သန်းညွန့်၊ ဗိုလ်မှူးကြီး (ငြိမ်း)၊ ဇေယျကျော်ထင်၊ (မှူးသပြေ)

ဝီကီပီးဒီးယား မှ

သန်းညွန့်၊ ဗိုလ်မှူးကြီး (ငြိမ်း)၊ ဇေယျကျော်ထင်၊ (မှူးသပြေ) (၁၉၂၇-၂၀၁၀)[ပြင်ဆင်ရန်]

ကန်တော့ခံ သက်ကြီးစာပေပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးကြီး သန်းညွန့် (ငြိမ်း) ကို ဦးဖိုးအောင်၊ ဒေါ်ခင်ညွန့်တို့က တောင်ငူမြို့၌ ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးဦးအနက် အကြီးဆုံးဖြစ်သည်။ ဗိုလ်မှူးကြီးသန်းညွန့်(ငြိမ်း)သည် ငယ်စဉ်က တောင်ငူမြို့ရှိ ကျောင်းအုပ်ကြီး ဦးဖိုးကွန်း (ဗိုလ်မှူးဖိုးကွန်း)၏ အမျိုးသားကျောင်း၌ ဒသမတန်းအထိ ပညာသင်ယူသည်။ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၌ တပ်သားအဆင့်ဖြင့် တာဝန်ထမ်းဆောင်ကာ ၁၉၄၃ ခုနှစ်တွင် မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်သည်။ ဂျပန်များကို တော်လှန်တိုက်ခိုက်ရာတွင် ပါဝင်သည်။ ၁၉၄၈ ခုနှစ်တွင် ဒုတိယပတ် ဗိုလ်သင်တန်းကျောင်း (ပြင်ဦးလွင်) သို့ တက်ရောက်သည်။ တပ်မတော်၌ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် အင်းစိန်ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံမီးရထားအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်သည်။ ထို့အပြင် ကုန်သွယ်ရေး ကော်ပိုရေးရှင်းအမှတ် (၆) ဥက္ကဋ္ဌတာဝန်ကို ပူးတွဲ ထမ်းဆောင်သည်။ အဆိုပါတာဝန်များထမ်းဆောင်လျက် အမေရိကန်ပြည်ထောင်စုအင်္ဂလန်ပြင်သစ်ဂျာမနီဂျပန်နှင့် တရုတ်နိုင်ငံများသို့ သွားရောက်သည်။ ၁၉၆၆ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူးကြီး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန် ထမ်းဆောင်သည်။ ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်ကယားပြည်နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌတာဝန်များကို ပူးတွဲတာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၂ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၇၆ ခုနှစ်တွင် အငြိမ်းစား ယူသည်။


၁၉၇၄ ခုနှစ်တွင် သပြေစာပေကို တည်ထောင်ပြီး သပြေတေးမဂ္ဂဇင်း၊ အောင်သပြေပုံနှိပ်လုပ်ငန်းနှင့် ဝေလွင်လွင်စာအုပ်ချုပ်လုပ်ငန်းများကို လုပ်ကိုင်သည်။ မှူးသပြေကလောင်အမည်ဖြင့် သပြေတေးမဂ္ဂဇင်း စာတည်းမှူးချုပ်အဖြစ်ဆောင်ရွက်သည်။ သပြေတေးမဂ္ဂဇင်းကို ကိုယ်တိုင်ထုတ်လုပ်ဖြန့်ချိသည့်အပြင် သိပ္ပံ မဂ္ဂဇင်း၊ ဖက်ရှင်မဂ္ဂဇင်းနှင့် စာပေလုပ်သားမဂ္ဂဇင်းများကိုလည်း ပုံနှိပ်ဖြန့်ချိပေးသည်။ မဂ္ဂဇင်းများအပြင် ဝတ္ထုရှည်နှင့်ဘာသာပြန်ဝတ္ထု များကိုပါထုတ်ဝေသည်။ မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူများအသင်း ဥက္ကဋ္ဌနှင့် နာယကအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကျောက်တံတားမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် ကျောက်တံတားမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့နာယက အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်က ချီးမြှင့်သော ဇေယျကျော်ထင်ဘွဲ့၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ သူရဲကောင်းမှတ်တမ်းဝင်နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကိုရရှိသည်။ နိုင်ငံတော်ကပေးအပ်သောတာဝန်များကို ထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ပြီး ဆောင်းပါးပေါင်းများစွာ ရေးသားသူ စာရေးဆရာ မှူးသပြေကလောင်အမည်ခံ ဗိုလ်မှူးကြီးသန်းညွန့် (ငြိမ်း) သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်တင့်တင့်လွင်၊ သားသမီး လေးဦးနှင့် မြေးနှစ်ဦး ကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)