ရေဗလုံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရေဗလုံ
Masked Finfoot.jpg
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: တိရစ္ဆာန်
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Gruiformes
မျိုးရင်း: Heliornithidae
မျိုးစု: Heliopais
Sharpe, 1893
မျိုးစိတ်: H. personata
ဒွိနာမ
Heliopais personata
(G.R. Gray, 1849)


ရေဗလုံ (Masked Finfoot) ကို ပါဏဗေဒအလိုအရ ရေဗလုံငှက်ကို ဟယ်လီယိုပေး ပါဆွန်နာတာ ဟုခေါ်သည်။ ထိုငှက်သည် ဟယ်လီအော်နီသီဒီး မျိုးရင်းတွင် ပါဝင်၏။ အလွန်တွေ့မြင့်ရခဲ၍ ရေဗလုံငှက်ကို လူသိနည်းသည်။ ရေထဲသို့ ပြွန်ချောင်းတစ်ခုဖြင့် လေမှုတ်သွင်း ရာ၌ ရေပွက်များထကာ မြည်သောအသံကဲ့သို့သော ယင်း၏ အသံကို စွဲ၍ ရေဗလုံငှက်ဟု ခေါ်ခြင်း ဖြစ်သည်။ သို့သော် အသံစူးသည်။

ရေဗလုံငှက်၏ ကိုယ်ထည်သည် အလျား ၂၄ လက်မ ရှိသည်။ လည်တိုင်သည် ငန်း၏လည်တိုင်နှင့် တူသည်။ အဖို နှင့် အမပုံသဏ္ဌာန်ချင်း မတူချေ။ ရေဗလုံငှက်အမများ၏ မေး၊ လည်ပင်းနှင့် လည်တိုင် အရှေ့ဘက်ပိုင်းများသည် ဖြူ၍ ပတ် လည်တွင် အမည်းရောင်ရှိသည်။ အဖိုများ၌မူ အနားဘက်၌ အဖြူရောင်များ ထပ်၍ ပါရှိသည်။ ငှက်ဖိုနှင့် ငှက်မများ၏ မျက်လုံးအရောင်မှာ အဝါဖြစ်သည်။ အဖိုများ၌ သားပေါက်ချိန် တွင် နှုတ်သီးရင်းတွင် အသားပိုကလေးတစ်ခု ထောင်လျက်ရှိ သည်။ မိုးကုန်ချိန်တွင်မူ ထိုအသားပိုကလေးသည် တွန့်လိမ် သွား၍ ပျောက်ကွယ်သွားသည်။ အမများ၌ ဤကဲ့သို့သော အသားပိုမျိုး မရှိချေ။ ငှက်ကလေးများသည် အမများနှင့် တူ သော်လည်း ဦးခေါင်းထိပ်သည် မမည်းချေ။

ရေဗလုံငှက်တို့ကို သားပေါက်ချိန်၌ ရေလျှံသစ်တောဒေသ များ၊ မြစ်ချောင်းများ၊ ရွံ့နွံထူထပ်သော နေရာများတွင် တွေ့ရ လေ့ ရှိသည်။ သာမန်အချိန်များတွင်မူ ရေတက်ရေကျရှိသော ချောင်းများနှင့် အမြဲစိမ်းတောများအနီးရှိ ချောင်းများတွင် တွေ့ရ တတ်သည်။ ရေဗလုံငှက်သည် လျှင်မြန်စွာ ရေကူး ရေငုပ်နိုင် သည်။ ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ ကုန်းပေါ်သို့ ပြေး တက်၍ ပုန်းအောင်းတတ်သည်။ မထိတ်လန့်လျှင် ရေမှထ၍ ပျံသန်းတတ်ကြသည်။ ကြောက်လန့်လာလျှင် ရေထဲသို့ တစ် ကိုယ်လုံးငုပ်၍ ဦးခေါင်းနှင့် လည်တိုင်ကိုသာ ရေပေါ်တွင် ဖော်ထားတတ်ကြသည်။ ရေပြင်မှထ၍ ပျံသန်းရာတွင် ရေကြက် ဒုံနှင့် တူသည်။ သို့သော် ပထမတွင် ရေပြင်နှင့် ယင်း၏ တွဲလျားကျနေသော ခြေထောက်များ ထိနေတတ်သည်။ အရှိန် ရလာ သောအခါတွင်မူ လျှင်မြန်စွာ ပျံသန်းနိုင်သည်။ ကောင်း မွန်စွာလည်း လမ်းလျှောက်နိုင်၍ ကိုယ်ကို ခပ်စောင်းစောင်း ထားတတ်သည်။ ယင်း၏အစာမှာ ခရု၊ ပိုးကောင်နှင့် အသီး အရွက်များ ဖြစ်သည်။

အသိုက်များကို မှောင်ပိတ်နေသော နွယ်ပင်များကြားတွင် သစ်ကိုင်းကလေးများကို တစ်ခုနှင့်တစ်ခု ထပ်၍ ပြုလုပ်ကြ သည်။ ကျီးကန်းအသိုက်များနှင့် တူ၍ ခပ်ဝိုင်းဝိုင်းဖြစ်ပြီးလျှင် အချင်း ၁၅ လက်မခန့် ရှိတတ်သည်။ ဥများ အုသည့်နေရာ ကမူ အချင်း ခုနစ်လက်မခန့် ရှိတတ်သည်။ ဥများသည် မလိုင်ရောင် ဖြစ်ပြီးလျှင် အညိုနှင့် ခရမ်းရောင်အပြောက်များ ပါရှိသည်။ အသိုက်များကို ရေမျက်နှာပြင်နှင့် လက်မ အနည်း ငယ်မှ ကိုးပေအထိ မြင့်သောနေရာများတွင် လုပ်တတ်သည်။ တစ်မြုံလျှင် ဥပေါင်း ငါးလုံးမှ ခုနစ်လုံးအထိ ရှိသည်။

ရေဗလုံငှက်တို့ကို အိန္ဒိယနိုင်ငံ ဗင်္ဂလားပြည်နယ်နှင့် အာသံပြည်နယ်တို့မှ မြန်မာနိုင်ငံကို ဖြတ်၍ ဆူမကြားကျွန်း အထိ တွေ့နိုင်သည်။ မြန်မာနိုင်ငံအတွင်း၌ ရေဗလုံငှက်များကို သာယာဝတီခရိုင် မြစ်မခမြစ်နား တစ်ဝိုက်တွင် တွေ့ရသည်။ ဗန်းမော်ခရိုင် ရွှေဂူမြို့နှင့် မျက်နှာချင်းဆိုင် အင်းတော်ကြီး ဒေသတွင်လည်း ရေဗလုံငှက်အချို့ကို တွေ့နိုင်သည်။ ထိုဒေသ နေ လူများက ရေဗလုံငှက်များသည် ထိုဒေသ၌ မိုးဥတုတွင် သားပေါက်ကြသည်ဟု ဆိုသည်။ ကသာခရိုင်ဆိပ်သာအနီး၌ လည်း ထိုငှက်များကို တွေ့ရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဖြစ်သော မြောင်းမြမြို့အနီးတွင်လည်း တွေ့နိုင်သည်။ ထို့အပြင် ပဲခူးခရိုင် အင်းတကော်ဘက်တွင်လည်း ထိုငှက်များကို တွေ့နိုင်သည်။ ရေဗလုံငှက်သည် မြန်မာနိုင်ငံ၌ အမြင်ရနည်း သော်လည်း နေရာအနှံ့အပြားတွင် နေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)