ဟော်မုန်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟော်မုန်း ဆိုသည်မှာ ဓာတုပစ္စည်းများဖြစ်ပြီး ခန္ဓာကိုယ် မည်သို့ မည်သည့်အချိန်တွင် ကြီးထွားရမည်ကို ညွန်ကြားထိန်းချုပ်သည်။ အမျိူးသမီးများ မည်သည့်အချိန်တွင် အပျိုဖော်ဝင်မည် စသည်တို့ကိုလည်း ဟော်မုန်းက ထိန်းချုပ်သည်။

ဟော်မုန်းများက မည်သည့်အချိန်တွင် သင်ကိုယ်ဝန်ဆောင်နိုင်မည်ကိုလည်း သတ်မှတ်ပေးပြီး ကျွန်တော်တို့ရဲ့ သန္ဓေတားဆေးများကို ကိုယ်ဝန်မရအောင် ပြုလုပ်ပေးသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေချိန်တွင် ရာသီမလာအောင် ပြုလုပ်ပေးပြီး ကလေးမွေးဖွားပြီးနောက် နိ့ထွက်စေရန် ပြုလုပ်ပေးသည်။

အမိျုးသမီးတစ်ယောက်၏ မျိုးပွားမှု ကာလအပိုင်းအခြား ကုန်ဆုံးသွားသည့်နောက် ခန္ဓာကိုယ်တွင်းမှ အီစထရိုဂျင်၊ ပရိုဂျက်စတရုန် ဟော်မုန်းများ နည်းပါသွားပြီး ဥကြွေခြင်း၊ ရာသီလားခြင်းကဲ့သို့သော လုပ်ဆောင်ချက်များ ရပ်တန့်သွားသည်။ ဒါကို သွေးဆုံးခြင်ဟုခေါ်သည်။


ဟော်မုန်း[ပြင်ဆင်ရန်]

ဟော်မုန်းသည် ခန္ဓာကိုယ်၏ အချို့အင်္ဂါများမှဖြစ်လာကြသောဓာတ်ပစ္စည်းများဖြစ်၍ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများကို ပြုပြင်ပေးကြသည်။ အချို့အင်္ဂါများမှစစ်ထွက်လာကြသောဟော်မုန်းများသည် ခန္ဓာကိုယ်အတွင်း လှည့်လည်ပြီးလျှင် ခန္ဓာကိုယ်၏လှုပ်ရှား တက်ကြွမှုများကိုပြုပြင်ပေးကာ ပူးပေါင်း၍လုပ်ကိုင်စေသည်။ အချို့ဟော်မုန်းများသည် အထူးအင်္ဂါများကိုအရေးကြီးသော အကျိုးသက်ရောက်မှုများကိုဖြစ်စေ၍ ကျန်ဟော်မုန်းများကမူ ခန္ဓာကိုယ်တစ်ခု လုံးကိုအကျိုးသက်ရောက်စေသည်။ အမှန်မှာဟော်မုန်းသည်အင်္ဂါတစ်ခုကိုပို၍လှုပ်ရှား တက်ကြွစေသော ပစ္စည်းတစ်မျိုးဖြစ်လေသည်။ လှုပ်ရှား တက်ကြွမှုကို နှေးကွေးစေသော အတွင်းစစ်ထွက်ရည်ကိုမူ ကယ်လုန်ဟုခေါ်သည်။

အင်ဒိုကရင်းခေါ်ပြွန်မဲ့ဂလင်းများမှစစ်ထွက်လာကြသော ဟော်မုန်းများကို လူသိများသည်။ ထိုပြွန်မဲ့ဂလင်းများမှာ ဦးနောက် အောက်အတတ်၊ ရှေ့ဦးနောက်အထက်တတ်၊ သိုင်းရွိုက်(ဒိုင်း ပုံ)၊ ပါရာသိုင်းရွိုက်(ဒိုင်းမှီ)၊ သိုင်းမတ်၊ ကျောက်ကပ်စီး၊ လင်ဂါဟန်ကျွန်းကွက်များနှင့် လိင် အင်္ဂါ (ဥအိမ်နှင့်ဝှေး) ဂလင်းများဖြစ်သည်။ ထိုဂလင်းများမှ ဟော်မုန်းများက ရုပ်ဖြစ်ပျက်မှုများ၊ ကြီးထွားမှုများ၊ ယောကျာ်းနှင့်မိန်းမတို့၏ ကွဲပြားမှုများနှင့် မျိူးပွားစေမှုများကို ထိန်းသိမ်း ပေးကြလေသည်။ အင်ဒိုဂရင်းများသည်တံတွေးသို့မဟုတ်ချွေးဂလင်းများ နှင့်မတူဘဲယင်းတို့၌ပြွန်များမရှိကြ ချေ။ ယင်းတို့ကယင်းတို့၏ စစ်ထွက်ရည်များကိုသွေး၊ သို့မဟုတ်သွေးဖြူများအတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားစေကြသည်။ထိုသွေးသို့မဟုတ် သွေးဖြူများမှတစ်ဖန် ဟော်မုန်းများ(စစ်ထွက်ရည်) ကို ခန္ဓာကိုယ်အတွင်းသို့ပြန့်နှံ့သွားစေလေသည်။ ဦးနှောက်အောက်အတတ်ကဟော်မုန်း အမျိုးပေါင်းခြောက်ခု၊သို့မဟုတ်ထိုထက်မကကိုထုတ်ပေးသည်ဟု ယူဆကြ၍ ကျောက်ကပ်စီးနှင့် လိင်အင်္ဂါ (ဥအိမ်နှင့်ဝှေး) များကမူအနည်းဆုံးနှစ်မျိုး စီစစ်ထွက်ပေးသည်ဟု ယူဆကြသည်။ သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်သာမက လင်ဂါဟန်ကျွန်းကွက်များကမူဟော်မုန်းတစ်မျိုးတည်းစီကို စစ်ထွက်ပေးသည်ဟုယူဆကြလေသည်။ အင်္ဂါတစ်ခုခုက ဟော်မုန်းနည်းလွန်းစွာ၊ သို့မဟုတ် များလွန်းစွာ စစ်ထွက်ပေးလျှင်ခန္ဓာကိုယ်၏လှုပ်ရှား တတ်ကြွမှုသည်မှန်မှန်ကန်ကန်အမှုကိုမဆောင်ရွက်နိုင်တော့ချေ။ ထိုအခါတွင်လူသည်နေ မကောင်း ဖြစ်လာပြီးလျှင်ခန္ဓာကိုယ်၏ ကြီးထွားမှုသည်လည်းမူမမှန်ဖြစ်လာလေတော့သည်။ စစ်ထွက်လာသောဟော်မုန်းနည်းလွန်းလျှင်ဟိုင်ပိုဖန်းရှင်း ဖြစ်သည်ဟုဆို၍ များလွန်းသောအခါတွင်မူ ဟိုင်ပါဖန်းရှင်း ဖြစ်သည်ဟုဆိုကြသည်။ ဟိုက်ပိုဖန်းရှင်းဖြစ်သောအခါကုသသည့်နည်းအမျိုးမျိုး ရှိရာ တစ်နည်းမှာအခြားလူ၏ခန္ဓာကိုယ်မှဖြစ်စေ၊ တိရိစ္ဆာန်တစ်မျိုးမျိုးမှဖြစ်စေတစ်ရှုးကိုယူပြီးလျှင်ကူးဆက် ပေးသည့်နည်းဖြစ်သည်။အခြားတစ်နည်းမှာတစ်နေရာရာမှ ရရှိသောဟော်မုန်းကိုထည့်ပေးခြင်းဖြစ်၍ထိုနည်းကိုအစားထည့် ပေး၍ကုခြင်းသို့မဟုတ်အင်္ဂါရသကုထုံးနည်းဟုခေါ်သည်။ ဟော်မုန်းကိုတိရိစ္ဆာန်၏ဂလင်းများမှပြုပြင်၍သော်လည်းကောင်း၊ သို့မဟုတ်ဂလင်းများမှပြုလုပ်ယူသည့် ဩဇာများမှ သော်လည်းကောင်းလုပ်ယူနိုင်လေသည်။ဓါတုဗေဒ ပညာရှင်များကမူ ဓါတ်စမ်းခန်းအတွင်း၌ သိုင်းရော့ဆင်၊ အက်ပီနက်ဖရင်နှင့်အချို့လိင်နှင့်ဆိုင်သောဟော်မုန်းများကို ဖန်တီးယူကြသည်။ သို့ဖြင့်ဟော်မုန်းနည်းသောလူနာများသည် ဟော်မုန်းသန့်သန့်များကိုရယူနိုင်ကြသည်။ထိုပြင်အခြားလိင်နှင့် ဆိုင်သောဟော်မုန်းများနှင့်အင်ဆူလင်သန့်သန့်များကိုလည်း ရရှိနိုင်ကြလေသည်။ သိုင်းရွိုက်နှင့်အချို့လိင်နှင့်ဆိုင်သောဟော်မုန်းများကို ပါးစပ်မှစားသုံးနိုင်၍ယင်းတို့ကို အစာ အိမ်နှင့်အူများမှတစ်ဆင့် စုပ်ယူသွားနိုင်သည်။ အခြားဟော်မုန်း အမြောက်အများကိုမူ ဟိုက်ပိုဒါမစ်ပြွန်ဖြင့်ထိုးသွင်းပေးရလေသည်။ ဦးနှောက်အောက် အတတ်၏ နောက်ပိုင်းအဖုမှ ဟော်မုန်းကိုမူ နှာခေါင်း ၏ကျိချွဲမြှေးများမှတစ်ဆင့်စုပ်ယူခြင်းဖြင့်ရရှိနိုင်လေသည်။ ဟိုင်ပါဖန်းရှင်းခေါ် ဟော်မုန်းအထွက်များလွန်းလျှင် ခွဲစိတ်ကုသနည်းဖြင့်ဂလင်းတစ်စိတ်တစ်ဒေသကိုထုတ်ပယ် ပစ်ရန်လိုကောင်းလိုပေလိမ့်မည်။ဟော်မုန်းနှင့်စပ်လျဉ်းသော အခြားကိစ္စများအတွက်အိပ်စရေးဖြင့်ကုသပေးခြင်းသည် ကောင်းမွန်ကြောင်းကိုလည်းတွေ့ရှိရသည်။ သိုင်းရွိုက်ဂလင်းမှဟော်မုန်းကိုသိုင်းရော့ဆင်ဟုခေါ်၏။ လည်ပင်းကြီးနာသည်သိုင်းရွိုက်ဂလင်းတတ်ကြွလှုပ်ရှားလွန်ခြင်း ကြောင့်နှင့်ကျယ်ပြန့်လာခြင်းကြောင့်ဖြစ်ရခြင်း ဖြစ်သည်။ မစ်ဆီဒီးမား၊ သို့မဟုတ်ဆွံ့နာသည် သိုင်းရော့ဆင် စစ်ထွက်လာခြင်း နည်းပါးခြင်းကြောင့် ဖြစ်သည်။ သိုင်း ရော့ဆင်နည်းပါးခြင်းကြောင့်ဖြစ်ရသည့်ရောဂါများအတွက် သိုင်းရွိုက်ပစ္စည်းကို ဆေးသောက်သကဲ့ သို့သောက်ပေးခြင်းဖြင့် ရောဂါများပျောက်ကင်းနိုင်ကြောင်းကို ၁၈၅၁ ခုနှစ် ကတည်းကပင်သိခဲ့ကြလေသည်။ ယခုအခါတွင်သိုင်းရော့ဆင်ကို ဓာတုဗေဒသဘောဖြင့် ဖေါ်စပ်နိုင်သည်ဖြစ်၍ ထိုပစ္စည်း ကိုရိုးရိုးဆေးများ စားသကဲ့သို့ စားခြင်းဖြင့်လည်းကောင်း၊ ထိုဆေးကိုထိုးဆေးအဖြစ်ဖြင့်လည်းကောင်းအသုံးပြုနိုင်လေသည်။ ကျောက်ကပ်စီးဂလင်းများ၏ အတွင်းသားမှ အက်ပီနက်ဖရင်ခေါ် ဟော်မုန်းတစ်မျိုးကို စစ်ထုတ်ပေးသည်။ လူတစ်ဦးတစ်ယောက် ဒေါသထွက်သောအခါတွင်ဖြစ်စေ၊ ကြောက်ရွံ့လာသောအခါ တွင်ဖြစ်စေ အက်ပီနက်ဖရင်က သွေးဖိအားကိုတိုးစေပြီးလျှင် နှလုံးကိုတတ်ကြွစေသည်။ တစ်နည်း အားဖြင့် ထိုလူကိုအမှုကိစ္စတစ်ခုခုကို ပြုလုပ်စေရန်ဖန်တီးပေးလေသည်။ အက်ဒြီနယ်လင်ခေါ် အက်ပီနက်ဖရင်အရည်ဖြင့် အချို့လန့်သော ကိစ္စများနှင့်နှလုံးရောဂါကို ကုသပေးလေ့ရှိကြသည်။ ကျောက်ကပ်စီးဂလင်း၏အပြင်လွွှာမှကော်တင်ခေါ်ဟော်မုန်း တစ်မျိုးကိုဖြစ်ပေါ်စေသည်။အက်ဒီဆင်ရောဂါသည် ကျောက်ကပ်စီးအပြင်လွှာမှဟော်မုန်းအထွက်နည်းခြင်းကြောင့် ဖြစ်သည်။ ထိုရောဂါဖြစ်လျှင် ကွယ်လွန်သည်ကများသည်။ ကော်တင်ကိုထိုးသွင်းပေးခြင်းဖြင့်ထိုရောဂါကိုသက်သာ စေနိုင်သည်။ လင်ဂါဟန်ကျွန်းကွက်များခေါ်ပန်ကရိများရှိ အချို့ဆဲများ၏ဟော်မုန်းကို အင်ဆူလင်ဟုခေါ်သည်။ ထိုဆဲများကအင်ဆူလင်ကို လုံလောက်စွာစစ်ထုတ်မပေးလျှင် ခန္ဓာကိုယ်သည်ခန္ဓာကိုယ်အတွင်းရှိသကြားကို အသုံးမပြုနိုင်တော့ချေ။ထိုကဲ့သို့သောချို့တဲ့မှုကပြင်းထန်သည့် ရောဂါဝေဒနာတစ်မျိုးဖြစ်သောဆီးချိုရောဂါကိုဖြစ်စေနိုင်သည်။ တိရိစ္ဆာန်များရှိပန်ကရိများမှအင်ဆူလင်ကိုထိုးသွင်း ပေးခြင်းဖြင့် ရောဂါ၏မကောင်းကျိုးများကိုသက်သာစေနိုင်ပေသည်။ သို့သော်ထိုသို့ထိုးသွင်းပေးခြင်းကိုတစ်သက်ပတ်လုံး ပြုလုပ်သွားရလေသည်။ ဦးနှောက်အောက်အတက်ဂလင်းကိုမာစတာဂလင်းဟု ခေါ်ကြသည်။ ယင်း၏အတွင်းပိုင်း သို့မဟုတ် ရှေ့ပိုင်းအဖုမှ ဟော်မုန်းသည်လိင်အင်္ဂါ၊ ပန်ကရိ၊ကျောက်ကပ်စီး၊ သိုင်းရွိုက်တို့၏ လှုပ်ရှားတက်ကြွမှုများကို ဖန်တီးပေးကြရုံမက ပါရာသိုင်းရွိုက်(ဒိုင်းပုံ) ဂလင်း၏လှုပ်ရှားတက် ကြွမှုကိုပါ ဖန်တီးပေးကောင်းပေးပေလိမ့်မည်။ ထိုဟော်မုန်းများအနက် ဟော်မုန်းတစ်မျိုးကခန္ဓာကိုယ်၏ကြီးထွားမှုကိုအားပေးလေသည်။ အဆမတန်ကြီးထွားမှုများနှင့်အဆမတန်သေးငယ်သူများ၏ ကြီးထွားမှုနှုန်းနှင့်သေးငယ်မှုနှုန်းတို့၏ထူးခြားမှုများသည် ဦးနှောက်အောက်အတက်ဖုမှဖြစ်ပေါ်သည့်ဟော်မုန်းများလွန်းခြင်း နှင့်နည်းလွန်းခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ ကြီးထွားမှု နည်းပါးသောအခါတွင် ကြီးထွားစေသည့် ဟော်မုန်းများကို ထိုးသွင်းပေးလေ့ရှိကြလေသည်။ အခြားအရေးကြီးသော ဦးနှောက်အောက် အတက်ဂလင်းမှ ဟော်မုန်းတစ်မျိုးက လိင်အင်္ဂါများ (ဥအိမ်နှင့်ဝှေးများ) ကိုကြီးထွားစေရုံမက အမများအားဥများ ဖြစ်စေမှုကိုအားပေးသေးသည်။ပရိုလက်တင်ခေါ်အခြားဟော်မုန်း တစ်မျိုးကရင်သားများကိုကြီးထွားစေပြီးလျှင် နို့များကိုစစ်ထွက်စေသည်။ လိင်အင်္ဂါများက မျိုးပွားစေရာတွင် အသုံးဝင်သည့် ဆဲများကိုဖြစ်ပေါ်စေရုံမကသွေးအတွင်းသို့လည်းဟော်မုန်းများကို စစ်ထွက်စေသေးသည်။ယေကျာ်းအင်္ဂါများ၊သို့မဟုတ်ဝှေးများက တက်စတော့စထရုန်းများကိုဖြစ်ပေါ်စေ၍ဥအိမ်များဖြစ်သော အမအင်္ဂါများကအက်စထရုန်းနှင့်ပရော့ဂက်စတာရုန်းများကို ဖြစ်ပေါ်စေသည်။ထိုဟော်မုန်းများသည်ယောကျာ်းနှင့်မိန်းမတို့ အားကိုယ်အနေအထားကွဲပြားမှုကိုဖြစ်စေသည်။ထိုဟော်မုန်းများ သည်ယောကျာ်းနှင့်မိန်းမတို့၏ခန္ဓာကိုယ်ဆောက်တည်ပုံ၊ ကြွက်သား၊အဆီ၊ဆံပင်ကြီးထွားမှု၊အသံ ဩဇာနှင့်ကိုယ်ဟန်သွင် ပြင်ခြားနားမှုကိုဖြစ်စေသည်။လိင်အင်္ဂါများဖရိုဖရဲဖြစ်သောအခါ တွင်လိင်နှင့်ဆိုင်သောဟော်မုန်းများကို ထိုးသွင်းပေးရလေသည်။ ဦးနှောက်အောက်အတက်၏ နောက်ပိုင်းရှိအဖုမှ ပစ်တြူအစ်တြင်ခေါ် ဟော်မုန်းတစ်မျိုးကိုစစ် ထွက်ပေးသည်။ ထိုဟော်မုန်းကကျောက်ကပ်အားရေကိုစုပ်ယူနိုင်အောင် ပြုပေးသည်။ အဆိုပါ အဖုမှစ၍ ထွက်လာသော ဟော်မုန်းနည်းလျှင်ရေငတ်ဆီးလွန်ရောဂါကိုဖြစ်စေ၍ ထိုရောဂါစွဲကပ်လျှင်ကျောုက်ကပ်မှဆီးအမြောက်အမြား စီးထွက် လာလေသည်။ အင်ဒိုကရင်းဂလင်းများအပြင် အခြားအင်္ဂါများမှလည်း အရေးကြီးသောဟော်မုန်းများကိုစစ် ထွက်ပေးကြသေးသည်။ အူ၏ကျိချွဲမြှေးမှ ဆီကရီတင် ဖြစ်ပေါ်စေရာ ထိုပစ္စည်းက ပန်ကရိအရည် စီးခြင်းကိုတိုးပွားစေသည်။ အခြားအူများမှ ဖြစ်ပေါ်လာသော ဟော်မုန်းမှာ ကောလီဆစ္စတိုကင်ဖြစ်၍ ယင်းက သည်းခြေအိတ်ကို ကျုံ့စေသည်။ အင်တာရိုဂက်စထရုန်းကမူ အစာကြေခြင်းကို နှေးကွေး စေသည်။ အစာအိမ်၌ ဖြစ်ပေါ်သော ဟော်မုန်းတစ်မျိုးမှာ ဂတ်စတြင်ဖြစ်၍ ထိုဟော်မုန်းကအက်စစ် ကိုစစ်ထွက်စေသည်။ ဆင်ပသင်ကဲ့သို့သော ဓာတ်ပစ္စည်းများလည်းဖြစ်ပေါ်သေးရာ ယင်းတို့က သွေးတိုးခြင်းကိုပြုပြင်ပေးလေသည်။ ထိုပစ္စည်းများသည်လည်း ဟော်မုန်းများဖြစ်သည်ဟုအဆိုပြု ထားချက်များရှိလေသည်။ တိရစ္ဆာန်များကသာယခုကဲ့သို့ဟော်မုန်းများကို ထုတ်ပေးကြသည်မဟုတ်၊ အပင်များကလည်း ဟော်မုန်းများကို ထုတ်ပေးကြသေးသည်။ အော့ဆင်ခေါ် ကြီးထွားမှု ဟော်မုန်းများသည်အပင်၏ထိပ်ဘက်တွင်ဖြစ်ပေါ်ကြလေသည်။ ထိုဟော်မုန်းကြောင့်အပင်သည်မြေကြီးနှင့်ဝေးရာ အလင်းဘက်ဆီသို့ ကြီးထွား၍ သွားကြလေသည်။ ထိုဟော်မုန်းများက အမြစ်သစ်များကိုပါ ဖြစ်စေရုံမက အချို့အဖူး မျိုးဖြစ်ပေါ်ခြင်းကိုလည်း တားဆီးပေးသေးသည်။ နွေကူးရာသီများ သစ်ပင်များတွင် အသားတိုးဖြစ် လေ့ရှိခြင်းကိုအုပ်ထိမ်ပေးသောအခြားအော့ဆင်များလည်းရှိ သေးသည်။ ဝတ်မှုန်အတွင်းရှိအော့ဆင် တစ်မျိုးကအသီးကိုစ၍ ဖြစ်ပေါ်စေပုံရသည်။ ဝတ်မှုန်အစားအော့ဆင်တစ်မျိုးကို အသုံးပြုခြင်းဖြင့်ဝတ်မှုန်မရှိဘဲ အသီးသီးနိုင်လေသည်။ အနာတရဖြစ်နေသောနေရာပေါ်တွင် တစ်ရှူးအသစ် ဖြစ်ပေါ်စေရန်အနာတရဟော်မုန်းခေါ်အပင်ဟော်မုန်းတစ်မျိုးက အားပေးသည်ကိုတွေ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)