သဘာဝလေ့လာမှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဘာဝလေ့လာမှု ဆိုသည်မှာ သဘာဝလောကရှိအရာဝတ္ထုများကို ကြည့်ရှုမှတ်သားလေ့ လာခြင်းပင်ဖြစ်သည်။ သဘာဝအလျှောက် ဖြစ်တည်နေသော အရာဝတ္ထုများကို နေ့ရှိသလောက်တွေ့မြင်နေရပြီးဖြစ်၍ သဘာဝအကြောင်းကို တစ်သီးတစ်ခြား လေ့လာနေရန် လိုသေးသလောဟု အချို့ကဆိုကောင်းဆိုပေမည်။ သဘာဝနှင့် စပ်လျဉ်းသည့် အကြောင်းအချက်များကို တတ်သိသည်အထင်နှင့် သဘာဝလေ့လာမှု၌ စိတ်မဝင်စားဘဲနေတတ်သူများလည်း ရှိ၏။ သို့ရာတွင် နေသည် အဘယ့်ကြောင့် အနောက်မှ မထွက်သနည်း။ နွေ၊ မိုး၊ ဆောင်းစသည်ဖြင့် အဘယ်ကြောင့် ရာသီဥတုများသီးခြားရှိရသနည်း။ ချောင်းထဲရှိ ကျောက်ခဲလေးများသည် အဘယ်ကြောင့်လုံး၍နေရသနည်း။ နေကြာပန်းသည်အဘယ်ကြောင့် နေရှိရာဘက်သို့ မျက်နှာလှည့်ပြီးနေရသနည်း။ ကုက္ကိုရွက်ကဲ့သို့သော သစ်ရွက်တို့သည် အဘယ်ကြောင့်ညဉ့်ဘက်တွင်အိပ်ရသနည်း။ ထိကရုံးပင်ကိုတို့ထိလိုက်လျှင် အဘယ်ကြောင့် အရွက်များ ရုံးသွားရသနည်း။ အချို့သစ်ပင်သည် တစ်နှစ်ပတ်လုံး ပွင့်နိုင်သီးနိုင်ပါလျက် အချို့မှာအဘယ်ကြောင့် မပွင့်နိုင်မသီးနိုင်ရသနည်း။ မည်သည့်ရာသီဥတု၌ ယင်အပေါဆုံးနည်း။ ခြတိုင်းအတောင်ပေါက်၍ပလူပျံနိ်ုင်သလော။ နကျယ်ကောင်သည် အကယ် ပင်အများထင်သည့်အတိုင်း သူတစ်ပါးသားကောင်များကို နကျယ်ဖြစ်လာအောင် ဘဝပြောင်း ပေးသလော။ ဖားသည် ရေသတ္တဝါလော၊ ကုန်းသတ္တဝါလော။ ဥ0x100သငှက်သည်မိမိ ဘာသာအသိုက် ပြုလုပ်လေ့ရှိသလော။ ရေမြင်းသည် မြင်းအမျိုးတွင် ပါဝင်သလော။ ဝက်အမျိုးတွင်ပါဝင်သလော။ ဝေလငါးသည် ဥမှပေါက်သလော။ အကောင်လိုက်ပေါက် သလော။ ဤမေးခွန်းများကိုအကုန်ဖြေနိုင်သူနည်းပေလိမ့်မည်။ အမှန် စင်စစ်ဘာဝနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ကောင်းစွာ သိထားကြသည်မဟုတ်ချေ။ ထို့ကြောင့်သဘာဝသည် အဆုံးအစမရှိအောင် ဆန်းကြယ်သည့်အတိုင်း သဘာဝ အကြောင်းကိုလေ့လာလေ စိတ်ဝင်စားလာလေ ဖြစ်သည်ကိုတွေ့နိုင်ပေသည်။

သဘာဝကိုလေ့လာသူတဦးသည် အချို့သော ကျေးငှက် တိရစ္ဆာန်များ၊ ပန်းမာန်များနှင့်မြေကျောက်တို့အမည် များကိုသိရုံမျှဖြင့်မကျေနပ်နိုင်ဘဲ ပြင်ပသို့ထွက်သွားတိုင်း အသစ်တွေ့သမျှကိုလေ့လာလိုသည်။ ဤသို့လေ့လာဖန်များ သောအခါ အဆိုပါအရာဝတ္ထုတို့သည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်ရပုံနှင့် မည်သည့်အချိန်အခါတွင် ပြန်၍ဖြစ်ပေါ်တတ်ပုံများကိုပါ တဖြည်းဖြည်းသိသာပေသည်။ မည်သည့်အပင်သည်မည်သည့်အချိန်၌ ဖူးတတ်ပွင့်တတ်ပုံ၊ လိပ်ပြာကလေးများ၊ ပျားပိတုန်းများသည်ပန်းပွင့်များအနီး၌ မည်သည့်အတွက်ရစ်ဝဲနေကြပုံ၊ စီတန်းသွားနေကြသော ပုရွက်ဆိတ်များသည် မည်သည့်အရပ်သို့သွားကြ၍ မည်သည့် အတွက်ကြောင့်ထိုကဲ့သို့ အမြဲတစေအလုပ်များနေကြပုံ စသည်များကိုလည်း သူသည်လေ့လာစုံစမ်းရင်း တစ်ခုပြီးတစ်ခုသိရှိနားလည်လာပေသည်။

သဘာဝလေ့လာမှုကို အိမ်တွင်းအိမ်ပြင် နှစ်ဌာနစလုံး၌ပြုလုပ်နိုင်သည်။ များသောအားဖြင့် အိမ်တွင်းမှာ ထက် အပြင်လောကသို့ထွက်၍ လေ့လာသည်ကများကြသည်။ သဘာဝကို နှစ်သက်လေ့လာသူတစ်ဦးသည် ကွင်းပြင်တော တောင်နှင့်မြစ်ချောင်းကမ်းနားများရှိရာသို့အချိန်ယူ၍ လှည့်လည် သွားလာလေ့ရှိသည်။ မြို့ကြီးပြကြီးများတွင် နေထိုင်သူဖြစ်က မြို့ပြင်သို့မထွက်နိုင်သောအခါများတွင် ဥယျာဉ်များနှင့်ခြံများသို့ သွား၍သဘာဝကိုမျက်ခြည်မပြတ်လေ့လာခြင်း ဖြင့်ရောင့်ရဲကြ ရပေသည်။

သဘာဝလေ့လာမှုသည် သစ်ပင်ဝါးပင်သားငါး တိရစ္ဆာန်စသော သက်ရှိဝတ္ထုများနှင့်သာသက်ဆိုင်သည်ဟု အချို့ကထင်မှတ်ကြသည်။ စင်စစ်သဘာဝလေ့လာမှုသည် ပတ်ဝန်းကျင်သဘာဝ၌ ရှိရှိသမျှမည်သည့်သက်ရှိသက်မဲ့ ဝတ္ထုမျိုး၊ မည်သည့်အဖြစ်အပျက်မျိုးကိုမဆို လေ့လာခြင်းဖြစ်သည်။ သဘာဝကိုလေ့လာသူတို့သည် တစ်နှစ်ပတ်လုံး လေ့လာမှတ်သားလေ့ရှိကြသည်။ များသောအားဖြင့် အတွေ့ အကြုံနည်းပါးသော အပင်များနှင့်တိရစ္ဆာန်များအကြောင်းကို လေ့လာလေ့ရှိကြရာ ဤသို့လေ့လာရာတွင် အမည်များကို သိရုံသာပြုလုပ်ကြသည်မဟုတ်။ ငှက်အသစ်တစ်ကောင်ကို နောက်တစ်ကြိမ်ထပ်မံမြင်တွေ့သောအခါတွင် အမှတ်ရသိရှိ နိုင်အောင်လည်းကြိုးစားကြ၏။ ငှက်၏အရွယ်ပုံပန်းသဏ္ဌာန်၊ အရောင်အဆင်းနှင့်ထုံးစံဓလေ့များကိုလည်း လေ့လာ တတ်ကြ၏။ တစ်ခါတစ်ရံ အသံကြားရုံနှင့်ပင် သိနိုင်အောင်လည်း လေ့လာထားတတ်ကြပေသည်။ ထိုငှက်သည် မည်သည့်အမျိုး၌ပါဝင်ပုံ၊ မည်သည့်အစာကိုစား၍ မည်သည့် နေရာမျိုး၌များသောအားဖြင့်တွေ့နိုင်ပုံ၊ မည်သည့်နေရာမျိုး၌ အသိုက်ပြုလုပ်တတ်ပုံ၊ သားငယ်သမီးငယ်များကို မည်သို့ စောင့်ရှောက်ပြုစုတတ်ပုံများကိုပါ အချိန်ကြာမြင့်စွာစောင့် ဆိုင်း၍ လေ့လာစုံစမ်းသူများလည်းရှိပေသည်။

သဘာဝကို လေ့လာသူတစ်ဦးသည် စုဆောင်း တတ်သူလည်းဖြစ်သည်။ သူသည်ရေချိုငါးများနှင့်အပင်ကလေး များကို အနီးအနားရှိအင်းအိုင်ချောင်းမြောင်းများမှ စုဆောင်း၍ ဖန်ရေကန်ကလေးတွင်ထည့်ထားတတ်၏။ တစ်ခါတစ်ရံ ကျောက်တုံးများ၊ သတ္ထုများ၊ သစ်ရွက်များ၊ တောပန်းများ၊ ရေညှိပင်များ၊ ခရုခွံများကိုလည်း စုဆောင်းကာလေ့လာ တတ်သေးသည်။ သို့သော်ဤသို့စုဆောင်းရာ၌ ပုံသဏ္ဌာန်များ ပျက်မသွားစေရန်အထူးဂရုပြုဖို့လိုပေသည်။ တောတောင်ကွင်းပြင်များသို့ခရိးထွက်ခြင်း၊ ကြက်ငှက် တိရစ္ဆာန်ကလေးများကိုမွေးမြူခြင်း စသည်တို့မှာလည်း သဘာဝကိုလေ့လာသူတို့ လုပ်လေ့လုပ်ထရှိသော အလုပ်များပင် ဖြစ်သည်။ သဘာဝကိုလေ့လာသူအများပင် သဘာဝပစ္စည်းများကို ဓာတ်ပုံရိုက်ယူထားလေ့ရှိ၍ သဘာဝတိရစ္ဆာန်များ စောင့်ရှောက် ကာကွယ်ရေးလုပ်ငန်းများကို လည်းပြုလုပ်လေ့ရှိကြသည်။ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွင် ကျေးငှက် တိရစ္ဆာန်ရိုင်းများ ကျက်စားနေထိုင် ရာစားကျက်ကွင်းပြင်များ ပြုလုပ်ပေးခြင်း၊ အစာရေစာရအောင် ဖန်တီးပေးခြင်း စသည်တို့ပါဝင်လေသည်။

သဘာဝကိုလေ့လာသူတိုင်းတွင် မှတ်စုစာအုပ်များ ထားရှိရန်အရေးကြီး၏။ သို့မှသာတွေ့မြင် သိရှိသည့်အချက် များကိုမပျောက်ပျက်အောင်မှတ်သားလေ့လာနိုင်ပေမည်။ ပုံကြမ်း များကိုပါရေးဆွဲကူးယူထားနိုင်လျှင် သာ၍ပင်ကောင်း သေးသည်။ မှတ်စုစာအုပ်များထားရှိခြင်းဖြင့် ရာသီဥတုအလိုက် အပင်နှင့် တိရစ္ဆာန်တို့ ပြုမူတတ်ပုံအလေ့အထများကို နှစ်ရှည်လများ လေ့လာနှိုင်းယှဉ်ကြည့်နိုင်ပေသည်။

သဘာဝသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် အတိုင်း သဘာဝလေ့လာမှုအလုပ်ကို ဝါသနာအလျောက် လေ့လာလိုက်စားသူများသည် တစ်နေ့တစ်ခြား ဝါသနာ ထက်သန်လာသည်ကိုတွေ့ရသည်။ ထိုအခါမျိုးတွင်သူတို့သည် ရေးမှတ်စရာမှတ်စုစာအုပ်များ ခဲတံမင်တံများ ဆေးရောင်စုံ စသောပုံဆွဲကရိယာများ၊ ပိုးမွှားဖလံကောင်များဖမ်းသည့် လက်ကိုင်ပိုက်အိတ်များ၊ စုဆောင်းသိမ်းဆည်းစရာ သေတ္တာ ဘူးခွက်များနှင့်မကျေနပ်နိုင်တော့ဘဲ အကြီးချဲ့မှန်ဘီလူး မှန်ပြောင်းဓာတ်ပုံရိုက်ကရိယာများကိုပင် လိုလားရှာဖွေလာကြ လေသည်။

ဤအလုပ်၌ဝါသနာပါသူတို့သည် သဘာဝအကြောင်းကို ရေးသားထားသောစာအုပ်များကို လေ့လာခြင်းဖြင့် မိမိတို့ တွေ့မြင်ခဲ့ရသည်များနှင့်တူမတူနှိုင်းယှဉ်ကြည့်နိုင်သည်။ ဝါသနာတူချင်းနှီးနှောဆွေးနွေးခြင်းဖြင့် အသိအမြင်တိုး တက်နိုင်သည်။ သဘာဝပစ္စည်းပြတိုက်များသို့ သွားရောက် ကြည့်ရှုခြင်းဖြင့်လည်း ဗဟုသူတကြွယ်ဝပြည့်စုံနိုင်ပေသည်။ နိုင်ငံကြီးများရှိ အချိူ့သော မြို့ကြီးပြကြီးများတွင် သဘာဝပစ္စည်းပြတိုက်များ၊ တိရစ္ဆာန်ရုံနှင့်ပင်မျိုးဥယျဉ်များ ထားရှိ၍ ထိုဌာနများသို့သွားရောက်ကြည့်ရှုခြင်း၊ ထိုဌာနများမှ ထုတ်ဝေသောစာအုပ်စာတမ်းများကိုဖတ်ရှုမှတ်သားခြင်း ဖြင့်လည်း သဘာဝလေ့လာမှုဆိုင်ရာ သိမှုပညာများ တိုးပွားစေနိုင်သည်။ တောတောင်အကြောင်း၊ သစ်ပင်ပန်းပင်အ ကြောင်း၊ ကုန်းသတ္တဝါရေသတ္တဝါများအကြောင်းစသည်တို့ဖြင့် သဘာဝလေ့လာမှုနှင့်စပ်လျဉ်း၍ ရိုက်နှိပ်ထားသော စာအုပ်များ အများပင်ရှိကာထိုစာအုပ်များကိုဖတ်ကြည့်ပါက ဝတ္ထုသဖွယ် စိတ်ဝင်စားဖွယ်ဖြစ်ရုံမက မှတ်သားစရာ အံ့0x100သဖွယ်ရာများနှင့် ပြည့်နှက်နေသည့်အတွက် ဖတ်သူတို့အဖို့ အလွန်ကျေးဇူး များနိုင်ပေသည်။

ယခင်က ကျောင်းများ၌ပင် သဘာဝလေ့လာမှုကို ဘာသာရပ်တစ်ခုအနေဖြင့်သင်ကြားပေးခဲ့ဖူးသည်၊ သို့ရာတွင် သဘာဝကိုလေ့လာသူ ကျောင်းသားများသည် သဘာဝ၏ လှပမှုဆွဲငင်အားသို့ ယိမ်းယိုင်ပါသွားခြင်းကြောင့် အခြား ဘာသာရပ်များတွင်စိတ်မပါဘဲဖြစ်သွားတတ်ခြင်း၊ မသေမချာ မမှန်မကန်လေ့လာစုံစမ်းတတ်ခြင်းများကြောင့် သိပ္ပံ နည်းမကျဘဲ ရှိတတ်ခြင်း၊ သိပ္ပံပညာအခြေခံရအောင်ပထမပြုလုပ်ပေးသင့်ခြင်း စသည့်အကြောင်းပြချက်များကြောင့်ဤ ဘာသာရပ်မှာ ရှေးကကဲ့သို့ ကျောင်းများတွင်ခေတ်မစားတော့ချေ။ ဤဘာသာရပ်အစား အခြေခံသိပ္ပံပညာရပ်ကိုသာ ယခု အခါသင်ကြားပေးလေ့ရှိကြသည်။ သို့သော်သဘာဝကို လေ့လာလိုသူ ကျောင်းသူကျောင်းသားများသည် ထိုသိပ္ပံပညာရပ် များမှ များစွာအကူအညီ အထောက်အပံ့ရနိုင်လေသည်။

ယခုခေတ်သိပ္ပံဆိုင်ရာ သိမှုများမှာလည်း များသော အားဖြင့် သဘာဝကို ဂရုတစိုက်အပြန်အလှန်လေ့လာမှတ် သားထားသူတို့ထံမှတစ်ဆင့်ရသောအမွေအနှစ်များပင်ဖြစ်၏။ ထင်ရှားကျော်ကြားသည့် သိပ္ပံပညာရှင်ကြီးအများမှာ သိပ္ပံနှင့် သဘာဝလေ့လာမှုပညာနှစ်ရပ်လုံးလိုက်စားခဲ့သူများဖြစ်ကြ ပေသည်။ သဘာဝလေ့လာမှုသည် ဝါသနာပါသူ များအားသဘာဝ၏ဆန်းကြယ်မှုအမျိုးမျိုးဖြင့် အသက်ထက်ဆုံး လက်မလွတ်နိုင်အောင်ပင်ဆွဲဆောင်ထားတတ်သည်။ ထိုသူတို့ အဖို့၌ မည်သည့်နေရာတွင်မဆို အသစ်အဆန်းများရှိစမြဲဖြစ်၍ နေ့စဉ်နှင့်အမျှပင် အသစ်အဆန်းများသည်ပေါ် ပေါက်လျက်သာရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)