သိန်းရီ၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒေါ်သိန်းရီ ကို ၅ အောက်တိုဘာ ၁၉၅၁ တွင် ဦးထွန်းစိန်နှင့် ဒေါ်နန်းလိပ်တို့က ဖွားမြင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် သားဖွားဆရာမ သင်တန်း အောင်မြင် ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်မှ စ၍ သားဖွားဆရာမ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နန်းယွန်းမြို့နယ် လုံခိုင်ကျေးလက် ကျန်းမာရေး ဌာန၊ တမူးမြို့နယ် သနန်ကျေးလက် ကျန်းမာရေး ဌာန၊ ဖိုင်လင်း ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ဟုမ္မလင်းမြို့နယ် သောင်သွပ် တိုက်နယ်တို့၌ သားဖွား ဆရာမ အဖြစ် အမှုထမ်း ခဲ့ပါသည်။

၂ ဧပြီ ၁၉၉၅ ညနေပိုင်းတွင် ရပ်ကွက် အတွင်း မီးလောင်နေကြောင်း ကြားသိရ သဖြင့် ဆရာမ ဒေါ်သိန်းရီ နေအိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။ နေအိမ် အနီးသို့ အရောက်တွင် မီးတောက် မီးလျှံများ ပိုမို မြင့်မားလာပြီး ဆေးစပ်ဆရာ၏ နေအိမ်မှာ မီးဝါးမျိုလျက် ရှိကြောင်း တွေ့ရှိရသည်။ ထိုစဉ် နေအိမ် အတွင်း၌ တကိုယ်လုံး မီးတောက်လောင်လျက် မီးလျှံများ အကြား ပိတ်မိနေသော ကလေးငယ်ကို မြင်လိုက်ရရာ ဆရာမ ဒေါ်သိန်းရီသည် အန္တရာယ်ကို သတိ မပြုတော့ဘဲ ကလေးငယ်အား ဝင်ရောက် ကယ်တင်တော့၏။ မီးတောက်များ ဝန်းရံနေသည့် အထဲတွင် ဆရာ ဒေါ်သိန်းရီသည် ကလေးငယ်ကို တင်းကျပ်စွာ ပွေ့ဖက်လျက် မီးညွန့် အနည်းဆုံး နေရာမှ မိမိကိုယ်ကို လှိမ့်ချကာ ဖောက်ထွက်ခဲ့သည်။ လမ်းမပေါ်သို့ အရောက်တွင် ဆရာမရော ကလေးပါ သတိမေ့မြော သွား၏။ သားဖွား ဆရာမ ဒေါ်သိန်းရီသည် ခြေထောက်၊ ဦးခေါင်း၊ မျက်နှာနှင့် ကျောတို့တွင် မီးပြင်းထန်စွာ ခံခဲ့ရပြီး ကလေးငယ်မှာလည်း နှစ်နာရီ အကြာတွင် သေဆုံး သွားခဲ့၏။ ဆရာမ ဒေါ်သိန်းရီအား ဖောင်းပြင် ဆေးရုံ၌ ကိုးရက်ကြာ ကုသခဲ့ရပြီး မုံရွာသို့ ဆက်လက် ပေးပို့ပြီး အကြိမ်ကြိမ် ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ပေးအပ် ချီးမြှင့်သော ဖလောရင့် နိုက်တင်ဂေးဆုကို ရရှိခဲ့သည်။ အသက်ကို ပဓာန မထားဘဲ သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် ထိုက်ထိုက်တန်တန် ချီးမြှင့် ခံခဲ့ရခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူမှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး သားနှစ်ယောက် သမီးလေးယောက်အား ပြုစု စောင့်ရှောက်ရင်း နိုင်ငံ့တာဝန် ထမ်းလျက် ရှိပါသည်။

ဆက်စပ် ဖတ်ရှုရန်[ပြင်ဆင်ရန်]

ရည်ညွန်းကိုးကား[ပြင်ဆင်ရန်]

တင်နိုင်တိုး။ ကမ္ဘာ့ ကြက်ခြေနီဆုရ မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များ။ Weekly Eleven News Journal, Vol (4), No (30)၊ စာ ၂၃။။ ၂၀၁၁-၀၉-၂၄ တွင် ပြန်စစ်ပြီး။