အဂူးတီကောင်
| အဂူးတီကောင် (Agouti) | |
|---|---|
| Central American agouti | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| မျိုးစဉ်: | Rodentia |
| မျိုးရင်း: | Dasyproctidae |
| မျိုးစု: | Dasyprocta Illiger, 1811 |
| Species | |
|
See text | |

အဂူးတီကောင်သည် အနောက်အိန္ဒိယကျွန်းစုနှင့် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ တောင်ဘက် တောင်အမေရိကတိုက်တစ်လျှောက်ရှိ ပူနွေးသော တောနက်များ၌နေ၍ ထိုဒေသရှိ ကြံခင်းများ၊ ငှက်ပျောခင်းကြီးများကို အလွန်ဖျက်ဆီးတတ်သည့် ကိုက်ဖြတ်သတ္တဝါမျိုး ဖြစ်သည်။ ပူးများကဲ့သို့ အက်စီ ပရော့တီဒီး မျိုးရင်းတွင် ပါဝင်၍ ဇီဝဗေဒအလိုအရ ဒက်စီပရော့တား အဂူးတီဟု ခေါ်သည်။ ယုန်နှင့် အတော်အတန် တူသည်။ သို့သော် နားရွက်မှာ တို၍ ဝိုင်းသည်။ ကိုယ်အလျား ၁၈ လက်မခန့် ရှည်သည်။ အမြီးမှာ မရှိသလောက် တိုသည်။ ခြေလက်များသည် ရှည်၍ သေးသွယ်သည်။ ပြေးသောအခါ သမင်ကလေးပြေးသည်နှင့် တူသည်ဟု ဆိုသည်။
အဂူးတီကောင်သည် နီညိုညိုအရောင်ရှိ၍ အသားမှာ ဖြူ၏။ စား၍ ကောင်းသဖြင့် လူကြိုက်များသည်။ အခြား မျိုးတူရွက်စား သတ္တဝါကလေးများကဲ့သို့ ညဉ့်အခါ အကောင် ၂ဝ လောက်အုပ်ဖွဲ့၍ လှည့်လည် ကျက်စားတတ်ကြသည်။ တောကြောင်၊ ကျား၊ ကျားသစ်များက ဖမ်းဆီး သတ်ဖြတ်စားခြင်းကို ခံကြရသည်။ နေ့အချိန်တွင် သစ်ခေါင်းများ၌ဖြစ်စေ၊ မြေတွင်းများ၌ဖြစ်စေ ပုန်းအောင်းနေတတ်ကြသည်။ အဂူးတီကောင်သည် သစ်မြစ်များ၊ အရွက်များ၊ အသီးမာများကို စားသည်။ အလွန် ရေကူးကောင်းသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
| ဤ နို့တိုက်သတ္တဝါအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |