မာတိကာသို့ ခုန်သွားရန်

ဟေမာနေဝင်း

ဝီကီပီးဒီးယား မှ
ဟေမာနေဝင်း
ဟေမာနေဝင်း (၂၀၁၀ ခုနှစ်)
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဟေမာနေဝင်း
မွေးဖွားရန်ကုန်မြို့မြန်မာနိုင်ငံ
ဂီတဟန်ပေါ့
အလုပ်အကိုင်အဆိုတော်
တက်ကြွသည့်နှစ်များ၁၉၈၀ ခုနှစ်များ–လက်ရှိ

ဟေမာနေဝင်း (Hayma Ne Win)သည် မြန်မာပြည်၏ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်များအနက်မှ တစ်ယောက်အပါအဝင် ဖြစ်သည်။ ဖခင် နိုင်ငံကျော် ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေဝင်း နှင့် မိခင် ဒေါ်ခင်မာလာ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ သမီး) တို့မှ ရန်ကုန်မြို့၌ ၁၉၆? ခုနှစ် ?လ ?ရက် တွင် မွေးဖွားသည်။ စာ‌ရေးဆရာ ဒဂုန်တာရာ ၏ ‌တူမလည်း ဖြစ်သည်။ ရုပ်ရှင်မင်းသား ရာဇာနေဝင်း ညီမ နှင့်ရုပ်ရှင်မင်းသမီး အိန္ဒာ‌ကျော်ဇင် ၏ အဒေါ် ဖြစ်သည်။

ဟေမာနေဝင်း အမည် ရ ပုံ

[ပြင်ဆင်ရန်]

ဟေမာနေဝင်း ဟူသော အမည် ကို အင်းစိန်ထောင်ထဲ ရောက်နေသော ဒဂုန်တာရာက ဟေမာနေဝင်းအထက် မှ အမဖြစ်သူအတွက် ပေးခဲ့သော်လည်း ထောင်တွင်းမှ ရေးသောစာမှာ ထောင်ပြင် ဆွေမျိုးများထံ ရောက်ရန် များစွာ ကြာမြင့်သည့် အတွက် စာရချိန်တွင် အမဖြစ်သူမှာ နာမည်ပေးပြီးဖြစ်နေရာ အချိန်ကိုက်မွေးဖွားလာသော၊ တိုက်ဆိုင်စွာ သောကြာသမီးလည်း ဖြစ်နေသော ဟေမာနေဝင်း အတွက် အမည် ဖြစ်ခဲ့ရသည်။ ထောင်အတွင်း ဆိတ်ဖလူးပန်းရနံ့များ သင်းပျံ့နေသော နေရာတွင် ထိုအမည်ကို ပေးခဲ့သည်ဟု ဆိုသည်။ []

ဟေမာနေဝင်းဖက်ရှင်

[ပြင်ဆင်ရန်]

ဖက်ရှင် ဝါသနာပါ၍ မိခင် နှင့် အဒေါ်တို့ ကြောင့် ဖက်ရှင်ကို ဂရုစိုက်သူ ဖြစ်လာသည်။ မိခင်ကလည်း ရှိုးပွဲ၊ ရုပ်သံ၊ ကြော်ငြာ ရိုက်ကူး‌ရေး များ အတွက် သမီး ဖက်ရှင် ကို ခေတ်နှင့် အညီဖြစ်ရန် အထူး ဂရုစိုက်ပေးခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကြီးပြင်း‌သော အမျိုးသမီးငယ်များအကြား ‌ဟေမာနေဝင်းဖက်ရှင်၊ ဟေမာနေဝင်းစတိုင် ဟေမာနေဝင်း ဆံပင်ပုံစံများ ခေတ်စားခဲ့သည် ။ ‌ဆံပင်ဒီဇိုင်နာများမှာ ကေမီ နှင့် ယူကီ တို့ ဖြစ်သည် ။

ဂီတလမ်း

[ပြင်ဆင်ရန်]

ဟေမာနေဝင်းသည် ငယ်စဉ်က အနုပညာဝါသနာပါသော်လည်း ဗီဇကို သိသိသာသာ မပြခဲ့ချေ။ အနုပညာရှင် ဖခင်ကြီးကလည်း သူမအား တိုက်တွန်းခြင်း၊ ဆွဲခေါ်ခြင်း မရှိခဲ့ချေ။ သို့သော် သူမသည် ငယ်စဉ်ကပင် သီချင်းများကို အကြားဖြင့် အလွတ်ရ၍ သီဆိုနေတတ်ခဲ့သည်။ ငယ်စဉ် အိမ်တွင် စန္ဒရားနှစ်လုံးရှိသည်။ ဖခင်က အနောက်တိုင်း ဂန္ဓဝင်တေးများတီး၍၊ ဦးလေး ဒဂုန်တာရာက မြန်မာသံစဉ်များ တီးလေ့ရှိသည်။ ဖခင် နှင့် ဦးလေးတို့ စန္ဒရားတီးချိန်တွင် ဟေမာနေဝင်းက သီချင်းဆိုလေ့ရှိရာ အနောက်တိုင်းတေး နှင့် မြန်မာသံစဉ်များနှင့် ရင်းနှီးခဲ့ရသည်။ [] ဂီတ အားပေးသူများမှာ ဒဂုန်တာရာ နှင့် အဒေါ်ဖြစ်သူ ဒေါ်ခင်နွယ်နီတို့ ဖြစ်သည်။ သီချင်းဆိုတတ်မှန်းသိသဖြင့် ဖခင်ဆုံးပါးသည့်အချိန်တွင် ဖခင်၏ အပေါင်းအသင်းမိတ်ဆွေများက သူမအား တေးစီးရီးထုတ်ရန် ကမ်းလှမ်းခဲ့ကြသည်။ ထိုမှစတင်၍ သီချင်းများ စတင်အသံသွင်း သီဆိုဖြစ်ခဲ့သည်။ ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းခံရဖူးသော်လည်း ခံစားချက် အမူအရာ များ အလုပ်တတ်သဖြင့် မရိုက်ခဲ့ []

အသက်ငယ်ရွယ်သေးချိန် ဂီတလောကတည်းကို စတင်ဝင်ရောက်သည့်အခါတွင် L.P.J တေးဂီတအဖွဲ့မှ သိန်းတန်(မြန်မာပြည်)က သူမအား စတိတ်ရှိုးများ ခေါ်ဆိုခဲ့သည်။ ဟေမာနေဝင်းသည် မေဆွိ၏ “ဘင်ဘို” သီချင်းကို စင်ပေါ်တွင် စတင်သီဆိုခဲ့သည်။ စင်ပေါ်တွင်သီဆိုသည်ကို စံပါယ်ဦး ဦးသန်းလွင်က တွေ့ရှိပြီး ပထမဆုံးစီးရီး ထုတ်ဖြစ်ခဲ့သည်။ ထို့နောက် ကိုင်ဇာရေးဖွဲ့ပေးသည့် “လိပ်ပြာ”သီချင်း၊ သုခမိန်လှိုင်ရေးဖွဲ့ပေးသည့် “အချစ်ဘယ်ကစ” သီချင်းများကို သီဆိုခဲ့သည်။ ပထမဦးဆုံး သူမ၏ တေးအယ်လ်ဘမ်မှာ “ချစ်လူဆိုး” ဟု အမည်ရသည်။ သူမကို ပရိသတ်များ သိသွားသည့် သီချင်းမှာ "မင်းကြောင့်" တေးအယ်လဘမ်ထဲမှ "ယုံလား” ဖြစ်သည်။ မောင်သစ်မင်း ရေးပေးသော ထိုသီချင်းကို မြန်မာ့ရုပ်မြင်သံကြား တေးဂီတအစီအစဉ်တွင် ရိုက်ကူးထုတ်လွှင့်ရာမှ ဟေမာနေဝင်း နာမည်ကို ထည့်ဆိုထားသော သီချင်းကိုရော အဆိုတော်ကိုပါ ပရိသတ်များက အားပေးနှစ်သက်ခဲ့ကြသည်။ ရုပ်သံရိုက်ကူး‌ေး ပထမဆုံး သီချင်းမှာ သုခမိန်လှိုင် ရေးပေးသော "အချစ်ဘယ်ကစ" သီချင်းဖြစ်သည်။

ဟေမာနေဝင်းသည် အဆိုတော်သက်တမ်းတစ်လျှောက် တစ်ကိုယ်တော်၊ နှစ်ယောက်တွဲ နှင့် အုပ်စုလိုက် အယ်လ်ဘမ်များ၊ စုံတွဲသီချင်းများ အရေအတွက် တစ်ရာ့ လေးဆယ်ကျော် သီဆိုထုတ်ဝေခဲ့သည်။ မြန်မာသံစဉ် သီချင်းများလည်း သီဆိုခဲ့သည်။

၁၉၈၇ ခုနှစ်တွင် မင်းကြောင့်၊ ဂြိုဟ်တုသတင်း၊ ဟေမာနေဝင်းနှစ်ယောက် တေးအယ်လ်ဘမ်များကို ဆက်တိုက်ဆိုသလို ထုတ်ဝေခဲ့သည်။ ၁၉၈၈ တွင်ထွက်ရှိသော "ခွင့်လွှတ်နော်" အယ်လ်ဘမ်သည် သူမကို ထိပ်ဆုံးနေရာမှ အဆိုတော်တစ်ယောက်အဖြစ် ပို့ဆောင်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်ပြီးနောက် "ပြန်လျော်ပေး"၊ "ချစ်ကောင်လေး" တေးအယ်လဘမ်များထွက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ဆွေမျိုးများထံ အလည်ခရီးသွားခဲ့သည်။ သုံးနှစ်ကျော် နေခဲ့သော အမေရိကားတွင် သူမကို စတိတ်ရှိုးပွဲ စီစဉ်ပေးသည့်အတွက် နိုင်ငံခြားတွင် ပထမဦးဆုံး တစ်ဦးတည်းဖြင့် စတိတ်ရှိုးလုပ်သည့် မြန်မာအဆိုတော်တစ်ဦး ဖြစ်လေသည်။

အမေရိကားတွင်ရှိနေစဉ် “ပိုးဖလံ" အမည်ရှိ သီချင်းခွေတစ်ခွေ အသံသွင်း၍ မြန်မာပြည်တွင် ဖြန့်ချိခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် ၁၉၉၁-၁၉၉၅ ခုနှစ်များအတွင်း "ပိုးဖလံ ၂"၊ "ချစ်ပြမယ်"၊ "အိမ်အပြန်"၊ "မှ..သို့..ချစ်သူ"၊ "ပိုးဖလံ ၃" စသည့် စတီဒီယိုတေးအယ်လဘမ်များကို ထုတ်ဝေခဲ့သလို၊ "ပြိုင်ပွဲကြီး"၊ "ဆောင်းကတ္တီပါ"၊ "အမုန်းခွန်အားပေးသနားပါ" စသည့် မြန်မာသံတေးအယ်လဘမ်များကိုလည်း ထုတ်ဝေခဲ့သည်။

ဟေမာနေဝင်းသည် ကြော်ငြာနောက်ခံသီချင်းများစွာကို သီဆိုပေးခဲ့ရာ၊ "ရွှေစင်" ရွှေဆိုင်ကြော်ငြာသီချင်းကို လူကြိုက်များခဲ့သည်။ မှန်ချိုသလိပ်ပျော်ဆေးကြော်ငြာနှင့် Lux ဆပ်ပြာမွှေးကြော်ငြာတို့တွင် သရုပ်ဆောင်ခဲ့ရာ၊ လူအများနှစ်ခြိုက်သဘောကျခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် သူမ၏ အကောင်းဆုံးတေးများအား ပြန်လည်အသက်သွင်းသည့် "ကြယ်တစ်ပွင့်မွေးဖွားခြင်း" Live Show တစ်ခုကို ဖျော်ဖြေတင်ဆက်၍ တေးအယ်လဘမ်ထုတ်ခဲ့သည်။ အယ်လ်ဘန် အမည်ကို ထိုစဉ်က အောင်ပန်းမြို့တွင် အနားယူနေသူ ဒဂုန်တာရာက ပေးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် "ရန်ကုန်လိုက်မယ်" Live Show တေးစီးရီးကို သိန်းတန်(မြန်မာပြည်)နှင့်တွဲဖက်သီဆို ထုတ်ဝေခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. သံညှင်း၊ သံသာ၊ သံဝါ၊ ချိုအေး - ဟေမာနေဝင်း (အပိုင်း ၁)၊ ၂၀၁၉ ဒီဇင်ဘာ ၁၄ ၊ Kamayut Online TV
  2. 1 2 သံညှင်း၊ သံသာ၊ သံဝါ၊ ချိုအေး - ဟေမာနေဝင်း (အပိုင်း ၃)၊ ၂၀၁၉ ဒီဇင်ဘာ ၁၇၊ Kamayut Online TV