သစ်သော့ပင်

ဝီကီပီးဒီးယား မှ

သစ်သော့ပင်သည် ပန်းသီးမက်မွန်မက်မန်းဆီးစသောအပင်များနှင့် မျိုးရင်းတူဖြစ်သည်။ ယင်းကိုအသီးအလို့ငှာ သမပိုင်းဒေသများတွင် အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ သမပိုင်းဒေသထွက် သစ်သီးသစ်ဖုများအနက် သစ်သော့သီးသည် ထိပ်တန်းထားရသော အသီးများတွင်ပါဝင် သည်။ ကမ္ဘာနှင့်ချီ၍ လူသိများပြားထင်ရှားမှုတွင် ပန်းသီးမှလွဲလျှင် သစ်သော့သီးသည် အကျော်ကြားဆုံး ဖြစ်လေသည်။

ရုက္ခဗေဒအလိုအားဖြင့်လည်းကောင်း၊ စိုက်ပျိုးပြုစုရေးတွင်လည်းကောင်း၊ သစ်သော့ပင်နှင့် ပန်းသီးပင်တို့သည် အလွန်နီးစပ်၍ ဆင်တူမှု များစွာရှိသည်။ သို့သော်ခြားနားချက်များလည်း ရှိသဖြင့်သာ တစ်မျိုးစီခွဲခြားနိုင်ခဲ့သည်။ ခြားနားချက်တစ်ခုမှာ သစ်သော့သီး အတွင်းသားသည် ပန်းသီးအသားကဲ့သို့ မွမွကလေးမနေပဲ ပြုတ်ရှပ်ရှပ်နေသည်။ သစ်သော့ပွင့်၏ ပန်းကညစ်တို့သည် အရင်းပိုင်း၌ သီးသီးခြားခြားဖြစ်သည်။ ပန်းသီးပွင့်တွင်မူ စုပေါင်းနေသည်။ ပုံပန်းသဏ္ဌာန်သည်လည်း ယေဘုယျအားဖြင့် ခြားနားသည်။ သစ်သော့သီးသည်ထိပ်ချွန်၍ အောက်ပိုင်းကားသည်။ သို့သော် ပန်းသီးကဲ့သို့လုံးဝန်းသော သစ်သော့သီးများလည်း ရှိပေသေးသည်။ ထူးခြားချက်တစ်ခုမှာ ထိုအပင်နှစ်မျိုးကို မျိုးစပ်လျှင်မူ မအောင်မြင်ပေ။ ထိုနှစ်မျိုးကို စပ်ထားသော ကပြားပင်သည် အသက်မရှည်ကြောင်း တွေ့ရလေသည်။

သစ်တော့သီးအမျိုးမျိုး[ပြင်ဆင်ရန်]

သစ်သော့သီးသည်ပန်းသီး၊ မက်မွန်သီးတို့ကဲ့သို့ ရိုဇေစီအီးမျိုးရင်းတွင်ပါဝင်သည်။ မျိုးခွဲအမည်သည် ပိုင်းရပ်ဖြစ်၍ ပိုင်းရပ်အမည်ခံသောမျိုးစိတ် ၁၂ခုမှ ၂ဝ ကျော်ခန့်အထိရှိရာ ဥရောပတိုက် အလယ်ပိုင်းဒေသမှ တရုတ်နိုင်ငံတိုင်အောင် သမပိုင်းများ၌ မူလပေါက်ရောက်သော မျိုးစိတ်များဖြစ်သည်။ ထိုမျိုးစိတ်များမှ တဖန် မျိုးစိတ်ကွဲပေါင်းရာနှင့်ထောင်နှင့်ချီ၍ပင် ရှိသေးသည်။ အမျိုးအစား အကောင်းဆုံးသောသစ်သော့မျိုးစိတ်၏ ရုက္ခဗေဒအမည်သည် ပိုင်းရပ် ကွန်မျူနစ် ဖြစ်၍ ဥရောပ အရှေ့တောင်ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်း၌ မူလပေါက် ရောက်သည်။ ထိုမျိုးစိတ်၏နာမည် ကျော်ကြားထင်ရှားသော မျိုးကွဲတစ်ခုကို ဗတ်တလက်ဟုခေါ်သည်။ ထိုမျိုးစိတ်ကွဲဝင် သစ်သော့သီး များသည် အသားနုညက်၍ အရသာချိုမြသည်။ ချိုချဉ်သစ်သီးပွဲတွင် ထိပ်တန်းထားရသောသစ်သီးများတွင် ပါဝင်လေသည်။ မျိုးစိတ်အမည်ဖြင့် ပိုင်းရပ်နီဗာလစ်ဟု ခေါ်သော နှင်းသစ်သော့ပင်တို့ကိုပယ်ရီနှင့် ဆိုက်ဒါခေါ် သစ်သော့သီးဖြင့်ဖောက်သော အရက်မျိုးများပြုလုပ်ရန် ဥရောပတိုက်၌ စိုက်ပျိုးကြသည်။ ပိုင်းရပ်ပိုင်လီဖောလီးယား ဟုခေါ်သော သစ်သော့မျိုးသည် အရှေ့တိုင်းသစ်သော့မျိုးများမှ မျိုးစိတ်ပွားခဲ့သော အပင်မျိုးဖြစ်သည်။ ယင်းသည် အသားကြမ်း၍ အရသာမကောင်းလှချေ။ တရုတ်သဲသစ်သော့သီးဟုလည်း ခေါ်သည်။ အရှေ့တိုင်းသစ်သော့မျိုးသည်အနောက်တိုင်း သစ်သော့မျိုးလောက် အမျိုးအစားမကောင်းချေ။

အထက်တွင် ဆိုခဲ့သည့်အတိုင်း မျိုးစိတ်ကွဲအများအပြားရှိရာ ယင်းတို့သည်မျိုးစိတ်နှစ်ခုကို မျိုးစပ်ထားခြင်းများဖြစ်သည်။ ပုံစံအားဖြင့် တရုတ်သစ်သော့မျိုးသည် အရသာမကောင်းသဖြင့် အနောက်တိုင်း၊ သို့မဟုတ် ဥရောပသစ်သော့မျိုးနှင့် မျိုးစပ်ရသည်။ ယင်းသို့မျိုးစပ်ယူသော မျိုးစိတ်ကွဲများအနက် ကိုက်ဖာသစ်သော့မျိုးသည် ကျော်ကြားသော အမျိုးအစားဖြစ်လေသည်။

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် သစ်သော့ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ အထူးသဖြင့် မေမြို့၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရပ်စောက်စသော နယ်များမှ ပြည်မသို့သစ်သော့သီး အများအပြားတင်ပို့လျက် ရှိသည်။ သို့သော် အရှေ့တိုင်းသစ်သော့မျိုးသာ စိုက်ပျိုးဖြစ်ထွန်း သေးသဖြင့် အမျိုးအစားမကောင်းလှချေ။ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရ သိမ်းပိုက်ပြီးနောက် ၁၈၉၃ ခုနှစ်မှစ၍ ဗြိတိသျှအစိုးရသည် သစ်သော့မျိုးကောင်းများကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ စမ်းသပ်စိုက်ပျိုးခဲ့သည်။

သို့သော် ရေမြေသင့်ဟန်မတူ၍ အောင်မြင်ဖြစ်ထွန်းခြင်းမရှိခဲ့ချေ။ သစ်သော့ပင်သည် အလတ်စား အပင်မျိုးဖြစ်သည်။ ပင်စည်ချောမွတ်သည်။ ရွက်ကြွေပင်မျိုး တွင်ပါဝင်သည်။ အကိုင်းအလက်တို့သည်အပေါ်သို့ထောင်၍ ထွက်ကြပြီးလျှင် အပင်အနေအထား လှပလေသည်။

ရွက်တို့သည် ထိပ်ချွန်သော ဘဲဥပုံမျိုးဖြစ်သည်။ အရွက်အနားသည် ကြာယပ်စိပ်ကလေးများ ဖြစ်နေသည်။ အပွင့်တို့သည် အဖြူရောင်ဖြစ်၍ အရင်းသွယ်ပြီးလျှင် ထိပ်ဝိုင်းသေ ာပွင့်ချပ်ငါးခုပါရှိလေသည်။ သစ်သော့သီးသည် ချောမွတ်၍ ပါးလွှာသော အခွံရှိသည်။ သို့သော် ပန်းသီး၏အခွံလောက် ချောမွတ်တောက်ပြောင်ခြင်း မရှိပေ။ အခွံအရောင်သည် အဝါရောင်၊ ဇော်ဂျီရောင်၊ သို့မဟုတ် အနီ ရောင်လည်းရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ရှမ်းပြည်နယ်ထွက်။ သစ်သော့သီးများသည် အာလူးကဲ့သို့် ဝါညိုညိုနှင့် စိမ်းဝါဝါအရောင်များဖြစ်ကြသည်။

အသီး၏အသားသည် ဖြူ၍ အရည်ရွှမ်းပြီးလျှင် ချိုမြမြ အရသာရှိသည်။ အသားညက်သည်ဟုဆိုရသော်လည်း မာကျော၍ ကြမ်းသောဆဲများပါရှိသဖြင့် အသီးကို ကိုက်စားသည့်အခါ ပြုတ်ရှပ်ရှပ်၊ ကြွပ်ဆတ်ဆတ်နေသယောင် ရှိသည်။ အသီး၏ အလယ်အူတိုင်ထဲတွင် အစေ့ဆယ်စေ့ထက်မနည်းပါရှိသည်။ အမျိုးအစားကို လိုက်၍ အသီးအသားအနုအညက်၊ ပုံပန်းသဏ္ဌာန်၊ အရောင်အသွေး၊ အရသာနှင့် အသီးမှည့်ချိန်တို့ ကွဲပြားလေသည်။

အနောက်တိုင်း သစ်သော့မျိုးတို့သည် အရှေ့တိုင်းသစ်သော့မျိုးတို့ထက် အရသာပို၍ ကောင်းသော်လည်း အရှေ့တိုင်းမျိုးလောက် အပင်ရောဂါများကို ခံနိုင်ရည်မရှိပေ။ ပန်းသီး၊ မက်မွန်၊ မက်မန်း၊ ဆီးစသော မျိုးရင်းတူအခြားအပင်များ နှင့်နှိုင်းစာလျှင် သစ်သော့သည် ပြင်းထန်သော ဆောင်းရာသီ၏ ဒဏ်ကိုလည်းမခံနိုင်ချေ။ သို့သော် အေးမြသည့်ဆောင်း ရာသီဥတုမျိုးကိုလည်း အတော်အသင့်လိုသည်။

အီကွေတာမှမြောက်နှင့်တောင်လတ္တီတွဒ် ၂၅ ဒီဂရီ အတွင်း၌ရှိပြီးလျှင် ရာသီဥတုတစ်နှစ်ပတ်လုံးအေးသည့် ဒေသမျိုး၌ပင် သစ်သော့ပင်များမပေါက်ရောက်ပေ။ ယင်းတို့သည် ရေဆင်းကောင်း၍ အမြစ်နက်နက်တွယ်နိုင်သောမြေ မျိုး၌ဖြစ်ထွန်းသည်။ မြေစေးများသော မြေမျိုး တွင်သစ်သော့ပင်သည် ပန်းသီး၊ မက်မွန်၊ စပျစ်ပင်တို့ထက်ပို၍ အောင်မြင်ဖြစ်ထွန်းသည်။ သစ်သော့ပင်များကို ပန်းသီး၊ မက်မွန်စသောအခြားမျိုးရင်းတူ အပင်များကဲ့သို့ပင် အစေ့ပျိုး၍လည်းစိုက်နိုင်သည်။ သို့သော် ကိုင်းကူးစိုက်နည်းသည်ပို၍ အောင်မြင် ဖြစ်ထွန်းနိုင်သည်။ အပင်များကြီးထွားနေစဉ်အတွင်း အကိုင်းအလက်များကို ချိုင်ချပေးရန်လိုသည်။ ကြီးထွားပြီး နောက်တွင်လည်း နှစ်စဉ်အကိုင်းများ ရှင်းလင်းချိုင်ချပေးမှသာလျှင် အသီးထွက်ကောင်းလေသည်။

ကမ္ဘာပေါ်တွင် သစ်သော့ပင်စိုက်ပျိုးရေးကို ဥရောပတိုက်သည် အမေရိကတိုက်ထက် ပို၍ ကြီးကြီးကျယ်ကျယ် လုပ်ကိုင်သည်။ ဥရောပနိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် သစ်သော့သီးအထွက်အများဆုံး ဖြစ်သည်။ ဒုတိယသည် ဂျာမနီနိုင်ငံဖြစ်၍ ယင်းတို့နောက် အစဉ်လိုက်အားဖြင့် ဆွစ်ဇာလန်၊ ဣတလီနှင့် ဗော်လကန်နိုင်ငံများဖြစ်ကြသည်။ သစ်သော့သီးအများအပြားထွက်သော အခြားကမ္ဘာ့နိုင်ငံများမှာ ဂျပန်၊ တောင်အာဖရိကပြည်ထောင်စု၊ ဩစတြေးလီးယား၊ နယူးဇီလန်၊ ချီလီ၊ အာဂျင်တီးနားနှင့် ကနေဒါနိုင်ငံများ ဖြစ်ကြလေသည်။

သစ်သော့ပင်သည် မည်သည့်ခေတ်ကာလမှ စတင် ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မမှန်းဆနိုင်ခဲ့ပ။ ခရစ်မပေါ်မီ ဆယ်ရာစုနှစ်လောက်က ပေါ်ထွန်းခဲ့သော ဂရိစာဆိုကြီးဟိုးမား၏ စာပေတွင် သစ်သော့သီးအကြောင်းကို ဖော်ပြခဲ့သည်။ ထိုကြောင့် ထိုခေတ်က ဂရိနိုင်ငံတွင် သစ်သော့သီးရှိခဲ့သည်ဟု ယူဆရသည်။ ရောမ စာဆိုကြီး ပတ်ဗလိယတ်ဆိုင်းရပ်၏ စာပေတို့တွင်လည်း သစ်သော့သီးကိုစားသုံးခဲ့ကြသည်ဟုသိရသည်။ ထိုကြောင့် သစ်သော့ပင်သည် ခရစ်မပေါ်မီ ရာစုနှစ်ပေါင်းများစွာကပင် ရှိခဲ့သည်ဟု မှန်းဆရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)