လိုက်ပဆစ်မြို့

ဝီကီပီးဒီးယား မှ
လိုက်ပဆစ်မြို့ မြင်ကွင်း

လိုက်ပဆစ်မြို့သည် ဂျာမနီနိုင်ငံ အရှေ့ဘက်အလယ် ပိုင်း၊ ယခင် ပရပ်ရှင်းနယ်ဖြစ်သော ဆက်ဆွန်နီနယ်၏ အရှေ့မြောက်ဘက် တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ယခုအခါ အရှေ့ဂျာမနီ (ဂျာမနီဒီမို ကရက်တစ်သမ္မတနိုင်ငံ)တွင်ပါဝင်သည်။ အရှေ့အနောက် ကုန်သွယ်ရေးလမ်း ဆုံလမ်းခွတွင် တည်ရှိသောကြောင့် ဥရောပလယ်ခေတ်မှစ၍ စည်ပင်ဝပြော ကာ အချက်အချာဌာနဖြစ်၏။ ကမ္ဘာ့ကုန်စည်ပွဲဈေးများ ခင်းကျင်းရာ၌ ထင် ရှားသောဌာနတစ်ခုဖြစ်၍ ယခုတိုင် လိုက်ပဆစ်ပွဲဈေးများမှာ ကျော်ကြား လျက်ပင်ရှိလေသည်။ ဤမျှမက ဥရောပတိုက်တွင် စာပေနှင့် ဂီတ အနုပညာများ ထွန်းကားရာဒေသလည်းဖြစ်သောကြောင့် လိုက်ပဆစ်မြို့သည် ဂျာမနီနိုင်ငံတွင် အရေးပါသော မြို့တစ်မြို့ဖြစ်၏။

လိုက်ပဆစ်မြို့သည် အယ်လစတာ၊ ပလိနှင့် ပါသီမြစ်များဆုံရာ တွင် တည်ရှိသည့်အပြင် မီးရထားလမ်းများ ဆုံရာနေရာလည်းဖြစ်သည်။ ဘာလင်မြို့၏ အနောက်တောင်ဘက် မိုင် ၁ဝဝ ခန့်အကွာတွင် တည်ရှိ သည်။ မြို့၏အတွင်းပိုင်း၌ လမ်းများကျဉ်းမြောင်း၍ လူနေအိမ်ခြေပြည့်ကျပ် သည်။ အိမ်များမှာ ခေါင်မြင့်သော အိမ်များဖြစ်သည်။ လိုက်ပဆစ်မြို့ရှိ ဘုရားရှိခိုးကျောင်းများမှာ အလယ်ခေတ်ကဆောက်လုပ်ခဲ့သော အဆောက် အအုံများဖြစ်သည်။ မြို့အလယ်တွင် ပွဲဈေးများကျင်းပရာ လေးထောင့်ကွက် လပ်ရှိသည်။ လိုက်ပဆစ်မြို့ နေရာဟောင်းနှင့် ဆင်ခြေဖုံးနေရာသစ်တို့မှာ ကျယ်ပြန့်သော လမ်းမကြီးတစ်ခုဖြင့် ခြားလျက်ရှိသည်။ မြို့နေရာသစ်တွင် ရှိသည့် ခေတ်မီအဆောက်အအုံများတွင် လူပေါင်းမြောက်မြားစွာ နေထိုင်ကြ သည်။ လိုက်ပဆစ်မြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်တွင် စက်မှုလက်မှုလုပ် ငန်းများ လုပ်ကိုင်သဖြင့်စည်ကားသည်။

လိုက်ပဆစ်မြို့သည် အရောင်းအဝယ်ဖွံ့ဖြိုးသောဒေသဖြစ်သည်။ ဥရောပ အလယ်ခေတ်က လိုက်ပဆစ်မြို့သူမြို့သားတို့သည် တစ်နှစ်တွင် တစ်ချိန်သတ်မှတ်၍ အရောင်းအဝယ်ပြုကြသည်။ ဤသည်မှစ၍ ကုန်စည်ပွဲဈေးများကို အစပြုကျင်းပခဲ့ရာ ကမ္ဘာတွင် ထင်ရှားပေသည်။ လိုက်ပဆစ်မြို့သည် သားမွေးလုပ်ငန်း၏ အချက်အချာဌာနလည်းဖြစ်သည်။ အခြားလုပ်ငန်းများမှာ စက်မှုလက်မှုလုပ်ငန်း၊ သစ်ပန်းပုလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ သိပ္ပံပညာဆိုင်ရာ တန်ဆာပလာများလုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် စာအုပ်လုပ်ငန်းတို့ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေခြင်းနှင့် စာအုပ်လုပ်ငန်းကြောင့်လည်း လိုက်ပဆစ်မြို့သည် ထင်ရှားပေသည်။ တစ်ချိန်က လိုက်ပဆစ်မြို့မှ သတင်းစာနှင့် မဂ္ဂဇင်းပေါင်း ၂၇ဝ မျှထုတ်ဝေခဲ့ပေသည်။ ပတ်ဝန်းကျင်တွင် ကျောက်မီးသွေးတွင်းများရှိခြင်းကြောင့် ဤကဲ့သို့ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားခြင်းဖြစ်၏။ ၁၉၄၃-၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက တစ်ကြိမ်၊ ထို့နောက် စစ်ပြီးကာလ၌ ဂျာမနီကို အရှေ့ အနောက် ခွဲရာတွင်တစ်ကြိမ် အဆိုပါ စက်မှုလက်မှုလုပ်ငန်းရပ်ကွက်များ နစ်နာပျက်စီးခဲ့ရသည်။ လိုက်ပဆစ်မြို့သည် ဂီတ နှင့်စာပေ အနုပညာဆိုင်ရာကျောင်းများ၊ အနုပညာခန်းမဆောင်များ၊ ပြတိုက်များ စုဝေးရာနေရာဖြစ်သည်။

လိုက်ပဆစ်ကတ္တသိုလ်မှာ ခရစ် ၁၄ဝ၉ ခုနှစ်ကတည်ထောင်သော တက္ကသိုလ်ဖြစ်၍ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ယင်းတက္ကသိုလ်ကို ကားလမတ်တက္ကသိုလ်ဟု ကွန်မြူနစ်တို့က အမည်ပြောင်းလိုက်သည်။ လိုက်ပဆစ်မြို့သည် အနုပညာရှင်များပေါက်ဖွားရာ၊ နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယိုဟန်း ဆီဗတ်စတီယန်ဗာခ်၊ ရောဗတ် ရှူးမန်း၊ ဖေးလစ် မင် ဒယ်ဇုန် စသည့်ပုဂ္ဂိုလ်ကျော်များ နေထိုင်ရာအရပ်ဖြစ်၍ ဂီတစာဆိုရှင် ရစ်ချတ်ဗားဂနားနှင့် ဒဿနိကဗေဒပညာရှင် လိုက်ဗနစ်တို့၏ ဇာတိချက် မြှုပ်ရာဒေသဖြစ်သည်။ လိုက်ပဆစ်မြို့တွင် စာကြည့်တိုက်ကောင်းများ၊ ဂျာမန်၊ ဒပ်ချပန်းချီကားများရှိသော ပြတိုက်များရှိသည်။ ရှေးအခါကမူ လိုက်ပဆစ်မြို့သည် ဂျာမနီနိုင်ငံ တရားလွှတ်တော်ချုပ် တည်ရှိရာဌာနဖြစ်ခဲ့သည်။

လိုက်ပဆစ်မြို့ကို ၁၁ဝဝ ပြည့်နှစ်က တည်ထောင်ခဲ့သည်။ ၁၆ဝဝ ပြည့်နှစ်တွင် ဖြစ်ပွားသော အယူဝါဒရေးစစ်ပွဲများအတွင်းက လိုက်ပဆစ်မြို့သည် စစ်တလင်းဖြစ်ခဲ့သည်။ ၁၆၃၁ ခုနှစ်တွင် ပထမဆုံး လိုက်ပဆစ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် ဂပ်စတားဗတ်အဒေါဖတ် ခေါင်း ဆောင်သော ဆွိတပ်များသည် ဂျာမန်တပ်များအပေါ် အနိုင်ရလိုက်သည်။ ၁၆၄၂ ခုနှစ်တွင် ထပ်မံဖြစ်ပွားသော စစ်ပွဲ၌လည်း ဆွိတပ်များကပင် အနိုင် ရပြန်သည်။ တတိယတိုက်ပွဲမှာ ၁၈၁၃ ခုနှစ်တွင် ဖြစ်ပွားလျက် နပိုလီယန် ၏ စစ်ပွဲအတွင်းကဖြစ်သည်။ ဤတိုက်ပွဲတွင် ပရပ်ရှား၊ ရုရှ၊ ဩစတြီးယားနှင့် ဆွီဒင်တို့၏ တပ်ပေါင်းစုက ပြင်သစ်တပ်များကို အနိုင်ရလိုက် ပေသည်။

ပထမကမ္ဘာစစ် ပြီးဆုံးသည့်နောက် လိုက်ပဆစ်တွင် ဆိုဗီယက် သမ္မတနိုင်ငံတစ်ခု တည်ထောင်သည်။ သို့သော် အစိုးရတပ်များက လျင်မြန် စွာပင် ဖြိုခွင်းလိုက်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လိုက်ပဆစ်မြို့သည် ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရပေသည်။ စစ်ကြီးအပြီးတွင် လိုက်ပဆစ်မြို့သည် ဆိုဗီယက်သိမ်းပိုက်သောအပိုင်းတွင် ပါဝင်သွားသည်။ လိုက်ပဆစ်မြို့တွင် လူဦးရေ ၅၉၅၇၁၂ (၁၉၆၈)ယောက်ခန့်ရှိ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)