သွေးဆေးကန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သွေးဆေးကန်အရပ်သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

အလောင်းမင်းတရား၏ စတုတ္ထသားတော် ဗဒုံမင်း (ဘိုးတော်ဘုရား) သည် ၁၇၈၂-ခုနှစ်တွင် ထီးနန်းရသောအခါ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတွင် တည်ရှိသော သွေးဆေးကန်နှင့်ပတ်သက်၍ သမိုင်းအထောက်အထားများ မှတ်တမ်းများ ရှိခဲ့သည်။


ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား၏ အမိန့်ပြန်တမ်းတွင် သွေးဆေးကန်အကြောင်းတွေ့ရှိရသည်။ ဗဒုံမင်း၏ အမိန့်တော်မှာ ရန်ကုန်မြို့ ရွေတိဂုံစေတီတော် မြောက်ဘက်မုတ်နား သွေးဆေးကန်က ရွှေဘိုစဉ့်အိုးနဲ့ ရေလုံးရေ ၁၀ ကို ဟံသာ၀တီ မြို့ဝန်က ရွှေဖဝါးတော်အောက် အရောက် ဆက်သ ရမယ် လို့ပါရှိသည်။ ထိုအမိန့်တော်အရ သွေးဆေးကန်သည် ဘိုးတော်ဘုရား လက်ထက် ကတည်းက ရှိနေပြီဖြစ်သည်။ ဆေးဖက်ဝင်သော သွေးဆေးကန်ကရေကို ဘိုးတော်ဘုရားက အမရပူရ နေပြည်တော်သို့ ပေးပို့ဖို့ အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။


ဗဒုံမင်းလက်ထက် ၁၇၉၆-ခုနှစ်တွင် အင်္ဂလိပ်ကုန်သွယ်ရေးကို ချုပ်ကိုင်ရန်အတွက် ရန်ကုန်သို့ရောက်လာခဲ့သည့် ဗြိတိသျှလူမျိုး သံကိုယ်စားလှယ် ကပ္ပတိန်ဟီရမ်ကောက်စ်သည် သွေးဆေးကန်၏ ဆေးဖက်ဝင်သည့် အကြောင်းကို သတိပြုမိခဲ့သည်။ ဟီရမ်ကောက်စ်၏ Journal of A Risidence in the Burmhan Empire တွင် ကောက်စ်က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတွင် ကန်တကန်ရှိကြောင်း၊ ယင်းကန်တွင်းရှိ ရေများသည် ဆေးဖက်ဝင်ကြောင်း၊ ဆေးဖက်ဝင်သည့်အချက်ကို ဒေသခံတိုင်းရင်းသားများနှင့် ဥရောပ တိုက်သားတို့ သိရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ ကောက်စ်သည် သွေးဆေးကန်၏ ဆေးဖက်ဝင်မှုနှင့် စပ်လျဉ်း၍ သူကိုယ်တိုင် စူစမ်းလေ့လာခဲ့သည်။ ကောက်စ်ရေးသားခဲ့သော မှတ်တမ်းစာအုပ်တွင် သွေးဆေးကန်တည်ရှိရာ အနီးပတ်ဝန်းကျင်ရှိ မြေသားနှင့် ကျောက်များ၏ သဘောသဘာဝကိုလည်း လေ့လာမှတ်တမ်းတင်ခဲ့သည်။


ကပ္ပတိန်ကောက်စ်၏ မှတ်တမ်းတွင် သွေးဆေးကန်အနီးရှိ တောင်ကုန်း၏ အပေါ်ဆုံးမြေလွှာတွင် စီလီကာကြွယ်ဝသော မြေလွှာပါးရှိကြောင်း၊ ဒုတိယမြေလွှာမှာ သံဓာတ်ကြွယ်ဝပြီး ဂဝံမြေဖြစ်ကြောင်း၊ တတိယမြေလွှာမှာ သံဓာတ်ကြွယ်ဝသော မြေနီနှင့် စီလီကာကြွယ်ဝသော မြေရောတွင် အနီ အဝါ၊ အပြာရောင်ရှိသော သံသတ္တုရိုင်းများ ပိုမိုပါဝင်ကြောင်း၊ စတုတ္ထမြေလွှာတွင် မြေစေးဖြူလွှာပါဝင်ကြောင်း၊ ပဥ္စမမြေလွှာတွင် သံသတ္တုရိုင်းပမာဏများပြားပြီး ဆာလဖြူရစ်အက်ဆစ်ဓာတ် ကြွယ်ဝကြောင်း၊ ဆဋ္ဌမမြေလွှာမှာ စရစ်ပြုန်းကျောက်လွှာဖြစ်ကြောင်း၊ သံသတ္ထုရိုင်းပမာဏနှင့် ဆာလဖြူရစ်အက်ဆစ်ဓာတ် ပမာဏ ပိုများကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရသည်။

ကပ္ပတိန်ကောက်စ်၏ မှတ်တမ်းတွင် မုတ်သုံမိုး၏ ရေစီးကြောင်းအောက်ခြေအထိ တိုက်စားရာမှ ထွက်ပေါ်လာသည့် ဆဋ္ဌမအလွှာရှိ အပြာရောင်ကျောက်စရစ်ဖြုန်းတို့သည် နေရောင်နှင့်ထိတွေ့ သောအခါ သဘာဝကြေးနီရိုင်းကို ဖြစ်ပေါ်စေကြောင်း၊ ရေကန်ကြီးအနီးတဝိုက်ရှိ ကျောက်များသည် သဲကျောက် ဆန်ကြောင်း၊ နေရာအတော်များများရှိ ကျောက်မျက်နှာပေါ်တွင် အနီရောင် သံသတ္တုရိုင်း အလွှာပါး အုပ်ထားကြောင်း၊ ၎င်းတို့ လေထုနှင့် ထိတွေ့သောအခါ ဝါကျင့်သောအဖြူရောင် ပေါင်ဒါမှုန့်များအဖြစ် ပြောင်းလဲသွားကြောင်း၊ ရေကန်တွင်းရှိ အနည်ကျခဲ့သော ရွှံ့များ၊ ရေခန်းသွားသောအခါ ရွှံ့မျက်နှာပြင် ပေါ်တွင် အဝါရောင်ကြေး ကပ်လျက်ကျန်ခဲ့ကြောင်း၊ ကျောက်ကြို ကျောက်ကြား အခေါင်းပေါက်များ တွင်လည်း ကန့်ဓာတ်ပါဝင်မှုကို အထင်အရှား မြင်တွေ့ရကြောင်းကိုလည်း မှတ်တမ်းတင်ခဲ့သည်။

ကပ္ပတိန်ကောက်စ်သည် ရေကန်တွင်းရှိ ရေကိုပါ စမ်းသပ်စစ်ဆေးပါသည်။ ၎င်း၏ စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်၍ ကောက်စ်က ဤရေတွင် သံသတ္ထုသည် ဆာလဖြူရစ်အက်ဆစ်နှင့် ဓာတ်ပြု၍ သံသတ္ထုဆား ပျော်ဝင်နေသော ရေဖြစ်သည်။ ထို့အပြင် မဂ္ဂနီဆီယမ်အောက်ဆိုဒ် အနည်းငယ်နှင့် ပိုတက်ဆီယမ် ကလိုရိုဒ်ဓာတ်ဆားများပါ ပျော်ဝင်နေကြောင်း၊ သတ္တုများပျော်ဝင်သောရေ (Mineral Water)ဖြစ်ကြောင်း ဖော်ထုတ်မှတ်တမ်းတင်ခဲ့သည်။

သွေးဆေးကန်မှရေသည် ဆေးဖက်ဝင်ကြောင်း ကပ္ပတိန်ကောက်စ်၏ တွေ့ရှိချက်ကို မြန်မာအထောက်အထားများကလည်း ထောက်ခံထားသည်။ ယင်းအထောက်အထားမှာ ၁၈၁၁-ခုနှစ် နိုဝင်ဘာလ ၅-ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ဗဒုံမင်း၏ အမိန့်တော်တွင် ရန်ကုန်မြို့ သွေးဆေးကန်က ရေ-လုံးရေ ၁ဝကို ဟံသာဝတီမြို့ဝန်က ရွှေဖဝါးတော်အောက်ကောင်းမွန်အောင် ဆောင်ယူဆက်သလာစေ-ဟူ၍ ပါရှိသည်။

အမိန့်တော်အရ သွေးဆေးကန်သည် ဗဒုံမင်းလက်ထက်ကပင် ရှိနေပြီဖြစ်ကြောင်း ဆေးဖက်ဝင်သည့် သွေးဆေးကန်မှရေကို ဗဒုံမင်းက အမရပူရ နေပြည်တော်သို့ ပေးပို့ရန် အမိန့်ထုတ်ပြန်ကြောင်း သိရှိရသည်။ သွေးဆေးကန်မှရေသည် မည်သည့်ရောဂါတို့ကို ပျောက်ကင်းကြောင်း အထောက်အထားမတွေ့ရ။ ဆေးဖက်ဝင်သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ အားဆေး၊ ရောဂါပျောက်ဆေး စသည် မှတ်တမ်းများကို မတွေ့ရ။ အချို့က ဤသွေးဆေးကန်သည် ရန်သူများနှင့် တိုက်ခိုက်ရာတွင် အောင်ပွဲရပြီး လက်နှင့်ဓား၊ လှံများတွင် သွေးများလိမ်းကျံနေသဖြင့် ၎င်းသွေးများကို ဆေးကြောသော ကန် ဖြစ်၍ သွေးဆေးကန်ဟု ခေါ်ကြသည်။ ဤကန်သည် သွေးဆေးရန် ချက်ချင်းတူးဖော်ခြင်း ဟုတ်-မဟုတ်နှင့် မည်သူက တူးဖော်ခဲ့သည်ကိုလည်း မှတ်တမ်းများမတွေ့ရပါ။ မည်သို့ပင်ဖြစ်စေ ခေတ်ပြိုင်အထောက်အထား သမိုင်းမှတ်တမ်းများအရ သွေးဆေးကန်တည်ရှိခဲ့သည့် သက်တမ်းနှင့် ဆေးဖက်ဝင်သည့် ထူးခြားမှုကို လေ့လာ၍ တင်ပြလိုက် ပါသည်။

[၁]

ထပ်မံဖတ်ရှုရန်[ပြင်ဆင်ရန်]

လိပ်ပြာကန်

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဧပြီလ)