ဝါဆိုဆရာတော်

ဝီကီပီးဒီးယား မှ
ဦးအဂ္ဃိယ
ဦးအဂ္ဃိယ (ဝါဆိုဆရာတော်)
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
အခြားအမည်များရွှေကျင်သာသနာပိုင် ဇယမေဒနီဝါဆိုဆရာတော်
ဓမ္မအမည်အဂ္ဃိယ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားမောင်အောင်ဆန်း
(1917-04-09)ဧပြီ ၉၊ ၁၉၁၇
စစ်ကိုင်းတိုင်း၊ လင်းယဉ်ရွာ
ကွယ်လွန်၁၄ ဖေဖော်ဝါရီ၊ ၂၀၁၇(2017-02-14) (အသက် ၉၉)
မန္တလေးမြို့
ရာထူး တာဝန်
ဌာနမန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်း။
ဂုဏ်ဒြပ်ရွှေကျင်သာသနာပိုင်
ယခင်ညောင်ရွှေကန်ကြီး ဆရာတော်
ဆက်ခံဝိဇ္ဇောတာရုံ ဆရာတော်
ဘာသာရေးရာ
ဆရာ(များ)ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် အဖြစ် လူသိများသော အရှင် အဂ္ဃိယသည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ စုဒ္ဒသမ (၁၄ ပါးမြောက်) ရွှေကျင်သာသနာပိုင် ဆရာတော်တစ်ပါးဖြစ်သည်။

ထေရုပ္ပတ္တိအကျဉ်း[ပြင်ဆင်ရန်]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဆရာတော်လောင်းလျာကို ၁၉၁၇ ဧပြီ ၉ ရက် (မြန်မာသက္ကရာဇ် - ၁၂၇၉ ခုနှစ် ဦး တန်ခူးလပြည့်ကျော် ၁၀ ရက်) တနင်္ဂနွေနေ့တွင် စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာတွင် မွေးဖွားခဲ့သည် မိဘများမှာ ဦးပုကြီးနှင့် ဒေါ်တွယ်မိ တို့ဖြစ်၍ မွေးချင်း ၁ဝ ယောက်အနက် ၅ ယောက်မြောက် သားဖြစ်ကာ ငယ်နာမည်မှာ မောင်အောင်ဆန်းဖြစ်သည်။[၁]

၁၉၂၈ အသက် (၁၁)နှစ်အရွယ်တွင်[၂] ဦးလေးတော်စပ်သူ[၁] ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဝတ်ခဲ့သည်။ ၁၉၃၆ တွင် စံကင်းဆရာတော်ထံပါး၌ပင် ရဟန်းအဖြစ်သို့ ခံယူသည်။[၃]

ဆရာတော်သည် မဟာဝိဟာရကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ၊ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ကန်ကြီးကုန်းရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တရေဝတ၊ သဗြူးဆရာတော်ဘဒ္ဒန္တဥတ္တမ၊ အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၊ မန္တလေးစည်ရှင်ဆရာတော်၊ မင်းကွန်းရန်ကင်းချောင်းဆရာတော်တို့ထံ၌ပရိယတ္တိစာပေများကိုသင်ယူခဲ့သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ကိုရရှိတော်မူခဲ့သည်။[၃]

သာသနာဆိုင်ရာ ဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

ဆရာတော်သည် မန္တလေးမြို့ ပါဠိပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲတို့၏ ကြီးကြပ်ရေးဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်လည်း ဖြစ်၏ ။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်နှင့် ဒုတိယအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့ကာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးလည်း ဖြစ်ခဲ့သည်။

ရွှေကျင်နိကာယ သာသနာပိုင်[ပြင်ဆင်ရန်]

၁၃၁၄ ခုနှစ် အဋ္ဌမအကြိမ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက အဖွဲ့ဝင်အဖြစ် တင်မြှောက်ရွေးချယ်ခံရရသည်။ ဒွါဒသမအကြိမ်အစည်းအဝေးတွင်အကျိုးတော်ဆောင်ချုပ်အဖြစ်လည်းကောင်း ပန္နရသမအကြိမ်တွင် ဥပဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရ၏ ။ ၁၃၆၅ ခုနှစ် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးမှ အရှင် အဂ္ဃိယကို ရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။[၃][၂]

ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။[၄]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ရွှေကျင်သာသနာပိုင်ဖြစ်သော အရှင် အဂ္ဃိယသည် ၂၀၁၇ ဖေဖော်ဝါရီ ၁၄၊ သက်တော် (၁၀၀) ဝါတော် (၈၁) အရောက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင် အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။ ဈာပနာအခမ်းအနားသို့ မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့်၊ တိုင်းအဆင့် ထိပ်တန်း ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ [၅]

ဘွဲ့တံဆိပ်များ[ပြင်ဆင်ရန်]

နိုင်ငံတော်မှ ဆရာတော်ကြီးကို သက္ကရာဇ် (၂၀၀၀) တွင် သာသနာဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ချီးမြင့်ခဲ့၍ ၂၀၀၄ ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် ဆပ်ကပ်လှူဒါန်းခဲ့သည်။[၃]

၂၀၁၁ နိုဝင်ဘာ ၂၃ တွင် ထိုင်နိုင်ငံ၏ သံဃရာဇာဖြစ်သော မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်က စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကို "ပညာပါရဂူဘွဲ့" အား ဆပ်ကပ်လှူဒါန်းခဲ့သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ပျံလွန် (14 February 2017)။ 21 August May 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ထက်သာဦး, စည်သူလင်း (18 February 2017)။ ရွှေကျင်သာသနာပိုင်-ဝါဆိုဆရာတော်ကြီး-ဈာပနသို့-ရဟန်းရှင်လူသိန်းချီပို့ဆောင်။ 21 August May 2020 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ဖေဒီ (23 December 2017)။ ၂၀၁၇ အနိစ္စတံခါးကို ဖွင့်သွားသူများ။ 29 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August May 2020 တွင် ပြန်စစ်ပြီး။
  4. သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း
  5. ရွှေကျင်သာသနာပိုင် အန္တိမအဂ္ဂိဈာပန စည်ကားစွာကျင်းပ (18 February 2017)။ 21 August May 2020 တွင် ပြန်စစ်ပြီး။
  6. ထိုင်းသံဃရာဇာ ဆရာတော်ကြီးက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးအား ပညာပါရဂူဘွဲ့ ဆက်ကပ်, Myanmar Gazette, 25 November 2011။ 29 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2021 တွင် ပြန်စစ်ပြီး။