ဂရိဘာသာနှင့်စာပေ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဂရိဘာသာနှင့်စာပေ[ပြင်ဆင်ရန်]

ဂုဏ်မြောက်လှသော ရှေးဂရိတို့၏ ဘာသာစာပေ ရှေးဂရိဘာသာစကားသည် ကမ္ဘာ့ဘာသာစကားများတွင် စကားလုံးလှပယဉ်ကျေးဆုံး၊ အပြစ်ကင်းဆုံးဖြစ်သည်ဟု ယူဆရသည်။ အသံနေ အသံထား လေယူလေသိမ်းတို့မှာ သာယာနာပျော်ဖွယ်ရှိသည်။ ဝေါဟာရကြွယ်ဝသဖြင့် စိတ်တွင် ပေါ်ပေါက်လာသမျှကို တိကျစွာ ဖော်ပြနိုင်သည်။ ဤစာမူတွင် ဂရိစာပေသမိုင်းကို ဟိုးမား၊ ပလေတို၊ လူရှန်မှစ၍ ကော့စတီပလာမတ်အထိ ပြည့်စုံစွာ တင်ပြထားသည်။

ဂရိလူမျိုးတို့ ပြောဆိုသည့် ဂရိဘာသာကား စတင်ပေါ်ထွန်း ရာဒေသမှာ ဒန်းညုမြစ်ဝှမ်း၏မြေပြန့်ဒေသများနှင့် ဘော်လကန် တောင်ကြား ဒေသများတို့ ဖြစ်သည်။ ယင်းဘာသာစကားသည် အင်ဒိုယူရိုပီယန် ဘာသာစကားပင်မကြီး၏ အခက်အလက် တစ်ခု ဖြစ်၏။ လက်တင်၊ သက္ကဋနှင့် တျူတန်ဘာသာစကား တို့နှင့် နွယ်သည်။


ရှေးဂရိဘာသာစကား၏ အသံနေအသံထား လေယူလေသိမ်း တို့မှာ သာယာနာပျော်ဖွယ်ရှိ၍ ကမ္ဘာ့ဘာသာစကားများထဲတွင် စကားလုံးလှပယဉ်ကျေးဆုံး၊ အပြစ်ကင်းဆုံး ဖြစ်သည်ဟု ယူဆ ကြ၏။ ဝေါဟာရစကားလုံးများ ပေါများကြွယ်ဝသဖြင့် လူ တစ်ဦးတစ်ယောက်၏ စိတ်ထဲ ပေါ်ပေါက်လာသမျှတို့ကို တိကျ သေချာစွာ ဖော်ပြနိုင်သော ဘာသာစကားလည်း ဖြစ်သည်။ ပထဝီ အနေအထားအရ ရှေးဂရိပြည်နယ်များမှာ တစ်ဒေသ နှင့် တစ်ဒေသ တောင်တန်းကြီးများကာဆီးနေသဖြင့် တစ်နယ် နှင့် တစ်နယ် ကူးလူးဆက်ဆံမှု နည်းပါးခဲ့ကြ၏။ ထို့ကြောင့် ဘာသာစကားမှာလည်း ဒေသလိုက်၍ ကွဲပြားခြားနားသည်။ သို့သော် တစ်ဒေသမှ စကားကို အခြားဒေသတစ်ခုတွင် နား မလည်နိုင်လောက်အောင် မကွဲပြားချေ။

ရှေးဂရိဘာသာတူ အသံကွဲစကားများကို ဒေါရစ်၊ အီးဩ လစ်နှင့်အိုင်အွန်းနစ်ဟူ၍ ၃ ပိုင်း၊ ၃ စု ပိုင်းခြားထားနိုင်သည်။ ဘီစီ ၄ဝဝ ပြည့်နှစ်လောက်တွင် အိုင်အွန်းနစ်ဘာသာစကား အုပ်စုထဲမှဖြစ်သော အက်တစ် ဘာသာစကားသည် အခြား ဘာသာစကားအပေါ် လွှမ်းမိုးလာ၍ ထိုအက်တစ်ဘာသာ စကားခေါ် အခြေခံထားသော အများသုံး ဂရိဘာသာ စကားတစ်မျိုးသည် ဂရိပိုင် ကိုလိုနီနယ်များနှင့် မက်ဆိုပိုတေး မီးယား၊ ဆီးရီးယား၊ အီဂျစ် စသည်တို့သို့တိုင်အောင် ပျံ့နှံ့ခဲ့ သည်။ ဂရိစာဆိုပညာရှိကြီး ဟိုးမားရေးသားခဲ့သော ကဗျာ လင်္ကာတို့မှာ အိုင်အွန်းနစ်ဘာသာစကားဖြင့်သာ ရေးသားခဲ့ သည်။ ဟိုးမားသည် ဒေသအလိုက်သုံးသော မည်သည့်ဘာသာ စကားကိုမျှ အသုံးမပြုခဲ့ပေ။


နောင်အခါ ဂရိစာပေ ပညာရှိကြီးများသည်လည်း အက်တစ်ဘာသာစကားကိုသာ ရေးသား အသုံးပြုကြရာ ယင်းဘာသာစကားသည် စံထားရသော ရှေးဂရိဘာသာစကား ဖြစ်လာခဲ့လေသည်။

ဘာသာစကားဆိုင်ရာ ပညာရပ်ကို လေ့လာလိုက်စားသူတို့ အတွက် ဂရိဘာသာစကားသည် အလွန် စိတ်ဝင်စားဖွယ် ကောင်း၏။ အဘယ်ကြောင့်ဆိုသော် အချို့သော ဘာသာစကား များမှ စကားလုံးများမှာ ဂရိစကားလုံးများကို ယူသုံးထားသည် ကို တွေ့ရသောကြောင့် ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာတွင် ဘိုင်အိုလိုဂျီ၊ အီလက်ထရစ်စီတီ၊ ဖစ်ဆစ်စသည့် စကားလုံး များမှာ ဂရိစကားလုံးများ ဖြစ်ကြ၏။

ယခုခေတ်ဂရိတို့သည် အက္ခရာတို့ကို ရှေးမူအတိုင်း လက်ခံ သုံးစွဲခဲ့ကြသော်လည်း ပြောဆိုသည့် ဘာသာစကားတွင်မူ သဒ္ဒါ ၌၎င်း၊ အသံနေအသံထွက်တို့၌၎င်း အပြောင်းအလဲများ ရှိခဲ့ကြ သည်။ ယခုခေတ် ဂရိ ဘာသာစကားမှာ အေဒီ ၈ဝဝ ပြည့်နှစ် လောက်ကမှ စတင်သုံးစွဲခဲ့ကြ၏။ ယခုခေတ် ဂရိဘာသာစကား တွင် အခြားဘာသာစကားများမှ စကားလုံး အတော်များများ ပါဝင်နေသည့်အပြင် အသံများလည်း များစွာ ပြောင်းလဲခဲ့ပေ သည်။ သို့ရာတွင် ကြား၌ အနှစ် ၁ဝဝဝ ခန့် ကွာခဲ့သည်ကို ထောက်ရှုသော် အလွန်အမင်း ပြောင်းလဲသွားသည်ဟု မဆိုသာ ချေ။

၁၄၅၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့တော်ကြီး ကျဆုံး သောအခါ ဂရိစာပေပညာရှင်တို့သည် အီတလီပြည်သို့ ထွက် ပြေးကြရ၏။ သူတို့၏ ကျေးဇူးကြောင့် အီတာလျံစာပေ ပညာ ရှင်များသည် ဂရိဘာသာကို ပြန်လည် လေ့လာလိုက် စားခဲ့ကြ သဖြင့် ဂရိဘာသာ၏ အရသာကို သိလာကြ၏။ ထို့ကြောင့် လည်း ဉာာဏ်သစ်အရေးပုံ ပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်၏။

ဂရိစာပေ[ပြင်ဆင်ရန်]

ဥရောပတိုက်တွင် ဂရိယဉ်ကျေးမှု မပေါ်ပေါက်မီက ကျကျ နန ရေးသားထားသည့် စာပေဟူ၍ မရှိခဲ့သေးချေ။ ဂရိလူမျိုး တို့သည် လွတ်လပ်သော လူမျိုးအဖြစ်ဖြင့် အေးချမ်းသာယာ သောဒေသတွင် နေထိုင်ခဲ့ကြ၍ ထက်မြက်သော ဉာာဏ်ပညာနှင့် ပြည့်စုံသူများဖြစ်သည်။ စိတ်ကူးကောင်းမွန်ကြသည်။ထို့ကြောင့် သူတို့၏ စိတ်အာရုံထဲတွင် ပေါ်ပေါက်ခဲ့သမျှကို ကဗျာလက‡ာ အဖြစ် နှုတ်တိုက် ဖွဲ့နွဲ့သီကုံးနိုင်ကြသည်။ ထိုသည်မှတစ်ဆင့် တဖြည်းဖြည်း ကဗျာကို စာပေအနေနှင့် ရေးသားစီကုံးသည့် အခြေအနေသို့ ရောက်ခဲ့ကြသည်။ ဂရိတို့ ရေးသားပြုစုခဲ့သည့် ပုံပြင်များ၊ ကဗျာလက‡ာများ၊ ပြဇာတ်များနှင့် အခြားစာပေများ ထက် အဆင့်အတန်း သာလွန်သော စာပေမျိုး ကမ္ဘာတွင် ရှာမှ ရှားလှ၏။ စာပေအမျိုးအစားမှာလည်း အမျိုးစုံဖြစ်၏။ ဖွဲ့နွဲ့ သီကုံးပုံမှာလည်း လှပယဉ်ကျေးလှ၏။ သူတို့၏ အရေးအသား ဟန်နေဟန်ထားတို့ကို နှောင်းလူများက စံထားနည်းယူကြရပေ သည်။ ထို့ပြင် ရှေးဂရိစာပေများ၏ နှစ်လိုဖွယ်အချက်မှာ အကြောင်းအရာ ဖွဲ့နွဲ့ပုံကောင်းခြင်း၊ ရိုးရိုးရှင်းရှင်း ရေးသား ထားခြင်းနှင့် ဆန်းသစ်ခြင်းတို့ ဖြစ်ပေသည်။

ရှေးဂရိစာပေကို ခေတ် ၅ ခေတ် ပိုင်းခြားထားသည်။ ထိုခေတ်များမှာ အက်ပစ် ကဗျာခေတ်၊ လစ်ရစ်ကဗျာခေတ်၊ အက်တစ်ခေတ်၊ အယ်လက်ဇန္ဒြီးယန်းခေတ်နှင့် ဂရိကိုရိုမန် ခေတ်တို့ ဖြစ်ကြ၏။ အက်ပစ်ကဗျာခေတ်မှာ ဘီစီ ၇ ရာစုမှ ၆ ရာစုနှစ်အထိ ထွန်းကားခဲဲ့သည်။ ထိုခေတ်တွင် ထင်ရှားခဲ့ သော ကဗျာစာဆိုရှင်ကြီး ၂ ဦးမှာ ဟိုးမားနှင့် ဟီးဆိယော့ တို့ ဖြစ်ကြ၏။ ဂရိစာပေသည် နှုတ်ဖြင့် သီဆိုရသော လက‡ာ များမှ စတင်ခဲ့၏။ ထိုလက‡ာများမှာ အာဇာနည်သူရဲကောင်းများ နှင့် စွန့်စားသူတို့၏ အကြောင်းကို စပ်ဆိုထားသော လက‡ာ များဖြစ်၍ စားပွဲသောက်ပွဲ၊ ပျော်ရွွှင်ပွဲကြီးများတွင် ရွတ်ဆိုကြ ရ၏။ ယင်းကဗျာလက‡ာကြီးများစွာမှာ ပျောက်ဆုံးသွားခဲ့ရာ 'အော့ဒိဆီ'နှင့် 'အစ်လယက်'အမည်ရှိ လက‡ာကြီး နှစ်ပုဒ်သာ ကျန်ရှိခဲ့သည်။ ထိုလက‡ာကြီးနှစ်ပုဒ်ကို ဖွဲ့ဆိုသူမှာ ဂရိစာဆို ကျော်ကြီး ဟိုးမား ဖြစ်၏။

'အစ်လယက်' ကဗျာကြီးမှာ ထရွိုင်းမြို့တော်ကြီးကို ဝန်းရံ တိုက်ခဲ့စဉ်က ပါဝင်ခဲ့သော ဂရိအာဇာနည်သူရဲကောင်း အကီး လီး၏ အကြောင်းနှင့် ဂရိနှင့် ထရိုဂျန်လူမျိုးများ တိုက်ခိုက်ကြ ပုံကို ဖွဲ့ဆိုသီကုံးထားခြင်း ဖြစ်၏။ 'အော့ဒိဆီ' ကဗျာကြီးမှာမူ ထရွိုင်းမြို့တော်ကြီးမှ အက်တစ်ကာမြို့တော်ကြီးသို့ သွားရောက် ရာ ခရီးလမ်းတစ်လျှောက်တွင် ယူလီဆီခေါ် အိုဒိဆယု စွန့်စား တိုက်ခိုက်ခဲ့ရပုံများကို သီကုံးဖွဲ့နွဲ့ထားခြင်း ဖြစ်လေသည်။ ဟီးဆီယော့ စာဆိုပညာရှိမှာ ဘီစီ ၇ ရာစု၊ သို့မဟုတ် ၈ ရာစုနှစ်လောက်တွင် ပေါ်ထွန်းခဲ့၏။ ထိုပုဂ္ဂိုလ်ကြီး၏ ထင်ရှား သော ကဗျာတို့မှာ လယ်ယာထွန်ယက်ခြင်းနှင့် သက်ဆိုင်သော 'အလုပ်နှင့် နေ့ရက်များ' ကဗျာနှင့် ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာ သည့်ပုံကို မှန်းဆဖွဲ့ဆိုထားသော 'သီယိုဂိုနီ'ခေါ် ကဗျာတို့ ဖြစ် ကြ၏။

ထိုခေတ်၏ နောက်တွင် လစ်ရစ်ကဗျာခေတ် ပေါ်ပေါက် လာ၍၊ ဘီစီ ၇ ရာစု၊ ၆ ရာစုနှင့် ၅ ရာစုနှစ်တပိုင်းမှာ ထို ခေတ်တွင် အကျုံးဝင်ခဲ့သည်။ ထိုခေတ်တွင် စောင်းတူရိယာ တစ်မျိုး ပေါ်ပေါက်လာခဲ့ရာ ထိုတူရိယာနှင့် တီးမှုတ်သီဆိုရန် တေးကဗျာများကို စပ်ဆိုလာကြ၏။ ယင်းတေးကဗျာများ စပ်ဆိုရာ၌ ထင်ရှားသော စာဆိုပညာရှင်များမှာ အဲဆီးယပ်၊ အဲ့ကမန်၊ အစ်ဗီကပ်၊ ဆက်ဖိုစသည့် ပညာရှင်တို့ ဖြစ်ကြ၏။ ထိုအထဲတွင် ဆက်ဖိုမှာ ဂရိအမျိုးသမီးများထဲမှ ပထမဆုံး ထင်ရှားသော ကဗျာစာဆိုရှင် ဖြစ်ပေသည်။ ဂရိတို့သည် တေးကဗျာများကို စကားလုံးရိုးရိုးရှင်းရှင်းနှင့် သဘာဝကျကျ ရေးစပ်ထားသည်။ အကြောင်းဆိုသော် ထိုတေးကဗျာမျိုးမှာ သီဆိုသွားသည့်အခါ နားဆင်ရသူ၌ အဓိပ္ပာယ် လွယ်လွယ် ရှင်းရှင်းနှင့် နားအရသာ ခံနိုင်မှသာလျှင် တေးကဗျာကောင်း ပီသသောကြောင့် ဖြစ်သည်။

ထိုခေတ်၏ နောက်ပိုင်းတွင် ပေါ်ပေါက်သော ပင်းဒါး အမည်ရှိ ကဗျာစာဆိုအကျော်အမော်ကြီးကား ဂရိပျော်ပွဲရွှင်ပွဲ ကြီးများတွင် အောင်ပွဲရသူများကို ချီးပင့်သီဆိုရန် လေးနက် ခံ့ညားလှသော မော်ကွန်းကဗျာကြီးများကို ရေးစပ်သီကုံးခဲ့ သဖြင့် ထင်ရှားခဲ့ပေသည်။ ပင်းဒါး၏ ကဗျာကြီးများကို ရေးသားပုံမှာ ပထမတွင် မြို့တော်ကြီးနှင့် အောင်ပွဲရသူတို့ကို ချီးပင့်ဖွဲ့နွဲ့ သီကုံးပြီးနောက် မြို့တော် သို့မဟုတ် နိုင်ငံတော် သားတို့နှင့် စပ်ဆိုင်သော ဂရိထုံးဟောင်းပုံပြင် တစ်ခုခုကို ထည့်သွင်း စပ်ဆိုခြင်းပင် ဖြစ်၏။

ဂရိနိုင်ငံတော်၏ ယဉ်ကျေးမှုသမိုင်းတွင် အထွန်းပြောင်ဆုံး ခေတ်သည်ကား အက်တစ်ခေတ်ဖြစ်၍ ဘီစီ ၅ ရာစုနှစ်နှင့် ၄ ရာစုနှစ်လောက်တွင် ထွန်းကားခဲ့သည်။ ထိုခေတ်တွင် ပြဇာတ် များ ခေတ်စားခဲ့သည်။ ပြဇာတ်တို့ကို ကဗျာဖြင့် စီကုံးဖွဲ့နွဲ့ခြင်း ကြောင့် ကဗျာ၏ အဆင့်အတန်းသည် တိုးတက်လာခဲ့သည်။ ပြဇာတ်များမှာ အေသင်မြို့တော်တွင် နွေဦးရာသီ၌ ဒိုင်အိုနိုင်းဆပ်နတ်မင်းအား ပူဇော်ပသပွဲများ ကျင်းပခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်၏။ ထိုပွဲတော်တွင် ဆိတ်ရေများ ဝတ်ဆင် ထားသူစုသည် ယိမ်းသားများပမာ သီချင်းတစ်ပုဒ်ကို သံပြိုင် သီဆိုပြီးနောက် နတ်မင်း၏နတ်စင်ကို ပတ်လည်ဝိုင်း၍ ကကြရ ၏။ ထို့နောက်မှ ယိမ်းခေါင်းဆောင်က နတ်မင်း၏ အကြောင်း လင်္ကာတစ်ပုဒ်ကို ရွတ်ဆိုပြရသည်။


ထို့နောက် တွင်မူ ဂရိတို့၏ ဉာာဏ်စွမ်းရည်ဖြင့် လင်္ကာရွတ်သည့်နေရာတွင် လင်္ကာမရွတ်စေဘဲ စကားပြော စေခြင်းဖြင့် ပြုပြင်ပေးကာ ဂရိအလွမ်းပြဇာတ်ကို စတင် ဖန်တီးခဲ့လေသည်။

ဂရိအလွမ်းပြဇာတ်ကို ပထမဆုံးစတင်ခဲ့သူမှာ အက်စကိလပ် ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးသည် ယိမ်းခေါင်းဆောင်တစ်ဦးတည်း။ လင်္ကာရွတ်ရသည့်နေရာတွင် ဇာတ်ကောင် ၂ ဦး အပြန်အလှန် စကားပြောခန်းကို ဖန်တီး ထည့်သွင်းပေးခဲ့၏။ ထို့ပြင် ပြကွက် တစ်ခန်းတည်းတွင်မဟုတ်တော့ဘဲအခန်းခွဲပြစေ၏။ ယင်းသို့ဖြင့် နောင်အခါတွင် စာဆိုရှင်များက ပွဲတော် ကပွဲများကို ပြဇာတ် သဘောအတိုင်း ရေးသားလာကြတော့သည်။ အက်စကိလပ်၏ ဇာတ်ကောင်များမှာ ဟန်အမူအရာ သရုပ်မပါလှချေ။ သို့သော် နောင်အခါတွင် ဇာတ်ကောင်များ၏ ဟန်အမူအရာကို အသား ပေး၍ ရေးသား ဖွဲဲ့နွဲ့လာကြ၏။ ဆောဖကလီ၏ပြဇာတ်များတွင် ဇာတ်ကောင်များမှာ ဟန်အမူအရာ ပါလာသော်လည်း သဘာဝ ကျရမည်ထက် ပိုလွန်နေ၏။ အခြားစာဆိုရှင်တစ်ဦးဖြစ်သူ ယူရစ်ပီးဒီး၏ ပြဇာတ်များတွင်ကား ပြဇာတ်အဆင့်အတန်းမှာ တစ်လှမ်းတိုးလာခဲ့၏။ ယူရစ်ပီးဒီး၏ ပြဇာတ်များမှာ ပွဲရှုသူ ပရိသတ်အား အလွမ်းချည်းကြည့်ကာ ငြီးငွေ့ခြင်း မဖြစ်ရ လေအောင် လွမ်းခန်းဖော်၍ အတော်အသင့် လွမ်းစေပြီးလျှင် စိတ်လက်ပေါ့ပါးသက်သာရာရစေသော တေးကဗျာသီဆိုသည့် အခန်းမျိုးကို ရှိတ်စပီးယား၏ ပြဇာတ်များကဲ့သို့ ကြားည|ပ် ထည့်ပေးလေသည်။


ပြဇာတ်များ၏ ဇာတ်သွားမှာ ချမ်းသာခြင်းတွေ့ရပြီးလျှင် မာနတက်ခြင်းကြောင့် ဆင်းရဲခြင်းနှင့် ကြုံကြိုက်ကြရကာ နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ကြရသည်ဟူသောမူကို လက်ကိုင်ထားကြသည်။ ယခုခေတ် ပြဇာတ်နှင့် ဂရိ ပြဇာတ် များ ကွာခြားချက်မှာ ဂရိပြဇာတ်များ၏ ဇာတ်လမ်းသည် လူ အများသိပြီးသော ဂရိထုံးဟောင်းပုံပြင်မှ ဝတ္ထုသွားကို ဇာတ် အိမ် ဖွဲ့ကာ ကပြကြခြင်း ဖြစ်သည်။ ဂရိတို့သည် အကြမ်း အတမ်းပြုရသည့်အခန်း၊ သေကြေပျက်စီးသည့် အခန်းမျိုးကို ပြသခြင်းမပြုဘဲ ယင်းသည့်အခန်းမျိုးကို ကြေညာခြင်းဖြင့်သာ ပရိသတ်အား သိရှိစေသည်။

အသောပြဇာတ်များမှာ အလွမ်းပြဇာတ်များနောက်မှ ပေါ် ပေါက်ခဲ့၍ ယင်းတို့သည်လည်း စက်တင်ဘာလ ကောက်သိမ်း ပွဲတွင် ဆိုင်ရာနတ်မင်းအား ပူဇော်ပွဲမှ စတင်ခဲ့ခြင်း ဖြစ်၏။ ယင်းသည့်ပြဇာတ်များတွင်ကား သီချင်းများသည်၎င်း၊ ပြောဆို ကြသည့် စကားများသည်၎င်း၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်ဖွယ် ရာများသာ ဖြစ်၏။ ထင်ရှားသော အသောပြဇာတ်ရေး ပုဂ္ဂိုလ် ကြီးမှာ အယ်ရစ္စတော့ဖနီး ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီး၏ ပြဇာတ် များမှာ ထိုခေတ်က ပေါင်းသင်းဆက်ဆံရေးနှင့် နိုင်ငံရေးတို့ကို သရော်လှောင်ပြောင်ထားသော ပြဇာတ်များ ဖြစ်ကြ၏။ ယင်း သည်ပင် ထိုခေတ်အသောပြဇာတ်များ၏ ရည်ရွယ်ချက် ဖြစ် လေတော့သည်။


ထိုခေတ်တွင် စကားပြေစာပေများလည်း ပေါ်ပေါက်ခဲ့၏။ စကားပြေသည်လည်း ကဗျာလင်္ကာပြဇာတ်များနှင့် တစ်ပြေး တည်းလိုက်နိုင်အောင် အဆင့်အတန်းမြင့်သောစာပေများ ဖြစ်ကြ သည်။ စကားပြေနှင့် ရေးသားထားသော စာပေများမှာ နိုင်ငံ သမိုင်း၊ ယထာဘူတပညာ၊ စကားပြောကောင်း အတတ်ဆိုင်ရာ စာပေများ ဖြစ်ကြသည်။ ထိုခေတ်တွင် ထင်ရှားသော ကျမ်းပြု ပုဂ္ဂိုလ်တစ်ဦးမှာ ဟီရော့ဒိုးတပ်ဖြစ်၍ တစ်ခါတစ်ရံ ထိုပုဂ္ဂိုလ် ကြီးအား နိုင်ငံသမိုင်း၏ ဖခင်ကြီးဟု ခေါ်ဆိုကြသည်။

အကြောင်းမူကား နိုင်ငံသမိုင်းဟူသော အမည်တပ်ကာ စာပေ တစ်မျိုးကို ပထမဆုံးရေးသား ပြုစုခဲ့သူ ဖြစ်သောကြောင့်ပေ တည်း။ ထိုပုဂ္ဂိုလ်ကြီးသည် ဂရိနှင့် ပါးရှင်းတို့ ဖြစ်ပွားခဲ့သော စစ်ပွဲများအကြောင်းကို မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်၏။ နိုင်ငံသမိုင်းကို တိကျမှန်ကန်သော စူးစမ်းနည်း၊ ချင့်ချိန် ဝေဖန်နည်းတို့ဖြင့် ပြုစုရေးသားခဲဲ့သူမှာ သူဆစ်ဒီးဒီးအမည်ရှိ ကဝိကြီးတစ်ဆူဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် ပယ်လိုပွန် နီးရှန်းစစ်ပွဲများ၌ စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ်နှင့် ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့ရလင့်ကစား၊ ထိုစစ်ပွဲကြီးများ မှတ်တမ်းတင်ရာ၌ သူ့ဘက်ကိုယ့်ဘက် မလိုက်ဘဲ အမှန်အတိုင်း တိကျစွာ ဖြစ်နိုင် သမျှဖြစ်အောင် ရေးသားခဲ့ပေ၏။


ဇင်းနဖန်အမည်ရှိ အေသင်စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကလည်း သူဆစ်ဒီးဒီး၏ပယ်လိုပွန်နီးရှန်း စစ်ပွဲသမိုင်းကြောင်းကို နောက် ဆက်တွဲရေးသား ပြုစုခဲ့သေးသည်။ ထိုသမိုင်းကြီးမှာလည်း ထင်ရှားကျော်ကြား၍ မှီငြမ်းပြုလောက်သော စာပေတစ်ရပ် ဖြစ်ပေသည်။


ထိုခေတ်တွင် စကားပြောကောင်းသူများလည်း ထွန်းကားခဲ့ ၏။ ယင်းတို့မှာ အိုင်ဆော့ကရတီး၊ လစ်ဆယတ်နှင့် ဒီမော့ စသီးနီးတို့ ဖြစ်ကြရာ ဒီမော့စသီးနီးမှာ အထင်ရှားအကျော်ကြား ဆုံးဖြစ်၍ ဂရိဘာသာစကားပြေ အရေးအသားတွင်လည်း အကျော်အမော်တစ်ဦး ဖြစ်လေသည်။


ပလေတိုသည် စကားပြေအရေအအသားတွင် အကျော် အမော်ဖြစ်သော ယထာဘူတကဝိကြီးတစ်ဆူဖြစ်၏။ ထိုပုဂ္ဂိုလ် သည် စုံတွဲ အပြန်အလှန် စကားပြောဆိုပုံမျိုးကို ရေးသားလေ့ ရှိသည်။ သူ့ဆရာ ယထာဘူတ ကဝိကြီးတစ်ဆူဖြစ်သော ဆိုက ရေးတီးနှင့် ယထာဘူတဆိုင်ရာ အယူအဆ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် နေ့စဉ်သုံး စကားလုံး ရိုးရိုးများကို သုံးကာ အဓိပ္ပာယ် ရှင်းရှင်းရေးသားထားခဲ့၏။


ပလေတို၏ တပည့်တစ်ဦးဖြစ်သော အရစ္စတိုတယ်ကမူ ယထာဘူတပညာကို တိကျမှန်ကန်သော စူးစမ်းနည်း၊ ချင့်ချိန် ဝေဖန်နည်းတို့ဖြင့် ညီညွတ်အောင် ဆောင်ရွက်ခဲ့သည်။ သူ၏ သဘောတရားများကို တက္ကဗေဒနည်းအရနှင့် စနစ်တကျ ထုတ် ဖော်ခဲ့လေသည်။ သူ၏ စာပေများထဲတွင် ဂရိယဉ်ကျေးမှုပညာ၊ ယထာဘူတပညာ၊ ရူပဗေဒ၊ ဘိုင်အိုလိုဂျီ၊ နိုင်ငံရေး၊ စိတ္တဗေဒ စသည်တို့သည် အကျုံးဝင်လျက်ရှိ၏။ အရစ္စတို တယ်သည် ပညာရပ်တိုင်းမှ အမှန်သဘောတရားကို ရရှိအောင် စူးစမ်းရှာဖွေခဲ့လေသည်။


ဘီစီ ၃ ရာစုမှ ၁၄၆ ခုနှစ်အထိဖြစ်သော အယ်လက်ဇန္ဒြီး ယန်း ခေတ်တွင် စာပေပညာရှင်များနှင့် စာပေအကဲဖြတ်သမား တို့ ပေါ်ထွန်းခဲ့၏။ သို့သော် ဂရိမြို့တော်အေသင်မှာ စာပေနှင့် သုခုမပညာရပ်များဘက်တွင် ဦးဆောင်နိုင်သောဒေသမဟုတ် တော့ချေ။ အယ်လက်ဇန္ဒာ-သ-ဂရိတ်ဘုရင်မင်းမြတ်၏စွမ်းရည် ကြောင့် ဂရိလက်နက်နိုင်ငံတော်ကြီးမှာ ကျယ်ပြန့်ခဲ့ရာ ဂရိယဉ် ကျေးမှုမှာ မြေထဲပင်လယ်ဒေတဝိုက်တိုင်အောင် ပျံ့နှံ့ခဲ့လေ၏။ ထိုခေတ်၌ ခေတ်တခေတ်ဟု တွင်လောက်အောင် လျှမ်းလျှမ်း တောက် ကောင်းမွန်လှသော စာပေမျိုးကား မပေါ်ပေါက်ခဲ့ပေ။ သို့သော် ကဗျာစာဆိုများ၊ နိုင်ငံသမိုင်းပြုပုဂ္ဂိုလ်များနှင့် ယထာ ဘူတပညာရှင်များကား ပညာများ ပြုစုရေးသားလျက်ပင် ရှိခဲ့ကြ၍ သူတို့၏ စာပေအဆင့်အတန်းမှာ အတော်အသင့် ကောင်းမွန်ခဲ့သည်။ သီအော့ကရစ်တပ် အမည်ရှိ ကဗျာရှင် တစ်ဦး တောဘွဲဲ့ကဗျာ တစ်မျိုးကို တီထွင်ခဲ့၏။ ထိုကဗျာမှာ အမေးအဖြေ ပြုလုပ်ဟန်ဖြင့် ရေးသားထားပြီး၊ အပျင်းပြေ ဖြေဖျော်ရန်အတွက်သာ ရေးစပ်ထားခြင်းဖြစ်၍ နက်နဲသော စာပေမျိုး မဟုတ်ချေ။ မီနန်ဒါအမည်ရှိ ပြဇာတ်ရေး ဆရာ တစ်ဦးကမူ လူတို့၏ မိုက်မဲတွေဝေမှုကို သရုပ်ဖော်ပြသော အသောပြဇာတ်များကို ရေးသားပြုစုခဲ့လေသည်။ ဂရိနိုင်ငံကို ရောမလူမျိုးတို့ သိမ်းပိုက်ပြီးသည်မှာ အေဒီ ၅၂၆ ခုနှစ်အထိ ဖြစ်သော ဂရိကိုရိုမန်ခေတ်တွင် နိုင်ငံရေး၌ ရောမတို့က စိုးမိုးနေသည် မှန်သော်လည်း ယဉ်ကျေးမှုကို ဂရိတို့ကသာ ခေါင်းဆောင်ခြယ်လှယ်ခဲ့ကြ၏။ အယ်လက်ဇန္ဒြီးယားမြို့တော်မှာ ဂရိယဉ်ကျေးမှု ဗဟိုဌာန ဖြစ်ခဲ့လေသည်။ ဘီစီ ၂ ရာစုနှစ် လောက်တွင် ရောမမြို့တော်မှာ ဂရိယဉ်ကျေးမှု ဗဟိုဌာန ဖြစ် လာပြန်သည်။ အကောင်းဆုံးသော နိုင်ငံသမိုင်းတစ်စောင် ဖြစ်သည့် ကားသေ့စစ်ပွဲများအကြောင်း ပြုစုရေးသားခဲ့သူ ပေါ်လစ်ဗိုင်းယပ်မှာ ရောမမြို့တော်၌သာ အနေများခဲ့သော ဂရိပညာရှင်တစ်ဦး ဖြစ်ခဲ့၏။ ထင်ရှားသော နိုင်ငံသမိုင်းပြု ပုဂ္ဂိုလ်ကြီးများထဲတွင် နောက်ဆုံးပေါ်ထွန်းခဲ့သူမှာ ပလူးတပ် ဖြစ်၍ အေဒီ ၁ ရာစုနှင့် ၂ ရာစုအတွင်း၌ ပေါ်ပေါက်ခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးကား ထင်ရှားသော ဂရိနှင့် ရောမပုဂ္ဂိုလ်ကျော် များ၏ အတ္ထုပ္ပတ္တိများကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ ပလူး တပ်သည် အတ္ထုပ္ပတ္တိရှင် ပုဂ္ဂိုလ်ကြီးများကို ကွက်ကွက် ကွင်း ကွင်း ထင်မြင်လာအောင် စာပန်းချီခြယ်နိုင်စွမ်းရှိခဲ့၏။


၁ ရာစုအတွင်း၌ ပေါ်ထွန်းခဲ့သော လူရှန်အမည်ရှိ ပညာရှိကြီးတစ်ဦးကမူ စာပြောင်စာရွဲ့နှင့် စိတ်ကူးယဉ်စာပေ များကို ပြုစုရေးသားခဲ့သည်။ ထိုခေတ်အတွင်း ပေါ်ပေါက်ခဲ့သည့် အခြားစာပေတစ်မျိုးမှာ နှစ်လိုဖွယ်ကောင်းသော ကဗျာတိုကလေးများ ဖြစ်ပေသည်။ ဂရိကိုရိုမန်ခေတ် ကုန်ဆုံးချိန်တွင် ဗိုင်ဇင်းရှမ် (ကွန်စတန် တီနိုပယ်) မြို့တော်ကြီးမှာ အရှေ့ဘက်တွင် ဂရိယဉ်ကျေးမှု ထွန်းကားရာ မြို့တော်ကြီးဖြစ်ခဲ့သည်။ ထိုခေတ်က စာပေဘက် တွင် ကျမ်းပေါင်းမြောက်မြားစွာ ထွက်ခဲ့သော်လည်း ဘာသာ ရေး၊ နိုင်ငံသမိုင်းဆိုင်ရာ စာပေများသာဖြစ်၍ ပင်ကိုယ်ဉာာဏ် ဖြင့် ပြုစုသည့် စာပေမျိုး မပေါ်ထွက်ခဲ့ပေ။

ကွန်စတန်တီနိုပယ်မြို့တော်ကြီး ကျဆုံးသည့် ၁၄၅၃ ခုနှစ် နှင့် ဂရိလူမျိုးတို့ ပြန်လည် ခေါင်းထောင်နိုင်ခဲ့သော ၁၈၂၁ ခုနှစ်အကြားတွင် ဂရိစာပေ ၂ မျိုး ၂ စား ပေါ်ပေါက်ခဲ့၏။ ပထမတစ်မျိုးမှာ ရှေးမူဟောင်းအတိုင်းလိုက်ကာ ယဉ်ခန့်သန့် သော စာပေမျိုးဖြစ်၏။ ဒုတိယအမျိုးမှာ တိုးတက်လာသည့် ခေတ်နှင့် လိုက်လျောညီစွာ သုံးနှုန်းနိုင်စေရန် ပြုပြင်ထားသော အများသုံး ရိုမေအစ်ခေါ် ဒီမိုတစ်စာပေမျိုး ဖြစ်လေသည်။ ခေတ်သစ်ဂရိနိုင်ငံတွင် ထိုစာပေ ၂ မျိုး ၂ စားအနက် တစ်မျိုးမျိုးကို နိုင်ငံသုံးဘာသာဖြစ်အောင် အကြိတ်အနယ် ကြိုးစားခဲ့ရာ ရုန်းရင်းဆန်ခတ်မှုများပင် ဖြစ်ပွားခဲ့ရ၏။ ထိုခေတ်ဟောင်းနှင့် ခေတ်သစ် စာပေအုံကြွလှုပ်ရှားမှုများအနက် ဆီချာရီလှုပ်ရှားမှုမှာ ထင်ရှားခဲ့သည်။ ဂျအင်းဆီချာရီ (ခရစ် ၁၈၅၄-၁၉၂၉)သည် စာပေတော်လှန်ရေးသမားတစ်ဦး ဖြစ်ခဲဲ့ သည်။ ၁၈၈၈ ခုနှစ်တွင် 'ကျွန်ုပ်၏ခရီးစဉ်'ဟူသော ဝတ္ထု တစ်ပုဒ်ကို ဒီမိုတစ်စာပေဖြင့် ရေးသားကာ ဂရိစာပေသမိုင်းတွင် တစ်လှမ်းတိုးစေခဲ့သည်။ သူနှင့် ရှေးဟောင်းစာပေ အရေး အသား တော်လှန်ဖက်များမှာ ဓမ္မသစ်ကျမ်းနှင့် အိလယက် တို့ကို ဒီမိုတစ်ဂရိဘာသာသို့ ပြန်ဆိုခဲ့သူ အယ်လက်ဇန္ဒာပါလီ၊ ကဗျာဆရာ ဗလက်စတော့၊ ဖော့တီးယေးဒီးနှင့် ဝတ္ထုရေးဆရာ အယ်ဖတာလီယိုးတစ်တို့ ဖြစ်၏။ သူတို့၏ တော်လှန်မှုကို အတိုက်အခံပြုကြသည့် အင်အားမှာလည်း မသေးလှချေ။

သို့သော် စာပေသစ်မှာ တဖြည်းဖြည်း တွင်ကျယ်လာ၍ လက်ခံသူများပြားလာ၏။ ၁၉ ရာစု နောက်ပိုင်းတွင် စာပေ သစ်ကို ကဗျာများ၌သာ တွေ့ကြရသော်လည်း နောင် အနှစ် ၅ဝ ခန့် ကြာလာသောအခါ ဝတ္ထု၊ ခရီးသွားမှတ်တမ်း၊ အတ္ထုပ္ပတ္တိ စာပေတို့တွင်လည်း တွေ့ရသည်။ သို့သော် အချို့စာပေမြောက်မြားစွာတို့ကို ခေတ်ဟောင်း စာပေလည်းမက ခေတ်သစ်စာပေလည်း မကျစေဘဲ ကြားစာပေမျိုးဖြင့် ရေးသား ခဲ့ကြလေသည်။

ခေတ်သစ်တွင် အထင်ရှားဆုံးသော ကဗျာစာဆိုတော်ကြီးမှာ ကော့စတီပလာမတ်(ခရစ် ၁၈၅၉-၁၉၄၃)ဖြစ်၏။ ထိုပုဂ္ဂိုလ်ကြီး ၏လက်ရာ ကဗျာစာပေများမှာ ဂရိနိုင်ငံသမိုင်း၊ ဂရိနိုင်ငံတော် ကြီး တန်ခိုးထွန်းပြောင်ခဲ့ပုံ၊ ပျက်သုဉ်းရပုံနှင့် ပြန်လည် ခေါင်း ထောင်နိုင်အောင် ကြိုးပမ်းခဲ့ရပုံများကို ထည့်သွင်း ဖွဲ့နွဲ့ သီကုံး ထားခြင်းများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးအား သူ့ခေတ်တွင် ဥရောပတိုက်၏ အကြီးမြင့်ဆုံးသော ကဗျာစာဆိုကြီးအဖြစ် အသိအမှတ်ပြုကြလေသည်။

ပထမကမ္ဘာစစ်ကြီး အပြီးတွင် ဂရိနိုင်ငံ၌ ဝတ္ထုရှည်နှင့် ဝတ္ထုတိုများ အလွန်ခေတ်စားလာခဲ့၏။ ယခင်ခေတ်များက တစ်ခါဘူးမျှ ဤမျှလောက်ဝတ္ထုများ ခေတ်စားခြင်း မရှိခဲ့ပေ။ မီတက်ဆက် အာဏာရှင်ခေတ်ဖြစ်သော (၁၉၃၆-၁၉၄ဝ) ခုနှစ်များ အတွင်း၌မူ ဂရိစာပေ အရေးအသားကို ချုပ်ချယ် ထားသဖြင့် စာပေသက်သက်စာအုပ်စာတမ်းများနှင့် နိုင်ငံ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများလောက်ကိုသာ ရေးသား ထုတ်ဝေခွင့်ပြု၏။ ဒီမိုတစ်စာပေမျိုးကို အားပေးသော်လည်း ပဲရီးကလီး၊ သူဆစ်ဒီးဒီး၊ ဆောဖကလီ စသည့် ကဝိကြီးများ၏ စာပေအချို့ကို ဒီမိုကရေစီစိတ်ဓာတ်များ နိုးကြားလာမည်ကိုစိုး၍ သင်ကြားခွင့် မပြုခဲ့ချေ။

၁၉၄၄ ခုနှစ်တွင် လွတ်မြောက်သော နိုင်ငံဖြစ်လာသည့် ဂရိ နိုင်ငံ၏ပါပန်ဒြီယိုအစိုးရက ဒီမိုတစ်ဘာသာစာပေကို နိုင်ငံတော် သုံးဘာသာအဖြစ် အသုံးပြုရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် ၁၉၄၅ ခုနှစ်တွင် တက်လာသော ဗောင်ဂါရစ်အစိုးရက ထို အမိန့်ကို ပယ်ဖျက်၍ ခေတ်ဟောင်းဘာသာစာပေကိုသာ နိုင်ငံ တော်သုံးပြုခဲ့သည်။ အကြောင်းမူ ဘုရင့်ဝါဒရှိသူ ပုံနှိပ်တိုက်ရှင် များနှင့် အေသင်တက္ကသိုလ်ပညာရေးဌာနမှ ပြောင်းလဲဲမှုကို လက်မခံလိုသူတစ်စုက အများနားလည်သော ဘာသာစာပေကို နိုင်ငံတော်သုံးအဖြစ် ပြုလုပ်ထားလျှင် သူတို့၏ အခြေအနေ ကို ထိခိုက်လာမည်စိုးသောကြောင့် ဖြစ်သည်။ သို့သော် ဂရိ အမျိုးသားကယ်တင်ရေးတပ်ဦးမှ ထုတ်ဝေသော စာရွက် စာတမ်းများမှာမူ အားလုံးပင် ဒီမိုတစ်စာပေနှင့် ရေးသား ထုတ်ဝေခဲ့လေသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)