ရေကျောက်ရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ

ရေကျောက်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Varicella/chickenpox vaccine)သည် ရေကျောက်ရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးကို တစ်ကြိမ်ထိုးခြင်းဖြင့် (၉၅)ရာခိုင်နှုန်းခန့်ကို ရေကျောက်ရောဂါအလယ်အလတ်အဆင့်မဖြစ်ပွားအောင် ကာကွယ်နိုင်ပြီး (၁၀ဝ)ရာခိုင်နှုန်းကို ပြင်းထန်သောရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း နှစ်ကြိမ်ထိုးပေးပါက ပို၍အကျိုးသက်ရောက်မှုရှိသည်။ ခုခံအားအပြည့်အဝမရသေးသူများသည် ရေကျောက်ရောဂါရှိသူနှင့် ထိတွေ့မှုရှိပြီး (၅)ရက်အတွင်း ဤကာကွယ်ဆေးထိုးလျှင် ရေကျောက်ရောဂါမကူးစက်အောင် ကာကွယ်နိုင်သည်။ လူထုတစ်ရပ်အတွင်းရှိ လူအများစုကို ဤကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်ဆေးမထိုးထားသော လူများကိုပါ ကာကွယ်မှုပေးနိုင်သည်။ ဤကာကွယ်ဆေးကို အရေပြားအောက်သို့ ထိုးနှံရသည်။[၂]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ (၈၀)ရာခိုင်နှုန်းအထက်လူများကို ရေကျောက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှသာ ပုံမှန်ထိုးသင့်သောကာကွယ်ဆေးများစာရင်းထဲသို့ထည့်သင့်သည်။ အကယ်၍ (၂၀-၈၀)ရာခိုင်နှုန်းခန့်လူများကိုသာ ကာကွယ်ဆေးထိုးပေးပါက လူများအသက်ကြီးလာသည့်အခါ ရောဂါကူးစက်ခံရနိုင်ပြီး ပို၍ဆိုးရွားသော ရလဒ်များ ဖြစ်ပွားလာမည်ဖြစ်သည်။ ဤကာကွယ်ဆေးကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပေးနိုင်သည်။[၂] အမေရိကန်နိုင်ငံတွင် ဤကာကွယ်ဆေးကို နှစ်ကြိမ်ပေးရန် အကြံပြုထားပြီး ကလေးများအသက်(၁၂-၁၅)လအတွင်းတွင် ပထမအကြိမ်ပေးသည်။[၁] (၂၀၁၂)ခုနှစ်တွင် ဥရောပနိုင်ငံအများစုတွင် ကလေးအားလုံး သို့မဟုတ် ရောဂါကူးစက်နိုင်ခြေရှိသော ကလေးများကိုသာ ပေးသော်လည်း[၃] ဤကာကွယ်ဆေး၏ ကုန်ကျမှုများသောကြောင့် နိုင်ငံတိုင်းတွင် မပေးနိုင်ပါ။[၄]

ရေကျောက်ရောဂါကာကွယ်ဆေးသည် အလွန်စိတ်ချရသောဆေးဖြစ်ပြီး ဆေးထိုးသည့်နေရာတွင် အနည်းငယ်နာကျဉ်ခြင်း၊ ကိုယ်ပူခြင်း၊ ယားယံ၍အင်ပြင်ထွက်ခြင်းစသော ဘေးထွက်ဆိုးကျိုးများသာ ဖြစ်တတ်သည်။[၁] ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိဘဲ ကိုယ်ခံအားကျဆင်းနေသူများတွင်သာ ဖြစ်လေ့ရှိသည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများတွင် ပေးမည်ဆိုပါက အထူးသတိထား၍ ပေးသင့်သည်။.[၂] ကိုယ်ဝန်ဆောင်နေသူများတွင် မပေးသင့်သော်လည်း ယခင်က ကိုယ်ဝန်ဆောင်နေသူများကို အကြိမ်အနည်းငယ်ပေးခဲ့ရာတွင် ပြဿနာဖြစ်ပေါ်ခြင်းမရှိခဲ့ပါ။[၁][၂] ဤကာကွယ်ဆေးကို သီးသန့်ဆေး သို့မဟုတ် အမ်အမ်အာ(MMR)ဆေးအနေဖြင့်လည်း ရရှိနိုင်သည်။[၂] ဤကာကွယ်ဆေးကို အသက်ရှိသေးသော်လည်း အားပျော့သည့် ဗိုင်းရပ်စ်ရောဂါပိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။[၁]

(၁၉၈၄)ခုနှစ်တွင် ရေကျောက်ရောဂါကာကွယ်ဆေးကို ပထမဆုံးဈေးကွက်တွင် ရရှိနိုင်ခဲ့သည်။[၂] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] ဤကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် (၁၀ဝ-၂၀ဝ) ဒေါ်လာခန့်ပေးရသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]