သက်ငယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

[၁]အရေးအသားအားဖြင့် 'သက်ငယ်'ဟု ရေးသားသုံးနှုန်းသော်လည်း အခေါ်အဝေါ် အားဖြင့် 'သက်ကယ်'ဟုခေါ်ဝေါ်ကြသည်။ 'ရှေးရှေးတုန်းက၊ ရွှေယုံနဲ့ရွှေကျား သက်ကယ်ရိတ်သွားသတဲ့' အစချီသော ဒဏ္ဍာရီပုံပြင်ကို မြန်မာကလေးသူငယ်တိုင်းလိုပင် ကြားဖူးကြ ပေသည်။ သက်ကယ်ရိတ်သွားသည်ဟူသည်နှင့်အညီ သက်ကယ်(သက်ငယ်)သည် ရိတ်ဖြတ်ရသောအပင်မျိုးဟုသိကြ ရသည်။ ရိတ်ဖြတ်ရသောအပင်မျိုးဟု သိရသဖြင့် စပါးပင်၊ ဂျုံပင်၊ မြက်ပင်တို့ကဲ့သို့ ရှိမည်ဟု တစ်ဆင့်မှန်းဆနိုင်ကြပေမည်။ သက်ကယ်သည် စပါးပင်၊ ဂျုံပင်တို့ကဲ့သို့ မြက်တစ်မျိုးဖြစ်ရာ ဂရင်မီနေစီအီးမျိုးရင်းတွင် ပါဝင်၍ မျိုးစိတ်၏အမည်မှာ အင်ပါရေတာအရွန်ဒီနေစီး ဖြစ်လေသည်။

နေရာဒေသအနှံ့အပြား၌ ပေါက်ရောက်တတ်သော်လည်း အထူးသဖြင့် စိုစွတ်သောဒေသများတွင် ပိုမိုပေါက်ရောက် တတ်လေသည်။ နှစ်ကြာခံမြက်ပင်မျိုးဖြစ်၍ အပေါ်သို့ ထောင်လျက် တည့်မတ်စွာပေါက်ရောက်သည်။ မြေလျှောက်အမြစ်မျိုးရှိရာ အဆစ်များတွင် အမြစ်ပွားများ ရှိသည်လည်းရှိသည်။ မရှိသည်လည်းရှိသည်။ ပင်စည်သည် တစ်ပေမှသုံးပေခန့်အထိရှိ၍ အရွက်များသည် ခြောက်လက်မမှ ၁၈ လက်မအထိရှည်ပြီးလျှင် ၁/၁ဝ လက်မမှ တစ်လက်မခန့်သာပြက်ကျယ်သည်။ ရှည်မျောမျောရှိသော ထိုအရွက်များ၏ ထိပ်သည်ချွန်၍ အရွက်၏အပေါ်ဘက်သည် ချောမွတ်သော်လည်း အရွက်အောက်ဘက်နှင့် အရွက်အနားတို့သည် ကြမ်းပြီးလျှင်ရှတတနေသည်။ အကိုင်းအခက်များသည်တို၍ ပင်စည်နှင့်ပူးကပ်နေပြီးလျှင် ကျပ်ကျပ်ညပ်ညပ် ထွက်ကြလေသည်။ အပွင့်ပွင့်သည်။ ပွင့်ခိုင်သည် ဖျော့တော့တော့ငွေရောင်မျိုးရှိ၍ ဂျုံစပါးနှံ ကဲ့သို့ရှည်ရှည်လုံလုံးနှင့်အဖျားချွန်သော (စပိုက်) ပွင့်ညှာမဲ့ ပွင့်ခိုင်မျိုးဖြစ်သည်။ အနှံတံကိုခြံရံလျက် ဝ့၁၂၅ လက်မရှည်၍ လှံစွပ်ပုံရှိသောအနှံငယ်များထွက်ကြသည်။ အစေ့များသည် သေးငယ်၍ ရှည်မျောမျောဖြစ်ကြလေသည်။

မြန်မာနိုင်ငံမိုးပါးသောဒေသများတွင် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း၌ သက်ငယ်များ ကိုအိမ်မိုးရန် အတွက်အသုံးပြုကြသည်။ မြို့ကြီးပြကြီးများရှိ အဆောက်အအုံများကို အုတ်ကြွပ်၊ သွပ်၊ အင်္ဂတေပြား စသည်တို့ဖြင့် အမိုးမိုးကြသော်လည်း ကျေးလက်များတွင် သက်ငယ်ကို လက်မလွှတ်နိုင်ကြပေ။ ကြာရှည်ခံသော အိမ်မိုးအဖြစ် အသုံးမပြုနိုင်သော်လည်းကာလဒေသအလိုက် သုံးစွဲလုပ်ကိုင်နေကြရပေသည်။

အိမ်မိုးရန်သက်ငယ်များကိုရင့်၍ ဝါလာသောအခါ ရိတ်ဖြတ်ကြသည်။ ရိတ်ဖြတ်ပြီးသော သက်ငယ်များကို ထိုအတိုင်းအိမ်မိုးမိုးကြရသည်မဟုတ်ပေ။ အိမ်မိုးမိုးနိုင်အောင် သက်ငယ်အပျစ်များ ပြုလုပ်ကြရသည်။ မြန်မာနိုင်ငံအောက်ပိုင်း၌ ဓနိများကိုဓနိပျစ်ပြုလုပ်၍အိမ်မိုးကြ ရသကဲ့သို့ဖြစ်ပေသည်။ သက်ငယ်များကို အပျစ်ဖြစ်အောင်ပြုလုပ်ခြင်းကို သက်ငယ်ပျစ်သည်ဟုခေါ်သည်။ သက်ငယ် ပျစ်ပုံမှာ တုတ်တံရှည်တစ်ခုကိုခံ၍ သက်ငယ်ရွက်ကို ခေါက်ချိုးချလိုက်ရသည်။ ခေါက်ချိုးချလိုက် သောသက်ငယ် ရွက်ကို တုတ်တံ၌မြဲနေစေရန် တဲစပ်ဟုခေါ်သော တုတ်ချောင်းများဖြင့် တွယ်ပေးရသည်။ တစ်ရွက်ပြီးတစ်ရွက် ဆင့်ကာဆင့်ကာ ဤသို့တွယ်သွားပေးခြင်းဖြင့် သက်ငယ်တစ်ပျစ် ရရှိလေသည်။ သက်ငယ်ပျစ်သည့်လုပ်ငန်းသည် ကျေးလက်များ၌ အိမ်တွင်းမှုလုပ်ငန်းတစ်ရပ် ဖြစ် လေသည်။

အိမ်မိုးသောအခါ သက်ငယ်ပျစ်များကို အောက်မှဝါးလုံးတန်းများခံကာ ဆင့်ကဲဆင့်ကဲ အစိတ် အကျဲ ညီညာစွာဖြင့် တုတ်ချည်ကြရလေသည်။ ထိုနောက်မှအပေါ်မှ ဝါးများဖြင့်ဖိထားပေးရသည်။ သို့မဟုတ်က လေပြင်းသည့်အခါ အမိုးများလန်သွားနိုင်ပေသည်။ သက်ငယ်ရွက်များသည် ဓနိရွက် များလောက်အသားမထူခြင်း၊ အရွက်မရှည်ခြင်း၊ ဗြက် မကျယ်လှခြင်းတို့ကြောင့် မိုးများများရွာသည့် ဒေသများ၌ကား သက်ငယ်ကိုအသုံးပြု၍မဖြစ်ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)