်တစ်ပိုင်းသည် မှိုတံရင်း၌ ခက်သဖွယ် ထင်ထင်ရှားရှား ကျန်ရစ်လေသည်။ မှိုတွင် ပါသွားသော အမြှေးသည် မှိုပွင့်လာသောအခါ မှိုပွင့်နှင့်အတူ ကြီးလာ၍ ချပ်လွှာသဖွယ် အကြေးများ ဖြစ်လာသည်။ အက်ဂါရိကပ်မှိုတို့၌လည်း မကြီးရင့်မီ ဖြူသော အလွှာတန်းများ ရှိတတ်ရာ အထက်ဖော်ပြပါ အမန်နီတာမျိုးစုတွင် ပါဝင်သော မှိုများနှင့် ခွဲမရဘဲ ရှိတတ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မှိုထိပ်၌ ချပ်လွှာသကဲ့သို့ အကြေးရှိ မရှိကိုလည်း‌ကောင်း၊ မှိုတံရင်း၌ ခွက်ကဲ့သို့ အမြှေးငယ် ရှိ မရှိကိုလည်းကောင်း စုံစမ်း၍ တစ်မျိုးနှင့်တစ်မျိုး ခွဲခြား သိရှိရာသည်။ ကျွန်ုပ်တို့သည် မှိုများကို မစားသောက်မီ အဆိပ်အတောက် ကင်းကြောင်းကို အသေအချာ သိရှိရန် ရွေးချယ်ရုံနှင့် မပြီးသေးဘဲ လတ်ဆတ်သော မှိုများကိုသာ ရွေးချယ်၍ ချက်ပြုတ်စားသောက်ရန်လည်း အရေးကြီးသည်။

မှိုများကို စား၍ အဆိပ်တောက်ပြီးလျှင် သေဆုံးမှုများကို ကျွန်ုပ်တို့ မကြာခဏ ကြားရသည်။ တစ်ခါတစ်ရံ အိမ်လုံးကျွတ်လိုပင် မှိုတောက်၍ မူးဝေခြင်း၊ အော့အန်ခြင်း စသော ဝေဒနာကို အပြင်းအထန် ခံစားရတတ်သည်။ ဤသို့ဖြစ်ရခြင်း အကြောင်းကို သေချာစွာ စေ့ငုကြည့်သောအခါ များသောအားဖြင့် လူတို့သည် အမန်နီတာခေါ် အဆိပ်ရှိသော မှိုကို စားသောက်မိခြင်းကြောင့်ဖြစ်ကြောင်းကို တွေ့ရသည်။ အချို့သောသူတို့ မှာ စားကောင်းသောမှိုများကို စားလျက်နှင့်ပင် မှိုတောက်၍ သေဆုံးသွားတတ်ရာ ဤသို့ ဖြစ်ရခြင်းမှာ ပုပ်သိုးနေသော မှိုများကို စားသောက်၍ ဖြစ်ရသည်ဟု ထင်မှတ်ဖွယ်ရာရှိသည်။ အကယ်၍ မှိုကြောင့် အဆိပ်အတောက်ဖြစ်ခဲ့သော် လူနာကို အနီးဆုံး ဆရာဝန်ထံသို့ မြန်နိုင်သမျှ မြန်အောင် ပို့ဆောင်ပေးရပေမည်။ အဆိပ်တောက်ခါစ လူတွင် ဖြစ်ပျက်တတ်သော လက္ခဏာများမှာ အော့အန်ခြင်း၊ ဓာတ်လျှောခြင်း၊ တံတွေးများစွာထွက်ခြင်း၊ ဆီးချုပ်ခြင်း၊ မျက်လုံးဝေလာခြင်းများဖြစ်ပြီးလျှင် ထိုင်းမှိုင်းခြင်း၊ ချွေးထွက်ခြင်းနှင့် နှလုံး သွေးအားနည်းခြင်း စသည်များ ဖြစ်လာတတ်သည်။ ကုမရသော ဝေဒနာတွင် နှစ်ရက်သုံးရက်မျှ ထိုင်းမှိုင်း နေပြီးလျှင် လူနာသည် သွေးအားနည်း၍ သေဆုံးသွားလေသည်။ မှိုကြောင့် အဆိပ်တောက်နေသော လူတစ်ယောက်ကို ကုစားရာ၌ စားသောက်ထားသောမှိုကို အစာလမ်းကြောင်းမှ ထုတ်ပစ်ပြီးလျှင် အက်တြိုပင် ကဲ့သို့သော ဆေးကို ထိုးပေးရလေသည်။ [၂]

မှိုဆိပ်များ[ပြင်ဆင်ရန်]

မှိုမျိုး အများစုသည် ဇီဝအာနိသင် ရှိသော ဒြပ်ပေါင်းများ ထုတ်လွှတ်ကြသည်။ ဒြပ်ပေါင်းအများအပြားမှာ အကောင် သို့မဟုတ် အပင် များကို အဆိပ်သင့်စေသဖြင့် မှိုဆိပ်ဟု ခေါ်တွင်ကြသည်။ လူတို့နှင့် အဓိက သက်ဆိုင်သည်မှာ အစားအစာများကို ပျက်စီးစေသော မှိုဆိပ် နှင့် အစာအဆိပ်သင့်စေသော အဆိပ်ရှိမှိုများ (အထက်တွင်ရှု) ဖြစ်သည်။ နာမည်ကျော် မှိုဆိပ်များမှာ Amanita မှိုမျိုးစိတ်များတွင် တွေ့ရသော သေစေနိုင်သော amatoxins နှင့် rye ခေါ် ရိုင်းစပါး (ရိုင်းဂျုံ) နှင့်အတူ တွေ့ရတတ်သော ergot မှိုဖြစ်သည့် Claviceps purpurea ၏ မှိုမျှင်ထု sclerotia တွင် တွေ့ရသော အားဂေါ့ အယ်လကာလွိုက် (ergot alkaloids) ဖြစ်သည်။ အားဂေါ့ အယ်လကာလွိုက် သည် ရိုင်းဂျုံ စားသုံးသူများတွင် အာဂေါ်တဇင် (ergotism) ခေါ် အားဂေါ့ အဆိပ်သင့်ခြင်း ကို ဖြစ်စေသည်။ [၃]အခြား မှိုဆိပ်တမျိုးမှာ အချို့ အက်စ်ပါဂျီးလပ်စ် Aspergillus မျိုးစိတ်များတွင် တွေ့ရသော အက်ဖလာတောက်ဆင် aflatoxin ဖြစ်သည်။ အက်စ်ပါဂျီးလပ်စ် မှိုမျိုးမှာ လူတို့ စားသုံးသော အနှံ နှင့် ခွံမာသီးများ တွင် တွေ့ရတတ်ပြီး စားသုံးသူတို့အတွက် အသည်းအဆိပ် များ ဖြစ်လာပြီး ကင်ဆာ ဖြစ်စေနိုင်သည်။ အခြား မှိုဆိပ်များမှာ လူ့အစားအစာ နှင့် မွေးမြူရေးတိရစ္ဆာန်တို့ တွင် သက်ရောက်မှု ရှိသော ochratoxins, patulin, နှင့် richothecenes (ဥပမာ T-2 mycotoxin) နှင့် fumonisins တို့ဖြစ်သည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. "Taxonomic proposals for the classification of marine yeasts and other yeast-like fungi including the smuts" (1980). Botanica Marina 23: 361–373. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
  3. Schardl CL, Panaccione DG, Tudzynski P (2006). Ergot alkaloids--biology and molecular biology. The Alkaloids: Chemistry and Biology. Vol. 63. pp. 45–86. https://www.sciencedirect.com/science/article/abs/pii/S1099483106630022?via%3Dihub
  4. Janik, Edyta; Niemcewicz, Marcin; Ceremuga, Michal; Stela, Maksymilian; Saluk-Bijak, Joanna; Siadkowski, Adrian; Bijak, Michal (2020) "Molecular Aspects of Mycotoxins—A Serious Problem for Human Health" International Journal of Molecular Sciences https://www.ncbi.nlm.nih.gov/pmc/articles/PMC7662353/