သဗ္ဗစိတ္တက

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ စသည်အားဖြင့် သဗ္ဗစိတ္တက (၇) ပါး ရှိ၏။

ဖဿ[ပြင်ဆင်ရန်]

ဖဿဆိုသည်မှာ တွေ့ထိခြင်း ဖြစ်သည်။ တွေ့ထိခြင်းဆိုသည်မှာ ဣဋ္ဌရသ၊ အနိဋ္ဌရသ ပေါ်ထွက်စေရန် အာရုံကို ကြိတ်နှိပ်ခြင်း ဖြစ်သည်။ ထိုဖဿသည် အာရုံ၏ ရသကို ထုတ်ဖော်သော တရားဖြစ်ပေ၍ ခပ်သိမ်းသော စေတသိက် နာမ်တို့၏ ဖြစ်ပွားရန် အမှုရင်း ဖြစ်၏။ ရသမပေါ်ခဲ့လျှင် အာရုံဟူသမျှသည် အသုံးကျမည်မဟုတ်ပေ။[၁]

ဝေဒနာ[ပြင်ဆင်ရန်]

ဝေဒနာဆိုသည်မှာ ထိုရသကို ခံစားမှုဖြစ်သည်။ ခပ်သိမ်းသောသတ္တဝါတို့သည် ဤခံစားမှု၌ ခေါင်းစိုက်၍ နေကြသည်။ နစ်မြုပ်၍ နေကြကုန်သည်။[၁]

သညာ[ပြင်ဆင်ရန်]

သညာဆိုသည်မှာ အမှတ်ပြုမှု ဖြစ်သည်။ ခပ်သိမ်းသော သတ္တဝါတို့သည် အမျိုးလိုက်၊ အရိုးလိုက် အမှတ်မျိုး၊ အမှတ်မိ စုံလင်ကာ ဤသညာဖြင့်ပင် အလိမ္မာပြည့်စုံလုံလောက် ရှိနေကြသည်။[၁]

စေတနာ[ပြင်ဆင်ရန်]

စေတနာ ဆိုသည်မှာ စေ့ဆော်မှု ဖြစ်သည်။ နာမ်တရားတို့ကို အမှုကိစ္စ၌ ညီညာဖြဖြ ထကြွကြစေရန် နှိုးဆော်မှု၊ စီရင်ကြီးကြပ်မှု ဖြစ်သည်။ ထို့ကြောင့် လောကမှာ ထိုထိုအရေးကိစ္စတို့၌ နှိုးဆော်သူ၊ စီရင်ကြီးကြပ်သူကိုသာ အရေးကိစ္စ၏ အရှင်ပြုခေါ်ဆိုကြစမြဲ ဖြစ်၏။ ဘယ်အရေးကြီးကိစ္စကို ဘယ်သူလုပ်သည်၊ ဘယ်သူအမှုသည် ဖြစ်သည်ဟု ပြောကြရိုး ဖြစ်၏။

ထို့အတူ ဓမ္မမှာလည်း ထိုထိုကာယကံကိစ္စ၊ ဝစီကံကိစ္စ၊ မနောကံကိစ္စတို့၌ နှိုးဆော်သူ၊ စီရင်ကြီးကြပ်သူဖြစ်ပေထသော ဤစေတနာကိုသာ အရှင်ပြု၍ စေတနာကိုသာ အမှုသည်ပြု၍ စေတနာကိုသာ ကံဟူ၍ ဆိုရသည်။

လောက၌ ခပ်သိမ်းသော ဥစ္စာအစီးအပွား၊ ပညာအစီးအပွားတို့သည် ယခုပစ္စုပ္ပန်ဘဝတွင် ကြောင့်ကြစိုက်ထုတ် ပြုလုပ်ပြီးစီကြသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုမှ ဖြစ်ပွားကြသကဲ့သို့ ထို့အတူ သေလွန်သည်မှနောက်ကာလ၌ အသစ် အသစ်သော ဘဝအစီးအပွားတို့သည်လည်း ရှေးရှေးဘဝတို့က ကြောင့်ကြစိုက်ထုတ် ပြုလုပ်ပြီးစီးခဲ့ကြသော ဤစေတနာဟူသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့မှ ဖြစ်ပွားကြကုန်၏။

မြေ၊ ရေ၊ တော၊ တောင်၊ သစ်ပင်၊ နွယ်၊ မြက် အစဉ်အဆက်တို့သည် ဥတုဟူသော မီးဓာတ်မှ ဖြစ်ပွားကြကုန်သည်ဖြစ်၍ မီးဓာတ်သည် သားမြေးတို့ချည်း ဖြစ်ကြကုန်သကဲ့သို့ ခပ်သိမ်းသော သတ္တဝါအစဉ်အဆက်တို့သည် ဤစေတနာဟူသော ကံဓာတ်မှ ဖြစ်ပွားကြကုန်သည်ဖြစ်၍ ကံဓာတ်၏သားမြေးတို့ချည်း ဖြစ်ကြကုန်၏။[၁]

ဧကဂ္ဂတာ[ပြင်ဆင်ရန်]

ဧကဂ္ဂတာ ဆိုသည်မှာ စိတ်၏ တည်ကြည်ခြင်း ဖြစ်သည်။ သမာဓိလည်း ခေါ်၏။ ဈာန်အဘိညာဏ်သမာပတ်တို့၏ အကြီးအချုပ် ဖြစ်ပေသည်။[၁]

ဇီဝိတ[ပြင်ဆင်ရန်]

ဇီဝိတ ဆိုသည်မှာ နာမ်တရားတို့၏ အသက်ဖြစ်သည်။ နာမ်အစဉ်၏ ကာလမြင့်ရှည် တည်နေမှု၌ အကြီးအချုပ် ဖြစ်သည်။[၁]

မနသိကာရ[ပြင်ဆင်ရန်]

မနသိကာရ ဆိုသည်မှာ နှလုံးသွင်းမှု ဖြစ်သည်။ အလိုရှိရာအာရုံကို စိတ်၌ အဖန်ဖန်ဆောင်သွင်းပေးခြင်း ဖြစ်သည်။

ဤ (၇) ပါးတို့သည် အလုံးစုံသော စိတ်တို့၌ အမြဲယှဉ်သည်ဖြစ်၍ သဗ္ဗစိတ္တက စေတသိက် မည်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လယ်တီဆရာတော် (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ). လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ. တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်, ၃၁၊ ၃၂။