သင်တောင်းအင်း

ဝီကီပီးဒီးယား မှ

သင်တောင်းအင်းသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်တွင် တည်ရှိသည်။ လယ်တွင်းကိုးခရိုင်တွင် အစွန်ဆုံး အင်းကြီး ဖြစ်သည်။ ယနေ့တိုင် ရှိနေသော စွန်ရဲအင်းပလိပ်အင်းစသော အင်းတို့ထက် ကြီးသည်။ တောင်မြောက်ရှည်လျားကာ အရှေ့အနောက် ကျဉ်းသည်။ အရှည်ဆုံးနေရာမှာ ၈-မိုင်ခန့် ရှိ၍ အနံမှာ ၆-မိုင်ခန့် ရှိပြီး ကျဉ်းသောနေရာမှာ ၅-မိုင်ခန့် ရှိသည်။ ခန့်မှန်းဧရိယာ ၄၈-စတုရန်းမိုင် ဖြစ်သည်။

အခေါ်အဝေါ် ပြောင်းလာပုံ[ပြင်ဆင်ရန်]

ရှေးအခါက ကြာများ အမြောက်အမြား ပွင့်သောကြောင့် ကုမုဒအင်းဟု ခေါ်တွင်ကြောင်း။ သင်တောင်းကြီးရွာကိုလည်း ကုမုဒရွာဟု ခေါ်ကြောင်း ပြောကြသည်။ ဥတေနမင်းက စောင်းတီး၍ ဂါထာရွတ်ရာမှာ ဆင်များလာရာ အင်းအတွင်း ဆင်များတောင့်နေသောကြောင့် ကုမုဒအင်းမှ ဆင်တောင့်အင်းဟု ပြောင်းလာရာ ရွာမှာလည်း ဆင်တောင့်ရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ နောင် ကာလရွေ့လာသောအခါ ဆင်တောင့်အင်းမှ သင်တောင်းအင်းဟု အမည်ပြောင်းလာသော အခါ ဆင့်တောင့်ရွာမှ သင်တောင်းရွာဟု ပြောင်းလာသည်ဟု ဆိုကြသည်။

ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

အင်း၏ မြောက်ဘက်တွင် ကင်းရွာခေါ် နဘဲပင်ရွာ၊ ရှမ်းခံရွာ၊ ရွာသစ်ရွာနှင့် စွန်ရဲရွာတို့ ရှိကြသည်။ အင်း၏ အနောက်ဘက်တွင် တောင်ဦးရွာ၊ ဘယ်လင်းရွာ၊ တောင်လွှဲရွာ၊ တောင်နောက်ရွာ၊ သင်တောင်းကြီးရွာ၊ အင်ဒိုင်းရွာတို့ ရှိကြသည်။ ရွှေတောင် ထီးတောင်နှင့် မင်းမွေးတောင်တို့လည်း ရှိကြသည်။

အင်း၏ တောင်ဘက်တွင် အရှေ့အနောက် သွယ်တန်းနေသော ရွှေသာလျောင်းတောင်တန်း ရှိသည်။ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်း၏ အခြေ ကုန်းပြင်မြင့်နှင့် အရှေ့မြောက်ထောင့်တွင် စွန်ရဲအင်း တည်ရှိသည်။ ဘယ်လင်းရွာ၏ တောင်ဘက်တွင် အင်းဘက်သို့ မျက်နှာမူနေသော ရှင်ပင် အင်းရှုဘုရား ရှိသည်။

အရှေ့ငယ်တိုးရွာ (ငယ်တိုးလေး)၏ အရှေ့ဘက် မြသိမ်တောင်၊ တောင်၏အရှေ့ဘက်တွင် အင်းစပ်ကုန်း ရွာပျက်ဟောင်း ရှိသည်။ ကျောက်ဆည်မြို့ ဝေဘူဆရာတော် ဘုရားကြီး သီတင်းသုံးတော်မူသွားသော ဝေဘူချောင်၏ အနောက်ဘက်၊ ကုန်းမြင့်သာကျောင်း၏ အရှေ့ဘက်တွင် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော ဖောင်တော်ဦးဘုရား ရှိသည်။ ဖောင်တော်ဦးဘုရား မြောက်ဘက်တွင် ဖောင်တော်သားများ နေသောဖောင်ရွာ ရှိသည်။ အင်းဆုတ်သွားသောအခါ ဖောင်တော်ဦးဘုရားနှင့် ဖောင်ရွာမှာ ကုန်းပေါ်တွင် ကျန်ရစ်သည်။ ငှက်ခတ်တောင်ရွာအနီးမှ ငှက်ခတ်တောင်အင်းမှာလည်း သင်တောင်းအင်း လက်ကျန်ဟု ပြောကြသည်။ မင်းမွေးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် အင်ဒိုင်းရွာ ရှိသည်။ ယခင်က အင်းဒိုင်နေထိုင်ရာ ရွာဖြစ်သောကြောင့် အင်းဒိုင်ရွာဟု ခေါ်သည်။ အင်းပျောက်သွားခြင်း။ ကာလရွေ့လျောလာခြင်းတို့ကြောင့် အင်းဒိုင်ရွာမှ အင်ဒိုင်းရွာအဖြစ် ပြောင်းလာသည်ဟု ဆိုကြသည်။

အင်းကို လယ်မြေတည်ခြင်း[ပြင်ဆင်ရန်]

အင်္ဂလိပ် လက်အောက်ကျရောက်သောအခါ အင်းကြီးကို ဖျက်ကာ လယ်များတည်ခဲ့သည်။ သင်တောင်းမြောင်း(အရပ်အခေါ် ထမ်းစင်တော်ရွာမြောင်း) ငလုံးပန်းရိုး၊ ငလုံးပန်း ရေယူမြောင်း(သင်းတွဲတူးမြောင်း၏ လက်တံရေယူမြောင်း) အင်းမခေါင်ကြောင်းရိုးတို့မှာ သင်တောင်းအင်းအတွင်း ရှိသည်။

သင်တောင်းကြီးရွာ အရှေ့မြောက်ဘက်တွင် ယင်းရိုးများ ၊ တူးမြောင်းများပေါင်းကာ အနောက်ဘက်သို့ စီးဆင်းသွားသည်။ ရိုးပေါင်းစုံ၊ မြောင်းပေါင်းစုံမှ ရေဆိုးများမှာ မင်းရဲမြောင်း အောက်မှ၎င်း၊ ရန်ကုန်မန္တလေး ကားလမ်းနှင့် ရထားလမ်း အောက်မှ၎င်း ငုံ့ကာ ဇော်ဂျီမြစ်အတွင်းသို့ စီးဆင်းသွားသည်။ ယင်းကို အရပ်က လွှဲကြီးဘောင်ဟု ခေါ်ကြသည်။ လွှဲကြီးဘောင်မှာ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် နယ်နိမိတ် အပိုင်းအခြားအဖြစ် စီးဆင်းသွားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာရွှေသိမ်တော် ဘုရားသမိုင်းစာအုပ်မှ