ဟဲလင်နစ်စတစ်ခေတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆာမိုသရေ့စ်ကျွန်းမှ နီကီး(နိုက်ကီး) နတ်ဘုရားမရုပ်တု၊ ဟဲလင်နစ်စတစ်ခေတ် အနုပညာ၏ အပြောင်မြောက်ဆုံးလက်ရာတစ်ခုအဖြစ် ဖော်ပြကြသည်။

ဟဲလင်နစ်စတစ်ခေတ် (အင်္ဂလိပ်: Hellenistic period; /ဟဲလင်နစ်(စ်)တစ်ခ်/ ) သည် မြေထဲပင်လယ်ဒေသ၏ သမိုင်းခေတ်ကာလတစ်ခုကို လွှမ်းခြုံနိုင်သော ခေတ်ဖြစ်၍ ဘီစီ (၃၂၃) မဟာအလက်ဇန္ဒားဘုရင် သေဆုံးသောအချိန်နှင့် ဘီစီ (၃၁) တွင်ဖြစ်ပွားသော အက်ခ်တီယန်တိုက်ပွဲ[၁] နှင့် နောက်တစ်နှစ်တွင် တောလာမေးယစ် အီဂျစ်ပြည်ကို သိမ်းပိုက်အနိုင်ယူခြင်း စသည်တို့က လက္ခဏာညွှန်ပြမှုအဖြစ် ရောမအင်ပါယာ ပေါ်ထွန်းလာသည့် အချိန်ကာလကြားဖြစ်သည်။[၂] ဂရိဘာသာ စကားလုံး Hellas (Ἑλλάς အီးလာ့စ်, Ellás : အဲလာ့ရှ်) သည် မူလအားဖြင့် အကျယ်တဝံ့ အသိအမှတ်ပြုထားသော 'ဂရိ' ဆိုသောအမည်ဖြစ်၍ ယင်းမှ 'Hellenistic' ဟူသော စကားလုံးဆင်းသက်လာခဲ့သည်။[၃]

ဟဲလင်နစ်စတစ်ခေတ်အတွင်း ဂရိတို့၏ ယဉ်ကျေးမှုဩဇာညောင်းမှုနှင့် အာဏာတို့သည် ပထဝီဒေသဆိုင်ရာ ချဲ့ထွင်ခြင်း အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီး မြေထဲပင်လယ်ဒေသများ၊ အနောက်ဥရောပဒေသအများစု၊ အလယ်ပိုင်း အာရှဒေသနှင့် အိန္ဒိယဒေသအချို့အစိတ်အပိုင်းများကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။ ထိုစဉ်ကာလ၌ အနုပညာ၊ စူးစမ်းလေ့လာရှာဖွေခြင်း၊ စာပေ၊ ဂီတ၊ ဗိသုကာ၊ သင်္ချာ၊ ဒဿန၊ သိပ္ပံပညာရပ်များ တိုးတက်လာမှုနှင့်အတူ ချမ်းသာကြွယ်ဝခြင်းများရှိခဲ့သည်။ အကူးအပြောင်းကာလတစ်ခုအဖြစ်လည်း များသောအားဖြင့် ယူဆကြ၍ ဂရိဂန္ထဝင်ခေတ်၏ ဉာဏ်အလင်းထွန်းတောက်ခြင်းနှင့် နှိုင်းယှဉ်ပါက ရံခါတွင် အစစအရာရာ ယိုယွင်းကျဆင်းလာသော ခေတ်အဖြစ်လည်း သတ်မှတ်ကြသည်။[၄] ဟဲလင်နစ်စတစ်ခေတ်တွင် အသောခေတ်တစ်ရပ် (ဟာသ) ၊ အလက်ဇန္ဒားခေတ် ကဗျာများ၊ စတိုးအစ် (ဝစ်) ဝါဒ၊ အက်ပစ်ခူးရပ်စ်ဝါဒ၊ ပစ်ရိုးဝါဒ စသည့်များ ပေါ်ပေါက်လာခဲ့ကြသည်။ ဂရိလောကဓာတ်ပညာရပ်များသည် သင်္ချာပညာရှင် ယူကလစ် နှင့် စွယ်စုံပညာရှင် အာခီမီးဒီးစ်တို့၏ လက်ရာများဖြင့် တိုးတက်လာခဲ့ကြသည်။ ဘာသာရေးအဝန်းအဝိုင်းတွင်လည်း ဂရိ-အီဂျစ်နတ်များဖြစ်သော ဆဲရာပစ်၊ အရှေ့ဖက်နတ်များဖြစ်သည့် အဲတစ်၊ ဆစ်ဘစ်လီတို့ ပါဝင်လာကာ ဘက်ထရီးယာဒေသ (အာဖဂန်၊ တာဂျစ်ကစ္စတန် စသည့် ဒေသများ) နှင့် အိန္ဒိယအနောက်မြောက်ဒေသမှ ဗုဒ္ဓဘာသာနှင့် ဟဲလင်နစ်စတစ် ယဉ်ကျေးမှုများ ရောနှောပေါင်းစပ်ခဲ့ကြသည်။

ဒိုင်ယာနိုက်ဆပ်စ်ရုပ်တု (ဟဲလင်နစ်စတစ်ခေတ်) ၊ ယေးလ်ရှိ ရှေးဟောင်းအနုပညာ စုဆောင်းထားမှုမှဖြစ်သည်။

အလက်ဇန္ဒားဘုရင်၏ အာခီးမန်နစ်အင်ပါယာ (ပါရှား) ကို ဘီစီ (၃၃၀) တွင် ကျူးကျော်ခြင်းနှင့် မကြာမီ အားနည်းပြိုပျက်ခြင်းပြီးနောက် ဟဲလင်နစ်စတစ် တိုင်းပြည်များကို အာရှအနောက်တောင်တွင် (ဆစ်လူးဆစ် အင်ပါယာ၊ ပါးဂါမန် တိုင်းပြည်)၊ အာဖရိက အရှေ့မြောက်တွင် (တောလာမေးယစ်တိုင်းပြည်)၊ တောင်အာရှတွင် ဂရိ-ဘက်ထရီးယာ တိုင်းပြည်၊ အိန္ဒိယ-ဂရိ တိုင်းပြည်) စသည့် တိုင်းနိုင်ငံများ ထူထောင်လာခဲ့ကြသည်။ ဤဟဲလင်နစ်စတစ်ခေတ်ကို ဂရိတို့၏ ကျူးကျော်သိမ်းပိုက်ခြင်း လှိုင်းသစ်အဖြစ် ခွဲခြားဖော်ပြခဲ့ကြ၏ ။[၅] ထိုကျူကျော်သိမ်းပိုက်ခြင်းများက အာရှနှင့် အာဖရိကတို့၌ ဂရိတိုင်းပြည်များ၊ မြို့ပြများကို တည်ထောင်ဖြစ်ထွန်းစေခဲ့သည်။[၆] ဂရိယဉ်ကျေးမှုနှင့် ဘာသာစကားများကို ထိုတိုင်းနိုင်ငံအသစ်များဆီသို့ ရလဒ်အားဖြင့် တင်သွင်းယူဆောင်နိုင်ခဲ့ပြီး ယနေ့ခေတ် အိန္ဒိယနိုင်ငံအထိပါ ဖြန့်ကျက်နိုင်ခဲ့ပေသည်။ တူညီမျှတစွာပင် ထိုတိုင်းနိုင်ငံအသစ်များကိုလည်း မူရင်းဒေသခံတို့၏ ယဉ်ကျေးမှုက ပြန်လှန်လွှမ်းမိုးနိုင်ခဲ့ကြီး ဒေသဆိုင်ရာ ရိုးရာဓလေ့များကို လက်ခံကျင့်သုံးခဲ့ကြလေသည်။ ထို့ကြောင့်ပင် ဟဲလင်နစ်စတစ်ယဉ်ကျေးမှုသည် ရှေးခေတ်ဂရိကမ္ဘာနှင့် အနောက်အာရှ၊ အရှေ့မြောက်အာဖရိက၊ အနောက်တောင်အာရှ တို့၏ ယဉ်ကျေးမှုများ ပေါင်းစပ်ထားမှုကို ကိုယ်စားပြုနိုင်ပေသည်။[၇] ဤသို့ရောနှောမှုကပင် ဟဲလင်နစ်စတစ်ကမ္ဘာတစ်လျှောက် အများသုံးဘာသာစကားဖြစ်လာသော 'ကွိုင်းနီးဂရိ' ဘာသာစကားအဖြစ် အသိများသော အဲတစ်ဘာသာစကားကို (ရှေးအေသင်တွင်ပြောသောစကား) အခြေခံသော ဂရိဒေသယိစကားတစ်ရပ် ပေါ်ပေါက်စေခဲ့သည်။

ဟဲလင်နစ်စတစ်ခေတ်၏ အဆုံးသတ်ကာလကို ညွှန်းဆိုရာတွင် ပညာရှင်များ၊ သမိုင်းဆရာများမှာ မတူညီကြချေ။ အာခီးယန်စစ်ပွဲအပြီး ရောမတို့က ဂရိ၏ အဓိကနယ်မြေများကို နောက်ဆုံးသိမ်းယူနိုင်ခြင်း (ဘီစီ ၁၄၆) (သို့) တောလာမေးယစ်တိုင်းပြည်ကို အက်ခ်တီယန်တိုက်ပွဲအပြီး ချေမှုန်းနိုင်ခြင်း (ဘီစီ ၃၁) (သို့) ရောမဧကရာဇ် မဟာကွန်စတန်တိုင်းက နိုင်ငံမြို့တော်ကို ကွန်စတန်တီနိုပယ်မြို့သို့ ပြောင်းရွှေ့တည်ထောင်ခြင်း (အေဒီ ၃၃၀) စသည့်ဖြစ်ရပ်များထဲမှ တစ်ခုခုဖြင့် ဤခေတ်ကာလ၏ အဆုံးသတ်ကို ယူနိုင်သည်။[၈][၉] ဟဲလင်နစ်စတစ် (Hellenistic) ကို ဟဲလန်းနစ် (Hellenic) နှင့်မတူဘဲ ကွာခြားရာ ပထမစကားလုံးသည် ရှေးဂရိတို့၏ တိုက်ရိုက်ဩဇာညောင်းသော နယ်ပယ်တစ်ထုလုံးကို ဆိုဘိုပြီး ဒုတိယစကားလုံးမှာ 'ဂရိ'ဆိုသော အမည်ကိုသီးသန့်ရည်ညွှန်းသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Art of the Hellenistic Age and the Hellenistic Tradition. Heilbrunn Timeline of Art History, Metropolitan Museum of Art, 2013. Retrieved 27 May 2013. Archived here.
  2. Hellenistic Age. Encyclopædia Britannica, 2013. Retrieved 27 May 2013. Archived here.
  3. Alexander the Great and the Hellenistic Age (in en)။
  4. Green, Peter (2008). Alexander The Great and the Hellenistic Age. London: Orion. ISBN 978-0-7538-2413-9 
  5. Professor Gerhard Rempel, Hellenistic Civilization (Western New England College) Archived 2008-07-05 at the Wayback Machine..
  6. Ulrich Wilcken, Griechische Geschichte im Rahmen der Altertumsgeschichte.
  7. Green, p. xvii.
  8. "Hellenistic Age". Encyclopædia Britannica Online. Encyclopædia Britannica, Inc. Retrieved 8 September 2012. 
  9. Green, P (2008). Alexander The Great and the Hellenistic Age, xiii. ISBN 978-0-7538-2413-9