သန်လျက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
T001.jpeg
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

သန်လျက် ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များ ကိုင်စွဲရသော လက်နက်၊ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားများတွင် အသုံးပြုရသော လက်နက်ဖြစ်သည်။ မင်းမြှောက်တန်ဆာ ငါးပါးတွင် သန်လျက်သည် တစ်ပါး အပါအဝင်ဖြစ်သည်။ မင်းခမ်းတော်များတွင်လည်း သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်....´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။ သို့သော်လည်း ဘုရင်၏ ခွင့်ပြုချက်ဖြင့် သူရဲကောင်းတို့ ကိုင်စွဲရပုံကို ရာဇဝင် သမိုင်းတွင် တွေ့ရှိရ ပြန်လေသည်။

  • နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယ နရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်း ရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သော မိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။
  • နရသူမင်းလက်ထက်တွင်လည်း မိမိ၏ သန့်သက်ရေ မဆောင်သောကြောင့် ရွှံရှာသဖြင့် မချဉ်းမကပ်နေသော ခမည်းတော်လက်ထက်က ဆက်လာသည့် ကုလားမင်းသမီးကို အမျက်တော်ရှိကာ သန်လျက်ဖြင့် ခုတ်သတ်ခဲ့၏။ ထိုအကြောင်းကို မင်းသမီး၏ ခမည်းတော် ဝေသာလီပြည်မှ ကုလားမင်းကြီး ကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကို ရွေး၍ ပုဏ္ဏား ယောင်ဆောင်စေကာ ပုဂံသို့ စေလွှတ်သည်။ နန်းတော်သို့ ရောက်လျှင် နရသူမင်းကြီးကို မြေဇာမြက်နှင့် ခရုသင်း ကမ်းဟန်ပြု၍ ပတ်ပတ်လည်ဝိုင်းရံကာ သန်လျက်(ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီး မိမိတို့ကိုယ်ကိုလည်း အဆုံးစီရင်ခဲ့ကြပေသည်။

သန်လျက်ကို ထိုးရာ၌၎င်း၊ ခုတ်ရာ၌၎င်း အသုံးပြုသည်။ သန်လျက် လုပ်သောသံသည် အလွန်ကောင်းမွန်ရ၏။ ရှေးက သံကောင်းကို တစ်ဖန် ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ်စိမ်ပြီးမှ သန်လျက်ကောင်း၊ ဓားကောင်းလုပ်ရသည်ဟု အဆိုရှိသည်။ ထို့ကြောင့် သန်လျက်သည် ထက်မြက်လွန်း၍ ဆင်ပေါက် လည်တိုင်ကိုပင် ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာ ပြုခဲ့ကြပေသည်။ သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟု ဆိုခဲ့သောကြောင့် သန်လျက်နှင့် ဓားကို ပေါင်းစပ်ကာ "သန်လျက်ဓား"ဟုလည်း သုံးခဲ့ကြသည်။ အသွားနှစ်ဖက်ရှိသော သန်လျက် အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင် သန်လျက်ဓားဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

စာလုံးပေါင်း သတ်ပုံ[ပြင်ဆင်ရန်]

သန်လျက်ကို `သံလျှက်၊ သန်လျက်၊ သန်လျှက်´ဟူ၍ အမျိုးမျိုး စာလုံးပေါင်းတတ်ကြသည်။ သံလျှက်ဟု အသုံးပြုကြခြင်းမှာ `သံဖြင့်ပြုလုပ်ထားသော အပြားတစ်မျိုး´ဟု ကောက်ယူလိုသည့် သဘောဖြင့် သုံးဟန်တူသည်။ စင်စစ် "သံ"မဟုတ်မူဘဲ သန်သာ အမှန်ဖြစ်သည်။

  • ကဝိလက္ခဏာ သတ်ပုံ၌ "ရှင်ဥပနန်၊ ပဋိဘာန်၊ ထားသန်လျက်ပမာ" ဟုပြဆိုခဲ့သည်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ဝေဿန္တရာပျို့တွင် "ကိုင်ငင်စွဲလျက်၊ ရွှေသန်လျှက်တည့်"၊
  • မန်လည်ဆရာတော်၏ မဟာသုတကာရီ-မာဃဒေဝ လင်္ကာသစ်၌ "ဤဓားသန်လျှက်၊ ငါ့ကိုဆက်ဟု၊ တုပ်လျက်နားတော်" စသည်ဖြင့် "လျက်"နှင့် "လျှက်"ကို ခွဲထားစပ်ခဲ့သည်လည်း ရှိ၏။ သို့သော်လည်း "လျက်"မှဟထိုး "တိုးကာလျှက်"ဖြစ်လာပုံရ၍ "သန်လျက်"သာ အမှန်ဟု ယူသင့်ပေသည်။

သန်လျက်၏ ရင်းမြစ်ကို ရှာလျှင် သက္ကတဘာသာ စကား "ဂလျက"ကို တွေ့နိုင်သည်။ "ဂလျက"သည် ပါဠိ"သလ္လ"နှင့် အနက်သဘောခြင်း တူသည်။ ဖြူကောင်-ဆူး၊ မြားဦးစသော အသွားထက်သည့် အရာကို ခေါ်ပေသည်။ "ဂလျက"မှ "သလျက်"၊ "သန်လျက်"ဟု ဟု ကြားဆက်(န်) တိုးကာ ပျက်ယွင်းလာသည်ဟု ယူဆရသည်။

ဟယ်လီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန်တွင် a two edged sword or dagger (အသွားနှစ်ဖက်ရှိသော ဓား)ဟု အနက်ဖွင့်ဆိုထားသည်။ မြန်မာတွင်လည်း ရ-ကောက်နှင့် လတို့ ပြောင်းလဲနိုင်သည့်အလျောက် "သန်လျက်"ဟု အသုံးပြုခဲ့ကြခြင်း ဖြစ်ပေသည်။ သန်လျက်သည် အသွားနှစ်ဖက် ရှိသည့်အလျောက်၊ သန်လျက်ဦး၊ သန်လျက်စွန်းသည် နှစ်ဖက်ညီစွာ ချွန်၍ သွားသည်။ သို့ဖြစ်၍ နှစ်ဖက်ညီစွာ ချွန်ထွက်နေသည့် ရတနာပူရ အင်းဝမြေအခုံကို "သန်လျက်ခုံ၊ သန်လျက်စွန်း"ဟု တင်စားသုံးနှုန်း ခဲ့ကြပေသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်တွင်လည်း ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်း ဆုံရာ အစွန်းကို "သန်လျက်စွန်း"ဟု အမည်တွင်လေသည်။ [၁]


သန်လျက် ဟူသည်ကား လက်နက်အထူးတည်း။ သန်လျက် ၂ မျိုးရှိသည်။ တစ်ဖက်သာ အသွားရှိသော ဧကတောဓာရ သန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရ သန်လျက်ဟူ၍ လည်းကောင်း၊ ဦးဖျား စဉ်းငယ်ညွတ်သော ဤသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ်အတိုင်း ဦးဖျား သေးသော ဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်း နှစ်မျိုးခွဲကြသည်။ သန်လျက်၏ အသွား အလျားပမာဏသည် သုံးဆယ့်သုံးသစ်၊ အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌ လာသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်စာဂုဏ် မဂ္ဂဇင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)