ရောဟီဏီ (ဥပါသိကာ)

ဝီကီပီးဒီးယား မှ
ရောဟီဏီ
ဘာသာဗုဒ္ဓဘာသာ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးသာကီဝင်
မွေးဖွားကပိလဝတ်ပြည်
မိဘ
  • သုက္ကောဒနမင်း (father)
ဘာသာရေးရာ
ဆရာ(များ)ဂေါတမဗုဒ္ဓ

ရောဟီဏီ သည် သုဒ္ဓေါဒနမင်းကြီး၏ ညီတော်ဖြစ်သော သုက္ကောဒနမင်း၏ သမီးတော်ဖြစ်၍ အသျှင်အနုရုဒ္ဓါ၏ ညီမဖြစ်ကာ သောတာပန်အရိယာတစ်ဦး ဖြစ်သည်။[၁]

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ရောဟီဏီသည် ကိုယ်အရေပြားရောဂါ ခံစားနေရသူတစ်ဦး ဖြစ်၏။ တစ်ခုသောအချိန်တွင် အသျှင်အနုရုဒ္ဓါသည် ကပိလဝတ်ရှိ သူ၏ မိသားစုထံသို့ သွားရောက်သည်။ ထိုအခါ ညီမဖြစ်သူ ရောဟီဏီသည် အစ်ကိုဖြစ်သူနှင့်တွေ့ဆုံရမည်ကို ရှက်သဖြင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ အစ်ကိုဖြစ်သူ အသျှင်အနုရုဒ္ဓါက လက်ရှိအခြေအနေကို သိရှိရရန် တောင်းဆိုသည့်အခါ ရောဟီဏီသည် သူမ၏ မျက်နှာအား အဝတ်စဖြင့် ကွယ်၍ ထွက်လာခဲ့သည်။ ထို့နောက်တွင် အသျှင်အနုရုဒ္ဓါ၏ တိုက်တွန်းအကြံပေးသည့်အတိုင်း သူမ၏ လက်ဝတ်ရတနာ၊ အဝတ်အစားများအား ရောင်းချကာ သံဃာအား ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတော်တည်ဆောက်မှုကို အသျှင်အနုရုဒ္ဓါက ကြီးကြပ်ခဲ့သည်။ သူမအား ကျောင်းတော်တွင် နေ့စဉ်နေ့တိုင်း ရေအိုးများကို ရေဖြည့်ရန်နှင့် တံမြက်လှည်းရန် အသျှင်အနုရုဒ္ဓါက တိုက်တွန်းခဲ့သည်။ သူမ၏ ကိုယ်အရေပြားအနာများသည် သက်သာပျောက်ကင်းသွားခဲ့ရသည်။

ကျောင်းတော်ဆောက်လုပ်ပြီးစီးသည့်အခါတွင် မြတ်စွာဘုရားအား ပင့်ဖိတ်ကာ ဆက်ကပ်လှူဒါန်းခဲ့သည်။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးနောက်တွင် ရောဟီဏီအား ဤကဲ့သို့ ရောဂါဝေဒနာခံစားရသည့်အကြောင်းအရင်းကို မေးမြန်းရာ ရောဟီဏီက 'မသိကြောင်း' ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရား၏ ရောဟီဏီ၏ အတိတ်ဘဝဇာတ်လမ်းကို ပြောပြဟောကြားတော်မူ၏။[၂][၃]

အတိတ်ဘဝ[ပြင်ဆင်ရန်]

တစ်ခုသောဘဝတွင် ရောဟီဏီသည် ဗာရာဏသီမင်းကြီး၏ မိဖုရားဖြစ်ခဲ့၏။ မင်းကြီးတွင် နှစ်လိုဖွယ်ရှိသည့် ကချေသည်အမျိုးသမီးတစ်ဦး ရှိ၏။ မိဖုရားသည် ထိုကချေသည်အား မနာလိုဝန်တိုဖြစ်ကာ တိုက်ခိုက်ရန် လျှို့ဝှက်စွာ ကြံဆောင်လေသည်။ တစ်နေ့တွင် သူမ၏ အခြွေအရံတစ်ဦးအား ထိုကချေသည် အိပ်စက်ရာ အိပ်ရာတွင် ခွေးလှေးယားသီးအခွံဖြင့် ပြုလုပ်ထားသည့် အမှုန့်များကို ယားယံစေရန် ထားရှိခဲ့သည်။ ကချေသည်အမျိုးသမီးအားလည်း ခေါ်ငင်ခဲ့ပြီး ရောက်ရှိလာခဲ့သည့်အချိန်တွင် ထိုအမှုန့်များကို သူမ၏ ကိုယ်ပေါ်သို့ ကြဲပက်ခဲ့သည်။ ထိုအခါ ကချေသည်သည် နာကျင်မှု ယားယံမှုများကို ခံစးရကာ သူမ၏ အိပ်ရာသို့ သွားကာ လဲလျောင်းခဲ့ရာ ပိုမို၍ ယားယံမှုများ ခံစားခဲ့ရသည်။

ဤသို့ဖြင့် မြတ်စွာဘုရားသည်၏ ဤကဲ့သို့သော အတိတ်ကံများကြောင့် ယခုခံစားရကြောင်း ဟောကြားခဲ့သည်။ တရားဟောကြား၍ အဆုံးတွင် များစွာသောသူတို့သည် သောတာပန် အရိယာဖြစ်ကြပြီး ရောဟီဏီသည်လည်း သောတာပန် အရိယာဖြစ်သွားခဲ့ကာ သူမ၏ အနာရောဂါသည်လည်း ပျောက်ကင်းသွားခဲ့သည်။[၂][၃]

နောက်ဘဝ[ပြင်ဆင်ရန်]

သူမသည် သေလွန်ပြီးနောက်ဘဝ၌ တာဝတိံသာနတ်ပြည်ရှိ နတ်သားလေးပါး၏ ဘုံဗိမာန်အလယ်တွင် ချောမောလှပသည့် နတ်သမီးတစ်ပါး ဖြစ်ခဲ့သည်။ ထိုနတ်သားလေးပါးတို့သည် ထိုနတ်သမီးအား ရယူပိုင်ဆိုင်ရန်အတွက် အငြင်းအခုံ ဖြစ်၍ သိကြားမင်းထံသို့ ရောက်ရှိသွားခဲ့သည်။ ထိုအခါ သိကြားမင်းသည် နတ်သမီးအား နှစ်သက်ချစ်ခင်မိသွားသဖြင့် သိမ်းယူခဲ့သည်။[၄][၅][၆]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. ၂.၀ ၂.၁ Acharya Buddharakkhita (1985)။ The Dhammapada:The Buddha’s Path of Wisdom (PDF)။ Kandy, Sri Lanka: Buddhist Publication Society။
  3. ၃.၀ ၃.၁ Tin၊ Daw Mya (2019)။ The Dhammapada: Verses & Stories။ Pariyatti Publishing။ ISBN 9781681721200[လင့်ခ်သေ]
  4. Law၊ B.C. (2004)။ Heaven & Hell in Buddhist Perspective။ Pilgrims Publishing။ ISBN 9788177690859
  5. The Buddhist Cosmos: A Comprehensive Survey of the Early Buddhist Worldview; according to Theravāda and Sarvāstivāda sources။ 24 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2020 တွင် ပြန်စစ်ပြီး။
  6. Burlingame၊ Eugene Watson; Bhikkhu Khantipālo (1985)။ Buddhist Stories From the Dhammapada Commentary (Part II) (PDF)။ Kandy, Sri Lanka: Buddhist Publication Society။ 4 April 2013 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2 October 2020 တွင် ပြန်စစ်ပြီး