ရွှေဇံအောင်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်က "ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄)

ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄)[ပြင်ဆင်ရန်]

ဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် စစ်တွေမြို့၌ ဖွားမြင်သည်။ ခရိုင် ရာဇဝတ် ဦးရွှေသားနှင့် ဒေါ်အဖြူဇံတို့၏ သားသမီး ၄ ယောက် အနက် သားအကြီးဆုံး ဖြစ်သည်။

ဦးရွှေဇံအောင်သည် ၁၈၈၁ ခုနှစ်မှ စ၍ စစ်တွေမြို့ အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ရာ ၁၈၈၅ ခုတွင် အလယ်တန်း စကော်လားရှစ်ဆု ရသည်။ ထို့နောက် ရန်ကုန်မြို့ ပြောင်းရွှေ့ပညာသင်ရာ ၁၈၈၇ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်။ ၁၈၉၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ ရသည်။

ဆရာကြီးသည် ၁၈၉၂ ခုနှစ်တွင် ပညာရေး ဌာန၌ ပညာအုပ် အဖြစ် စတင် အမှုထမ်းသည်။ ထို့နောက် မြေစာရင်း ဌာနတွင် ဆက်လက် အမှုထမ်းရာ ၁၉ဝ၂ ခုတွင် မြို့အုပ်တန်း၊ ၁၉ဝရ ခုတွင် ဝန်ထောက်တန်း အဆင့်သို့ ရောက်သည်။ ၁၉ဝ၉ ခုနှစ်တွင် ရန်ကုန် ကောလိပ်တော်ရုံး၌ အခွန်ဝန် အဖြစ် ထမ်းရွက်စဉ် ကျူးကျော် နေထိုင်သူများကို မြေခွန်တော် စည်းကြပ်ရေး အတွက် အထူး တာဝန် ယူရသည်။ ၁၉၁၂ ခုနှစ်တွင် တွံတေး တူးမြောင်း ဖောက်လုပ်ရန် အတွက် မြေသိမ်း အရာရှိ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ ၁၉၁၃ ခုနှစ်တွင် သံလျင်မြို့၌ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အထူးစုံစမ်းရေး အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄ ခုတွင် မြေဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်သည်။ ၁၉၁၈ ခုနှစ်တွင် ကျောက်တန်းမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဟံသာဝတီ ခရိုင်ဝန် အဖြစ် နှစ်ကြိမ် ထမ်းရွက်ပြီးနောက် ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော် မင်းကြီး၏ အတွင်းဝန် အဖြစ် ယာယီ ထမ်းရွက်ရသည်။ ထို့နောက် သထုံ ခရိုင်ဝန် အဖြစ် ပြောင်းရွှေ့ ထမ်းဆောင်သည်။ ၁၉၂၃ ခုနှစ်တွင် ကေ-အက်စ်-အမ် (ကျက်သရေဆောင် ရွှေစလွယ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့် ခံရသည်။ အိန္ဒိယနိုင်ငံ မြူနီစီပယ် အခွန်တော်များ ကောက်ခံရေး ဆိုင်ရာ စုံစမ်းမှု ကော်မတီဝင် အဖြစ်လည်း ဆောင်ရွက်ရသည်။ ထို့နောက် မြန်မာ အမျိုးသားထဲမှ ပထမဆုံး ယစ်မျိုး မင်းကြီး အဖြစ် ခန့်ထားခြင်း ခံရသည်။ ဤသို့ တာဝန် အမျိုးမျိုးကို ထမ်းဆောင်ပြီးနောက် ၁၉၂၆ ခုနှစ်တွင် ကျန်းမာရေး အရ အငြိမ်းစားယူသည်။

ဦးရွှေဇံအောင်သည် အလုပ်တာဝန် ထမ်းဆောင်ရင်း စာပေ ကျမ်းဂန်များကို လေ့လာ ဆည်းပူးသည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဆရာတော် ဦးဂန္ဓမာ ထံ၌ အဘိဓမ္မာ တရားတော်ကို လေ့လာ သင်ယူသည်။ လယ်တီ ဆရာတော် ထံတွင်လည်း မပြတ် ဆည်းကပ်ကာ ဆည်းပူးသည်။ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ လက်တင်၊ စာပေ ကျမ်းဂန်များကို လေ့လာ တတ်ကျွမ်းသည်။

၁၉ဝဝ ပြည့်နှစ်ခန့်က ဗုဒ္ဓသာသနာတော် ထွန်းကားရေး အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော "ဗုဒ္ဓဝါဒ" မဂ္ဂဇင်းတွင် အဘိဓမ္မာ တရားတော် အကြောင်း ပါဝင် ရေးသားခဲ့သည်။ ထိုမဂ္ဂဇင်းကို ကြီးမှူး ထုတ်ဝေသော ရှင်အာနန္ဒာ မေတ္တေယျကို အကြောင်းပြု၍ လန်ဒန် ပါဠိ အသင်းကြီး ဥက္ကဋ္ဌ မစ္စစ်ရစ်ဒေးဗစ်နှင့် ရင်းနှီးသွားပြီး ညှိနှိုင်း တိုင်ပင်ကာ 'အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်ကျမ်း)' ကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ မစ္စစ် ရစ်ဒေးဗစ်နှင့် လယ်တီ ဆရာတော်တို့၏ ဗုဒ္ဓ အဘိဓမ္မာနှင့် စပ်လျဉ်းသော အမေး၊ အဖြေများကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးသည်။

ဦးရွှေဇံအောင်သည် ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြု၍ 'တက္ကိယ နယဒီပနီ' အမည်ရှိ ယုတ္တိဗေဒ ကျမ်းကို ရေးသား ပြုစုသည်။ ဂျီဗန်း၏ ကျမ်းကို သဘောနှင့် အစီအစဉ် လောက်သာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံတို့မှာမူ မြန်မာဆန်သည်။ ထို့ပြင် အထက်တန်းကျသော ဆေးပညာ အတွေးအခေါ်များ ပါဝင်သော ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ 'ဂန်းနော့' ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ 'အနတ္တမီ' ကျမ်း၊ 'ဖီဇီ အော်လိုဂျီ’' ကျမ်းများကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာတို့မှ ဒွတ္တိ သကာယ အကြောင်းများနှင့် ညှိနှိုင်း ရေးသားသော 'ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း'၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော 'ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း' တို့ကို ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း 'ယမက ခေါ် ယမိုက်ကျမ်း'၊ 'ကထာဝတ္ထု ကျမ်း'၊ 'အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)' တို့ကို ရေးသားခဲ့သည်။ 'လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတု' ကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်လည်း ဆောင်းပါးများစွာ ရေးသားခဲ့သည်။ နောက်ဆုံး ပြုစုသော 'လူမျိုး တစ်ရာ့တစ်ပါး' ကျမ်းမှာ ပြီးမြောက်သော်လည်း ပုံနှိပ် ထုတ်ဝေခြင်း မပြုဖြစ်ကြောင်း သိရသည်။

ထိုမျှမက မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးသော မြတဘက် ဇာတ်ကားကိုလည်း ဦးရွှေဇံအောင်က ဇာတ်ညွှန်း ရေးသားခဲ့ကြောင်း သိရသည်။

မြန်မာ - အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာရှင် ဖြစ်သည့် အလျောက် ဆရာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဒီလစ် (စာပေ ပါရဂူ) ဘွဲ့ ချီးမြှင့်သည်။ သို့သော် ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆရာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်သည်။


အနောက်နိုင်ငံများတွင် ဗုဒ္ဓအဘိဓမ္မာကို စတင်မျိုးစေ့ချခသည့် ဦးရွှေဇံအောင်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၈၇၁-ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နိန့်၌ မွီးဖွားခ၏။ အဖ ခရိုင်ရဲဝန် ဦးရွှေသာ၊ အမိ ဒေါ်အဖြူစံရို့၏ သားသမီး လေးယောက်အနက် သားအကြီးဆုံးဖြစ်သည်။

၁၈၈၁-ခုနှစ်မှစ၍၊ စစ်တွေမြို. အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ကြားရာ ၁၈၈၅-ခုနှစ်၌ အလယ်တန်းစကောလာချိ ဆုကိုရဟိသည်။ ထိုမှတစ်ဖန် ရန်ကုန်မြို့သို့ ပြောင်းရွှေ. ပညာသင်ကြားပြန်ရာ ၁၈၈၇-ခုနှစ်တွင် တက္ကသိုလ်ဝင် စာမိန်းပွဲကို အောင်မြင်သည်။ ထိုနောက် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ယူပြန်ရာ ၁၈၉၁-ခုနှစ်တွင် ထိုခေတ်က မြန်မာနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော ဝိဇ္ဇာဘွဲ့ထူးကို ဆွတ်ခူးရဟိသည်။ လိုအပ်သောပညာ ရဟိပြီးနောက် ပညာရေးဌာန၌ ပညာအုပ်အဖြစ် စတင်ဝင်ရောက် ထမ်းဆောင်သည်။ ထိုနောက် မြီစာရင်းဌာနသို့ ပြောင်းရွှေ့ကာ အတန်ကြာ အမှုထမ်းခရာ ၁၉၀၂-ခုနှစ်တွင် မြို့အုပ်တန်းခေါ် မြန်မာနိုင်ငံ လက်အောက်ဝန်ထမ်း အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်း ခံရပြန်သည်။ ၁၉၀၇-ခုနှစ်တွင် ဝန်ထောက်တန်းခေါ် မြန်မာနိုင်ငံ ဝန်ထမ်းအဖွဲ့သို့ တိုးမြှင့်ခန့်ထားခြင်း ခံရပြန်သည်။

ဦးရွှေဇံအောင်သည် အခွန်ဝန်ထောက်အဖြစ် ထမ်းရွက်နီစဉ် ထိုစဉ်က ဖြေယှင်းရန် အလွန်ခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်သည့် ကျူးကျော်နီထိုင်သူများကို နီရာချထား၍ မြီခွန်တော် စည်းကြပ်ရေးအတွက် အထူးတာဝန်ကျရောက်၍ ထမ်းဆောင်ရသည်။ ဤပြဿနာကြီးနှင့် စပ်လျဉ်း၍ အကြံပေီးချက်များကို အစိုးရက အထူးနှစ်သက် လက်ခံခသည်။ သူ၏ စာအုပ်ပြာခေါ် အစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရအရာဟိများ အထူးအမှီသဟဲပြု၍ ဖတ်ရှုခကြရသည် ဟုဆိုသည်။ ၁၉၁၂-ခုနှစ်တွင် တွံတေးတူးမြောင်း ဖောက်လုပ်ရန်အတွက် မြီသိမ်းအရာဟိအဖြစ် ရွီးချယ်ခန့်အပ်ခြင်း ခံရ၏။ စတင်စည်ကားစ ပြုလာပြီဖြစ်သော သန်လျင်မြို့တွင် မြီပိုင်ဆိုင်ခွင့်ဆိုင်ရာ အထူးစုံစမ်းရေးအဖွဲ့ဝင် လူကြီးအဖြစ် ၁၉၁၃-ခုနှစ်တွင် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄-ခုနှစ်တွင် မြီဖက်ဌာန၌ သူ၏ ထူးချွန်စွာ ဆောင်ရွက်မှုအတွက် ဗြိတိသျှအစိုးရက ထိုခေတ်အနီဖြင့် အရပ်ဘက် ထူးချွန်တံဆိပ် A.T.M အမှုထမ်းကောင်း မင်းဘွဲ့တံဆိပ်ကို သူအား ချီးမြှင့်ခ၏။ ၁၉၁၈-ခုနှစ်တွင် ကျောက်တန်း နယ်ပိုင်ဝန်ထောက်အဖြစ် ထမ်းရွက်နီယင်း ဦးရွှေဇံအောင်သည် ဒုတိယအကြိမ်မြောက် စစ်ချီးငွေ အမြောက်အမြား ရှာဖွီ စုဆောင်းပီးနိုင်ခသည်။

ဦးရွှေဇံအောင်သည် ဟံသာ၀တီခရိုင်တွင် နှစ်ကြိမ်တိုင်တိုင် ခရိုင်ဝန်အဖြစ် ထမ်းရွက်ရပြီးနောက် ၁၉၂၀-ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော်မင်းကြီး၏ အတွင်းဝန်အဖြစ် ယာယီခန့်အပ်ခြင်း ခံရသည်။ ထိုနောက် သထုံခရိုင်ဝန်အဖြစ် ပြောင်းရွှေ့ထမ်းရွက်ရာ အထူးပင် လူချစ်လူခင်ပေါများသော အစိုးရအရာဟိ ဖြစ်ခသည်။ ၁၉၂၃-ခုနှစ်တွင် K.S.M ခေါ် ရွှီစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ဗြိတိသျှအစိုးရက အပ်နှင်းချီးမြှင့်သည်။ ထိုနောက် မြူနီစပယ် အခွန်တော်များ ကောက်ခံရေးဆိုင်ရာ စုံစမ်းမှု ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်း ခံရပြန်ရာ ယင်းကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်က ဦးရွှေဇံအောင်၏ ထူးချွန်ပေါက်မြောက်စွာ ဆောင်ရွက်နိုင်သော အရည်အချင်းကို ချီးကျူးခရသည်။ မကြာမီ မြန်မာအမျိုးသားများအား မည်သည့်အခါကမှ ခန့်အပ်ခြင်းမပြုခရေ ရာထူးဖြစ်သော ယစ်မျိုးမင်းကြီးအဖြစ် ဦးရွှေဇံအောင်သည် ပထမဆုံး ခန့်အပ်ခြင်း ခံရပြန်သည်။

ဦးရွှေဇံအောင်သည် သာသနာတော်ကို အထူးကြည်ညို လေးစားစိတ်နှင့် ကြိုးစားလိုစိတ်ရို့ကြောင့် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်အမျိုးမျိုး ထမ်းဆောင်စဉ် အဘိဓမ္မာကို ဆရာတော် ဦးဂန္ဓမာ၏ ခြီတော်ရင်းတွင် လေ့လာခ၏။ The Buddhism Magazine ကို ကြီးကြပ်ထုတ်ဝီရေ အာနန္ဒာမေတ္တယျဆရာတော်ကို အကြောင်းပြု၍ လန်ဒန်ပါဠိအသင်းကြီးကို စတင်တည်ထောင်သူ မစ္စတာ ရစ်ဒေးဗစ်စ်၏ ဇနီးဖြစ်သူ မစ္စစ် ရစ်ဒေးဗစ်နှင့် စတင်အဆက်အသွယ် ရခ၏။ ဆရာကြီးသည် အဘိဓမ္မတ္ထသင်္ဂဟသဂြိုဟ်ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး မစ္စစ်ရစ်ဒေးဗစ်ထံ ပို့လိုက်၏။ ယင်းစာမူကို မစ္စစ်ရစ်ဒေးဗစ်နှင့် ဦးရွှေဇံအောင်ရို့ အပြန်ပြန်အလှန်လှန် စစ်ဆေးပျင်ဆင်ပြီးမှ ဗုဒ္ဓဝါဒမဂ္ဂဇင်း The Buddhism Magazine တွင် ဦးရွှေဇံအောင် ရွီးသားသော ဆောင်းပါးကို နိဒါန်းအဖြစ်ထည့်ကာ ၁၉၁၀-ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝီသည်။ စာအုပ်ထွက်လာသည်နှင့် တပြိုင်နက် တစ်ကမ္ဘာလုံးမှ ပညာဟိများ၏ ချီးကျူးလက်ခံခြင်း ခံရသည်။ လယ်တီဆရာတော် ဘုရားကြီးနှင့် မစ္စစ်ရစ်ဒေးဗစ်ရို့၏ ဗုဒ္ဓအဘိဓမ္မာနှင့် စပ်လျဉ်းသော အမိန်း အဖြေများကိုလည်း ဦးရွှေဇံအောင်ပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုကာ အပြန်အလှန် ဆက်သွယ်၍ အကျိုးဆောင်ပီးခရသည်။

ဦးရွှေဇံအောင်သည် မြန်မာနိုင်ငံမှ ဗုဒ္ဓကျမ်းစာများကို နိုင်ငံခြားသားများ ဖတ်ရှုလေ့လာနိုင်ရန် ရွီးသားရုံမက အနောက်နိုင်ငံ ကျမ်းတစ်ဆောင်ဖြစ်သော လောဂျစ်ကျမ်းကို တက္ကိယနယဒီပနီ အမည်ဟိ ကျမ်းကို ပြုစုရွီသားသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁-ခုနှစ်မှ ၁၉၂၀-ခုနှစ်အတွင်း ဆောင်းပါးပေါင်း ၃၅-ခုကို ပါဝင်ရွီးသား နိုင်ခသည်။ ဆောင်းပါးအများစုသည် ဗုဒ္ဓအဘိဓမ္မာများသာ ဖြစ်ကြ၏။ ဆရာကြီးသည် ကျမ်းကြီးကျမ်းခိုင် ရို့ကိုသာမက လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြီရတုကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရွီးသားခသိမ့်သည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍လည်း စာအုပ် ၇-အုပ်ကို ပြုစုနိုင်ခ၏။ ယင်းရို့တိမှာ မြန်မာဘာသာဖြင့် ရွီးသားသော- ၁။ ဇရာလက္ခဏာဒိ ဒီပနီကျမ်း ၂။ တက္ကိယနယ ဒီပနီကျမ်း ၃။ ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း ၄။ ရူပ ဒီပနီကျမ်း

အင်္ဂလိပ်ဘာသာဖြင့် ရွီးသားသော- ၅။ ယမကခေါ် ယမိုက်ကျမ်း ၆။ ကထာဝတ္ထု ၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ရို့ဖြစ်သည်။ ဆရာကြီးသည် မြန်မာမှုကို လေးစားသူလည်းဖြစ်၏။

မြန်မာဘာသာကိုသာမက အင်္ဂလိပ်ဘာသာကိုပါ အထူးကျွမ်းကျင်သော ဆရာကြီးကို ကမ္ဘာကပါ သိလာကြပြီး ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က D.Litt ဘွဲ့ကို အပ်နှင်းခ၏။ သို့ရာတွင် ဘွဲ့နှင်းသဘင်ကျင်းပရန် ၁၀-ရက်ခန့်အလိုတွင် ဦးရွှေဇံအောင် ကွယ်လွန်ခ၏။ နိဂုံးချုပ်အနီဖြင့် ၁၉၂၄-ခုနှစ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းကြီးအတွက် သင်ခန်းစာများ ရွီးချယ်သတ်မှတ်ရေး ကော်မတီတွင် ဆရာကြီး ပြောကြားခသော မှတ်ချက်ကို ဖော်ပြလိုပါသည်။

“ကျွန်တော့်အနီနန့် အရှိတိုင်း အနောက်တိုင်း စာအုပ်တိကို အတော်များများ ဖတ်ပြီးပါဗျာယ်။ ကျွန်တော်ရို့ မြန်မာနိုင်ငံ၏ လောကနီတိလောက် ကောင်းရေကျမ်း မတွိ့ဖူးသိမ့်ပါ၊ မြန်မာစာပီကို အထင်မသေးဖို့ လိုပါရေ။”


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ငွေဥဒေါင်း၊ သီးခြား စာဝကဲပါ၊ စာ ၆၉ - ၇၆။
  2. ဇေယျ၊ မြန်မာ့ မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့)၊ စာ ၂၁၇ - ၂၂၆။
  3. မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ ၁၁။ စာ ၄၂၉ - ၄၃ဝ။
  4. ဦးသာတင် (မာဃ)၊ ဆေးပညာစာပေ၊ ပညာရပ်ဆိုင်ရာ မြန်မာစာပေ စာတမ်းများ၊ စာ ၄၃။]