ငှက်ပျော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငှက်ပျောပင် နှင့် ငှက်ပျောသီး

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အပါအဝင်ဖြစ်သော အာရှတိုက် တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရာ ဒေသများ ဖြစ်သည်။ ထိုဒေသရှိ တိုင်းရင်းသားတို့သည် ငှက်ပျောကို မိမိတို့ စားသုံးရန် စိုက်ပျိုးကြသည်။ ယခုအခါ ငှက်ပျောကို အကြီးအကျယ် စိုက်ပျိုးလျက်ရှိသည့် အနောက်အိန္ဒိယကျွန်းစုကို ကိုလံဗပ်တွေ့ရှိစဉ်က ထိုကျွန်းစုတွင် ငှက်ပျောပင်ကို စတင်၍ စိုက်ပျိုးခြင်း မရှိသေး။ ခရစ် ၁၅၂ဝ ပြည့်နှစ်သို့ရောက်မှ ထို ကျွန်းစုတွင် ငှက်ပျောပင်ကို စတင် စိုက်ပျိုးသည်။ ယင်းသို့ ငှက်ပျောပင်ကို စိုက်ပျိုးကြည့်ရာတွင် ကောင်းစွာ ဖြစ်ထွန်း သဖြင့် အနောက်အိန္ဒိယကျွန်းစု အပါအဝင်ဖြစ်သော အမေရိက တိုက်အလယ်ပိုင်းသည် ယခုအချိန်အခါတွင် ကမ္ဘာပေါ်၌ ငှက်ပျောသီး အများဆုံး ထွက်သောအရပ်ဒေသ ဖြစ်နေလေပြီ။


ရှေးအခါက တောကြီးမျက်မည်းဖြစ်၍ ရောဂါဘယထူပြော သော အပူပိုင်း အရပ်ဒေသများသည် ယခုအခါတွင် ငှက်ပျော စိုက်ခင်းကြီးများ ဖြစ်လာကြသည်။ ယခင်က သမပိုင်းဇုန်၌ နေထိုင်သူတို့တွင် ငှက်ပျောသီးကို လူတိုင်းပင် မမြင်ဘူး။ မစားဘူးကြချေ။ မီးင်္ဘောများ စတင်ပေါ်ပေါက်လာသည့် အခါမှ အလွန်အမှည့်လွယ်သော ငှက်ပျောသီးများကို လိုရာ အရပ်သို့ သယ်ယူရောင်းချနိုင်ကြသည်။ ငှက်ပျောစိုက်ခင်းများမှ သင်္ဘောကမ်းသို့ ငှက်ပျောခိုင် အစိမ်းလိုက်ကို အထူးမီးရထား တွဲများဖြင့် တင်ပို့သည်။ ငှက်ပျောခိုင်များထားရာ အခန်းမှာ အပူချိန် ၅၆ ဒီဂရီ(56 °F) သာ ရှိရပေမည်။ အသီးများ အခိုင်မှ ကြွေ မကျစေရန် အတင်အချတွင် အလွန်ဂရုစိုက်ရသည်။ လိုရာမြို့ကြီး များသို့ ငှက်ပျောခိုင်အစိမ်းများ ရောက်သောအခါ အမှည့်ခံ အခန်းများတွင် ငှက်ပျောခိုင်များကို အပူဓာတ်ပေးခြင်းဖြင့် နာရီ အနည်းငယ်အတွင်း အသီးများ ဝင်းထိန်၍ မှည့်လာကြသည်။ ငှက်ပျောပင်သည် ၁၂ ပေ မှ ၃ဝ ပေအထိမြင့်သော တစ်နှစ်ခံ ပင်မျိုးဖြစ်၍ ရှည်ဖားဖား အရွက်ကြီးများရှိသည်။ ငှက်ပျောပင် တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာ ထွက်၍ အခိုင်ကို ခုတ်ယူပြီး နောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက် ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်းများကို ပင်မမှ ခွဲထုတ်၍ စိုက်ပျိုးကြပြန်သည်။ သို့အားဖြင့် ငှက်ပျော ပင်များကို မျိုးပွားယူကြ၏။ အပင် ၁၂ လမှ ၁၈ လအထိရှိမှ အသီးများ ထွက်လာသည်။ ငှက်ပျောသီးတွင် ရေ ၇၅ ရာခိုင် နှုန်းပါသည်။ အသီးတွင် ပါရှိသော ကစီဓာတ်သည် အသီးမှည့် လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံး ရာ၌ အလွန်အနှစ်အရသာနှင့် ပြည့်စုံသည်။ ငှက်ပျောသီးသည် လူတို့အတွက် အာဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ရပ် ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် လူတို့သိနှင့်ပြီးသော ငှက်ပျောပင် မျိုးပေါင်း ၇ဝ နီးပါးရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ထင်ရှားသော ငှက်ပျောမျိုးမှာ ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊ သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်၊ ငှက်ပျောခဉ်၊ ရွှေနီနှင့် ဝက်မလွတ်တို့ ဖြစ်သည်။ အလုံးအလွန်ကြီးထွား သော ငှက်ပျောမျိုးကို မြန်မာနိုင်ငံတွင် ဆင်အံ သို့မဟုတ် ဗျပ်ပြည့် သို့မဟုတ် မောင်ကြီးပင့်ပါဟု ခေါ်ကြသည်။ သမပိုင်း နိုင်ငံတို့တွင် ဂျုံနှင့် အာလူးကို အဓိကအာဟာရအဖြစ် မှီဝဲ သကဲ့သို့ အပူပိုင်းဒေသရှိ တိုင်းပြည်အချို့တွင် ငှက်ပျောသီး အစိမ်းများကို အဓိကအာဟာရ အဖြစ်ဖြင့် စားသုံးကြသည်။


ငှက်ပျောသီးမှည့်များကို သကြားဖြူး၍ နေလှန်းလျှင် တာရှည်ခံသော ငှက်ပျောခြောက်ကို ရရှိသည်။ ငှက်ပျော ခြောက်များမှာ ချို၍ အရသာရှိသောကြောင့် အချိုစားဖွယ်အဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံတွင် ပခုက္ကူခရိုင်၊ ပြည်ခရိုင်နှင့် ဟင်္သတခရိုင်တို့တွင် ငှက်ပျောခြောက်ကို လုပ်ကြသည်။ သို့သော် ဟင်္သတခရိုင် မြန်အောင်မြို့နယ်မှ အများဆုံး ထွက်သည်။ ငှက်ပျောသီးစိမ်းကို အခြောက်လှန်းပြီးနောက် အမှုန့်ကြိတ်၍လည်း အပူပိုင်းအရပ်များ၌ သုံးကြသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ငှက်ပျောဖူး၊ ငှက်ပျောအူနှင့် ငှက်ပျော့ပွင့်များကို ချက်ပြုတ်စားသောက်ကြသည်။ ငှက်ပျောရွက်များမှာ အလွန်အသုံးဝင်သည်။ ထိုအရွက်ကား ကြီးများကို အမျှင်အမျှင်ဆုတ်၍ ဖျာနှင့်ဖျင်ကြမ်းရက်လုပ်ကြ သည်။ အသီးညံ့ဖျင်းသော ငှက်ပျောပင်တစ်မျိုး၏လျှော်ကို ကြိုးကျစ်ကြသည်။ ထိုလျှော်ကို စက္ကူလုပ်နိုင်သည်။ အလွန် ခိုင်ခံ့သော မနီလာကြိုးနှင့် မနီလာစက္ကူတို့ကို ငှက်ပျောလျှော် များမှ ပြုလုပ်ကြသည်။ ကမ္ဘာပေါ်တွင် ငှက်ပျောလုပ်ငန်းကို အကြီးအကျယ်လုပ်သော ဗဟားမားကျွန်း၊ ဟေတီကျွန်းနှင့် ဖိလစ်ပိုင်ကျွန်းတို့၌ ငှက်ပျောလျှော် ဖျင်ကြမ်းနှင့်ကြိုးများထွက် သည်။


ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံကြီးစ၍ ထွက်ပြူလာ သည်။ ထိုငှက်ပျောဖူးတွင် အပွင့်ခိုင်ကလေးများကို ဖုံးကွယ် ထားသော ခရမ်းရင့်ရောင်အဖတ်များဖြင့် သိပ်သည်းစွာ အထပ် ထပ်ဖုံးနေသည်ကို တွေ့ရသည်။ ရှေးဦးစွာ ထွက်လာသော အပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများ ဖြစ်လာသည်။ နောက်မှထွက်သည့် အပွင့်ခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက် စီးသွားလေသည်။ ငှက်ပျောမျိုးကိုလိုက်၍ ငှက်ပျောတစ်ခိုင်တွင် အဖီး အနည်းအများ ပါရှိသည်။ စံမှီငှက်ပျောတခိုင်တွင် အဖီး ၉ ဖီး မျှပါ၍ တစ်ဖီးလျှင် အသီး ၁ဝ လုံးမှ ၁၅ လုံးအထိ ရှိတတ်သည်။ သီးစတွင် ငှက်ပျောခိုင်ရှိ ငှက်ပျောသီးများသည် ထိုးထိုးထောင်ထောင် ရှိတတ်သော်လည်း ကြီးရင့်လာသည့်အခါ အသီးများသည် အညှာရင်းဖက်သို့ လေး၍ ကျသွားသည်။ မလ္လာယုကျွန်းစှမှ ငှက်ပျောအကောင်းဆုံးထွက်သည်။ ထိုငှက် ပျောမျိုးသည် အသားနူးညံ့သည့်အပြင် နှင်းဆီနံ့သင်းသည်။ ဖိလစ်ပိုင်ကျွန်းစုနှင့် အိန္ဒိယနိုင်ငံတို့မှလည်း ငှက်ပျောမျိုး ကောင်းများ ထွက်သည်။ ထင်ရှားသော ငှက်ပျောမျိုးများ ထွက်သည့် အခြားနိုင်ငံတို့မှာ ဂျမေးကားကျွန်းနှင့် အမေရိက တိုက် အလယ်ပိုင်း၊ ကနေရီကျွန်းနှင့် တောင်အမေရိကတိုက် တို့ ဖြစ်သည်။ ဂျမေကာကျွန်းနှင့် အမေရိကတိုက် အလယ် ပိုင်းမှ အလုံးထွား၍ အခွံချောမွတ်သော ငှက်ပျောမျိုးထွက် သည်။ အရောင်ဝါသည်။ ဤငှက်ပျောမျိုးကို အများအားဖြင့် ဗြိတိန်ကျွန်းသို့ တင်ပို့ရောင်းချသည်။ ကနေရီကျွန်း ငှက်ပျော မျိုးကို တရုတ်ငှက်ပျောပုဟုလည်း ခေါ်သည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်တွင် အခြားငှက်ပျောမျိုး များ မဖြစ်ထွန်းနိုင်သည့် အပိုင်းများ၌ ဤကနေရီကျွန်း ငှက် ပျောမျိုးကို စိုက်ပျိုးကြသည်။ ဂျမေကာကျွန်းမှလည်း ရွှေနီ ငှက်ပျောမျိုး ထွက်သည်။ သို့သော် ထိုငှက်ပျောသီးမှာ အညှာ လွယ်သဖြင့် ရပ်ဝေးသို့ အခိုင်မပျက် တင်ပို့ရန် ခဲယဉ်းသည်။


အချို့ငှက်ပျောမျိုးမှာ အခွံပါး၍ အကိုင်အတွယ်မခံသဖြင့် စိုက်ပျိုးရာအရပ်များ၌သာ စားသုံးကြရသည်။ မြန်မာနိုင်ငံ၌ အထက်တွင် ဖော်ပြခဲ့ပြီးသော ထင်ရှားသည့် ငှက်ပျောမျိုးများ အပြင် တောငှက်ပျောခေါ် ငှက်ပျောပင် ရိုင်းများလည်း ရှိပေ သေးသည်။ ထိုငှက်ပျောပင်များသည် တောတွင်းရပ်များ၌ အလေ့ကျပေါက်၍ အသီးများတွင် အစေ့ထူသည်။ ယင်း ငှက်ပျောစေ့များကို စိုက်လျှင် အပင်ပေါက်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)