ရောင်စုံ လက်ရေးစာမူ

ဝီကီပီးဒီးယား မှ

ရှေးခေတ် လက်ရေးစာမူများသည် အနုပညာ မြောက်သော လက်ရာများပင် ဖြစ်သည်။ စာရေးအတတ်၌ ကျွမ်းကျင်သူများသည် စာမူများတွင် ဆေးရောင်ခြည် ပန်းချီပုံဖြင့်သော်လည်းကောင်း၊ ပန်းခက် ပန်းနွယ်များဖြင့်သော်လည်းကောင်း မွမ်းမံ ရေးခြယ်လေ့ရှိကြ၏။ ထိုကဲ့သို့ လှပအောင် မွမ်းမံတန်ဆာဆင်ထားသည့် လက်ရေးစာမူကို ရောင်စုံလက်ရေးစာမူဟု ခေါ်ကြသည်။ ပပိုင်းရပ်ပေချပ်ပေါ်တွင် ရေးသော စာမူများ၌ အစစာလုံးကို ဆေးရောင်ခြယ် တန်ဆာဆင်လေ့ရှိ၏။ အစအဦး၌ အနီရောင်၊ သို့မဟုတ် အပြာရောင်ဖြင့် ရေးခြယ်ခဲ့ကြ၍ နောင်အခါတွင် ရွှေရောင်ကို အသုံးများသည်။

အီဂျစ်မှ ရောင်စုံလက်ရေးစာမူများသည် တွေ့ရှိရသမျှသော စာမူများအနက် ရှေးအကျဆုံးဖြစ်သည်။ ဥရောပတိုက်တွင် စာပုံနှိပ်စက်များ မပေါ်ပေါက်သေးသည့်အလယ်ခေတ်အခါက အယူဝါဒဆိုင်ရာ ကျမ်းစာအုပ်များကို လက်ရေးဖြင့် ရေးသားကြရသည်။ ရေးသားပြီးသော စာအုပ်များကို ဘုရားရှိခိုးကျောင်းများတွင် တရိုတသေ သိမ်းဆည်းထားကြ၏။ အချို့သော ဘုရားရှိခိုးကျောင်းများ၌ကား စာရေးရန် အခန်းဆောင်များပင် ထားရှိ၍ အယူဝါဒဆိုင်ရာ စာပေများကို ရေးသားပြုစုကြလေသည်။ ရှေးအီဂျစ်နိုင်ငံ၌ ယဉ်ကျေးမှု ထွန်းကားစဉ်က ပေါ်ပေါက်ခဲ့သော လက်ရေးစာမူအချို့နှင့် မွမ်းမံရေးခြယ်ထားသည့် စာအုပ်မျက်နှာဖုံးအချို့ကို အီဂျစ်သင်္ချိုင်းဂူများထဲမှ တူးဖော်တွေ့ရှိကြ၏။ သို့ရာတွင် အနည်းငယ်မျှသာ တွေ့ရှိရသောကြောင့် မစုံလင်လှချေ။ အီတလီနိုင်ငံ မီလန်မြို့ရှိ ပိဋကတ်တိုက်ကြီးတွင် တွေ့ရှိရသော လက်ရေးစာအုပ်နှင့် မျက်နှာဖုံးများမှာ ခရစ် ငါးရာစုနှင့်ခန့်က ရေးသားထားသည် ဖြစ်သောကြောင့် ရှေးအကျဆုံး လက်ရေးစာမူ ဖြစ်မည်ဟု ယူဆရပေသည်။ အဆိုပါ ရှေးဟောင်း လက်ရေးစာမူများနှင့် ရုပ်ပုံများသည် အသွင်အပြင်အားဖြင့် တစ်ခုနှင့်တစ်ခု ခြားနားကြသည်ဖြစ်ရကား ကျွမ်းကျင်သူကသာလျှင် မည်သည့် စာအုပ်သည် မည်သည့်ခေတ်က မည်သည့်နိုင်ငံတွင် ရေးသားခဲ့သော စာအုပ်ဖြစ်သည်ကို ပြောပြနိုင်၏။ ခေတ်အသီးအသီးက ပေါ်ပေါက်ခဲ့သော လက်ရေးစာမူများအနက် အလယ်ခေတ်က ပေါ်ပေါက်ခဲ့သော စာမူများသည် အများဆုံးဖြစ်သည်။ ထိုခေတ်က လူများသည် မိမိတို့၏ မိဘဆရာသမားများကို ရည်စူးလျက် လက်ရေးကျမ်းစာများကို ဘုရားရှိခိုးကျောင်းများတွင် အပ်နှံထားတတ်ကြသည်။

လက်ရေးစာအုပ်၏ မျက်နှာဖုံးများတွင် ရုပ်ပုံငယ်များကို ဆေးရောင်စုံခြယ်ပြီးလျှင် အတ္ထုပ္ပတ္တိဇာတ်လမ်း ဇာတ်ကွက်တစ်ခုခုကို ဖော်ပြရေးဆွဲထားလေ့ရှိကြသည်။ တစ်ခါတစ်ရံ ဆေးရောင်စုံအပြင် ရွှေရောင်ကိုပါ သားနားစွာထည့်သွင်း ရေးခြယ်ခဲ့ကြရာ ခေတ်အလျောက် တိုးတက်နေသော အနုပညာ အဆင့်အတန်းကို ကောင်းစွာ သိသာစေသည်။ စာမျက်နှာများကို မွမ်းမံ ရေးခြယ်ရာ၌ အစပထမတွင် စာပိုဒ် အစရှိ စာလုံးကို သာမန်မျှ ရေးခြယ်မွမ်းမံကြသဖြင့် များစွာ ရှုပ်ထွေးခြင်း မရှိလှသေးချေ။ နောင်အခါ၌ကား ထိုသို့ ရေးခြယ်ခြင်းမှာ စာတစ်မျက်နှာလုံး ပြည့်သည်အထိ ရှုပ်ထွေးလာလေ၏။ အစ စာလုံးကို အနီရောင်ဖြင့် ရေးခြယ်၍ ရုပ်ပုံပန်းခက်များကိုမူ ရောင်စုံဖြင့် ရေးခြယ်လေ့ ရှိကြသည်။

လက်ရေးစာမူများကို မွမ်းမံ ရေးခြယ်ခြင်းအတတ်သည် ခေတ်အသီးသီးတွင် ထွန်းကားခဲ့ရာ ရှေးအကျဆုံးနှင့် အထင်ရှားဆုံး ခေတ်တစ်ခေတ်မှာ ဗိုင်ဇင်းတိုင်ခေတ်ပင် ဖြစ်သည်။ အိုင်ယာလန်နိုင်ငံတွင်လည်း ရှစ်ရာစုနှင့် ကိုးရာစုနှစ်များက ထိုအတတ်ထွန်းကားခဲ့သည်။ အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံတို့မှာ နီးကပ်စွာ တည်ရှိနေသော်လည်း လက်ရေးစာမူ ရေးခြယ်ခြင်း အတတ်တွင်ကား တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြချေ။ ပမာဆိုသော် အိုင်ယာလန်နည်းစံနစ်မှာ စပိန်နိုင်ငံမှ ရသော နည်းစံနစ်ဖြစ်၍ အင်္ဂလိပ်လူမျိုးတို့ကမူကား ရောမလူမျိုးများထံမှ နည်းကို တစ်ဆင့် ရရှိလေသည်။ သို့ရာတွင် စကော့တလန် နည်းစံနစ်သည် အိုင်ယာလန်စံနစ်နှင့် မခြားနားလှချေ။

ပြင်သစ်၊ ဖလန်ဒါးနှင့် အီတလီနိုင်ငံတို့တွင် လက်ရေးစာမူ မွမ်းမံ ရေးခြယ်သူတို့သည် အဖွဲ့အစည်းနှင့် ရှိကြ၏။ ယင်းတို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ နည်းစံနစ်ကို အသုံးပြုကြလေသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံတွင် အသုံးပြုသော စံနစ်မှာ ခရစ် ၁၃ ရာစုနှစ်နှင့် ၁၅ ရာစုနှစ်များအတွင်းက ပေါ်ပေါက်ခဲ့သော ဂေါ့သစနစ်မှ ဆင်းသက်ခဲ့လေသည်။ ဤသို့ လက်ရေးစာမူ မွမ်းမံရေးခြယ်ခြင်း အတတ်သည် ပုံနှိပ်စာအုပ်များ မပေါ်သေးသည့် ရှေးခေတ်က အထူးပင် ခေတ်စားခဲ့သော်လည်း ပုံနှိပ်စက်များ ပေါ်ပေါက်လာ၍ စာပုံနှိပ်ပညာ၊ ဗလောက်ပညာတို့ တိုးတက်လာသည့် ယခုခေတ်တွင်ကား အဆိုပါ အတတ်ပညာမှာ တိမ်ကောပပျောက်လျက် ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၉)။ "ရောင်စုံ လက်ရေးစာမူ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၁ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်