ခင်မောင် (သူကြီးဂေဇက်)

ဝီကီပီးဒီးယား မှ
(သူကြီးဂေဇက် ဦးခင်မောင် မှ ပြန်ညွှန်းထားသည်)
သူကြီးဂေဇက် ဦးခင်မောင်
မွေးဖွားခင်မောင်
၁၈၉၂
ကြံခင်းမြို့ဧရာဝတီတိုင်း
ကွယ်လွန်၁၉၅၂ (အသက် ၅၉–၆၀)
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
ပညာရေးဘီအေဘွဲ့
မိခင်ကျောင်းရန်ကုန်ကောလိပ်
အလုပ်အကိုင်အယ်ဒီတာပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်
ကျော်ကြားမှုအရင်းခံသတင်းစာ အယ်တီတာ
ထင်ရှားသည့်
လုပ်ဆောင်မှု
သူကြီးဂေဇက် သတင်းစာ
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့

သူကြီးဂေဇက် ဦးခင်မောင် (ခရစ် ၁၈၉၂ – ၁၉၅၂) သည် ဗြိတိသျှခေတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံခေတ် နှစ်ခေတ်စလုံးတွင် နိုင်ငံတော်အစိုးရ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်အဖြစ် အမှုထမ်းသူ ဖြစ်သည်။ ဗြိတိသျှခေတ်က အစိုးရပိုင် သူကြီးဂေဇက်သတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဘူးသောကြောင့်၊ သူကြီးဂေဇက် ဦးခင်မောင်ဟု ပိုမို၍ လူသိများသည်။

သူကြီးဂေဇက် ဦးခင်မောင်သည် ၁၈၉၂ ခုနှစ်တွင် ကြံခင်းမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ ဦးစိုးဖေ(ပညာအုပ်) ဖြစ်ပြီး၊ အမိ နာမည်ကို မှတ်တမ်းတွင် မတွေ့ ရှိသေးပေ။ မြန်မာ့ စွယ်စုံကျမ်း၊ စာတွဲ ၂ တွင် ပြထားခြင်း မရှိခဲ့ပေ။

ဦးခင်မောင်သည် ၁၉၁၆ ခုနှစ်တွင် ရန်ကုန်ကောလိပ် မှ ဘီအေ အောင်မြင် ခဲ့သည်။ ငယ်စဉ်က မည်သည့် ကျောင်းတွင် ပညာ သင်ကြား ခဲ့သည် ဟုလည်း အမှတ်အသား မရရှိ ခဲ့သေး။ ဘီအေ အောင်ပြီးနောက် ဆရာဖြစ် လက်မှတ်ရပြီး သထုံမြို့တွင် ကျောင်းဆရာ လုပ်ခဲ့သည်။ ဦးခင်မောင်သည် ကျောင်းဆရာ အလုပ်မှ ထွက်ပြီးလျှင် မြန်မာများ ထုတ်ဝေသော 'ဘားမား အော့(ဖ်)ဇားဗား' ခေါ် အင်္ဂလိပ် ဘာသာနှင့် ထုတ်ဝေသော သတင်းစာတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ထို သတင်းစာတိုက်တွင် သတင်းစာတိုက် ပိတ်လိုက်သည်အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးခင်မောင်သည် 'ဘားမား အော့ (ဖ်) ဇားဗား' သတင်းစာ ပိတ်လိုက်သော အခါ သူရိယသတင်းစာတွင် ဘကြီး ဘဖေ တို့နှင့် အတူ တွဲဖက်၍ အယ်တီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုခေတ်တွင် နိုင်ငံရေးလုပ်ငန်းများ၌ ပါဝင်ရာ ဂျီစီဘီအေ (ခေါ်) မြန်မာ အသင်းချုပ်ကြီးနှင့် 'ဘားမား ရီဖောင်းလိ' တို့၌ အကျိုးဆောင် လက်ထောက် (ဒု- အတွင်းရေးမှူး) အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းအပြင် ဝိုင်အမ်ဘီအေ (ခေါ်) ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး တွင်လည်း အကျိုးဆောင် အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ သူရိယသတင်းစာတွင် အယ်ဒီတာ လုပ်ခဲ့စဉ်က အိန္ဒိယ ဥပဒေပြု လွှတ်တော် မင်းတိုင်ပင် အမတ် အဖြစ် လုပ်ကိုင်ခဲ့သည်။

ထို့နောက် ဦးခင်မောင်သည် အစိုးရ အလုပ်တွင်ဝင်၍ သူကြီးဂေဇက် သတင်းစာ၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှခေတ်က အစိုးရပိုင် သူကြီး ဂေဇက် သတင်းစာတွင် အယ်တီတာအဖြစ် နှစ်အတော် ကြာအောင် ဆောင်ရွက် ခဲ့ဖူးသောကြောင့် သူကြီးဂေဇက် ဦးခင်မောင်ဟုဆိုလျှင် လူသိများခဲ့သည်။

ဦးခင်မောင်သည် 'တောသား' ဟူသော ကလောင် အမည်ဖြင့် အင်္ဂလိပ် သတင်းစာ များတွင် ရေးလေ့ ရှိသည်။ သူ၏ ရေးသားချက် များကို မြန်မာ အမျိုးသားနှင့် အမျိုးသမီးများ သာမက နိုင်ငံခြား သားများ ကပင် အထူး နှစ်သက် ကြသည်။ အထူးသဖြင့် အင်္ဂလိပ်စာ ရေးရာတွင် ထူးချွန်သည်။ အင်္ဂလိပ် - မြန်မာ ၂ ဘာသာတွင် နှံ့စပ်သော ပုဂ္ဂိုလ် ဖြစ်သည်။ စိတ်ကောင်း ရှိသည်။ သဘောထား သိမ်မွေ့၍ ကြင်နာ တတ်သည်။

ဦးခင်မောင်သည် သူကြီး ဂေဇက် အယ်ဒီတာ အဖြစ်မှ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် အဖြစ် ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်သည် အထိ ဆောင်ရွက် ခဲ့ရသည်။ စစ်ပြီး၍ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ လက်ထက်တွင် ပြန်ကြားရေး ဌာန ညွှန်ကြားရေးဝန် အဖြစ် ဆောင်ရွက် ခဲ့ရပြန်သည်။ ဝဏ္ဏကျော်ထင်ဘွဲ့ ကိုလည်း ချီးမြှင့်ခြင်း ခံရသည်။ မကျန်းမာ၍ အလုပ်မှ နုတ်ထွက် ခဲ့ရသည်။

ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရ လက်ထက် ပညာ စွယ်စုံကျမ်း ထုတ်ဝေရန် စီစဉ်ရာတွင် ဦးခင်မောင်မှာ တာဝန်ခံ တဦး ဖြစ်သည်။ အဘိဓာန် ဌာန အဖွဲ့ငယ်တွင် လည်းကောင်း၊ အတိုင်ပင်ခံ စာတည်း အဖွဲ့တွင် လည်းကောင်း ပါဝင် ခဲ့ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးခင်မောင်သည် ၁၉၅၂ ခု၊ နိုဝင်ဘာလ ၂၁ ရက်၊ ၁၃၁၄ ခု၊ နတ်တော်လဆန်း (၇)ရက်၊ သောကြာနေ့၊ အသက် ၆ဝ အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန် အနိစ္စရောက်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ' စာအုပ် (စပယ်ဦး စာပေ)၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)