မာတိကာသို့ ခုန်သွားရန်

ဉာဏ်သစ် အရေးတော်ပုံ

ဝီကီပီးဒီးယား မှ
(ရီနေဆွန်းခေတ် မှ ပြန်ညွှန်းထားသည်)

၁၄ ရာစုနှစ်အတွင်း အီတလီနိုင်ငံ၌ စတင်၍ ဥရောပတဝိုက် ပျံ့နှံ့ကာ ၁၅ရာစုအတွင်းလည်း ဆက်လက် ထွန်းကားသွားသော ဉာဏ်သစ်အရေးတော်ပုံ (သို့) ဉာဏ်တဖန်မွေး ခေတ် (အင်္ဂလိပ်: Renaissance)ဟူသည်မှာ - (ရှေးဂရိ မြို့ပြနိုင်ငံများ၊ ရှေးရောမ လူ့အဖွဲ့အစည်း စသည့်) ရှေးခေတ်ဥရောပလောက (European Antiquity) ထံမှ အသိဉာဏ်စများသဖွယ် ဒဿနိကဆိုင်ရာ အတွေးအခေါ် စနစ်တကျများ၊ သိပ္ပံ၏ ဇာစ်မြစ် အတွေးအမြင်များ၊ စာပေ နှင့် ဂီတ ကဲ့သို့သော အနုပညာ အတွေးစုများ စသည်တို့ကို ဥရောပ ကြားခေတ်မျောကာလကြီး အပြီး၌ ပြန်လည်တွေ့ရှိ တန်ဖိုးထားမိကြရာမှ လူသားဗဟိုပြု ဝါဒ (humanism) အားပြုလျက် အရာရာကို ပြန်လည်ဆန်းစစ် လေ့လာကြသည့် လှုပ်ရှားမှုများကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်တော့၏။

ခုနှစ် ၁၃၀၀ ကျော်မှ ၁၅၀၀ ခန့်အထိဟု အကြမ်းဖျင်း ခြုံငုံသတ်မှတ်ကြည့်နိုင်သော ဤ ဉာဏ်သစ် အရေးတော်ပုံကာလကြီးပြီးလျှင် ဥရောပအဖို့ ဥရောပ ကမ္ဘာ့ခြေဆန့်ခေတ် ဖြစ်ပေါ်၏။

အမည် စကားလုံးအနက်မှန်များ | Etymology[ပြင်ဆင်ရန်]

ဉာဏ်တဖန်မွေးခေတ်ကို အင်္ဂလိပ်ဘာသာစကားRenaissance ဟု ခေါ်ခြင်းသည် ပြင်သစ်စကားမှ မွေးစားထားခြင်း ဖြစ်၏။ "အဟောင်း ကို ဖယ်ရှား၍၊ အသစ်ကို တည်ဆောက်ခြင်း" ဟူသည်မျိုး ဆိုလိုသည်။

ဥရောပသမိုင်းကြောင်း အတွင်း[ပြင်ဆင်ရန်]

၁၉ ရာစုနှစ်စာပေပညာရှင်တို့က အထက်ပါအတိုင်း ခေတ်သဘောကိုအကဲဖြတ်ခဲ့ရာ၊ ၂ဝ ရာစုနှစ်စာပေ ပညာရှင် တို့က တစ်ဖန် ထိုအကဲဖြတ်ချက်ကို ပြန်၍ဝေဖန်သုံးသပ်ကြည့်ကြပြန်သည်။ အကြမ်းအားဖြင့် ရောမနိုင်ငံကြီး ပြိုကွဲအားပျက်သည့် ခုနှစ် ၅၀၀ ဝန်းကျင်ခန့်မှ စ၍ ဤ ဉာဏ်သစ် အရေးတော်ပုံမတိုင်ခင်အထိ ကြားကာလ (အနည်းဆုံး အနှစ် ၈၀၀ ခန့်) ကို ဥရောပ ကြားခေတ်မျောကြီး (Medieval Era) ဟုခေါ်သည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က ထိုခေတ်ကို 'အမှောင်ခေတ်များ' ဟု ယူဆခဲ့ကြသည်။ ၂ဝ ရာစုနှစ်စာပေပညာရှင်တို့ကမူ ထိုခေတ်များသည်သည် "အသိပညာ တိမ်ကောလှသော အမှောင်ခေတ်" ဟု မဆိုသာ၊ အကယ်၍ အမှောင်ခေတ်သတ်သတ် ဟု ဆိုရပါလျှင်၊ ကြားခေတ်မျောကြီး၌ ထုံးဓလေ့အခြေခံတို့သည် အဘယ်နည်းဖြင့် ဤသို့ ထွန်းကားလာရပါသနည်းဟူ၍ စောဒက တက်လာကြသည်။ ထို့ကြောင့် ဤဉာဏ်သစ် အရေးတော်ပုံသည် ကြားခေတ်မျောကြီး၏ ထုံးဓလေ့နှင့် ယဉ်ကျေးမှု အဆောက်အအုံပေါ်တွင် အခြေပြုကာ၊ နှောင်းခေတ်ယဉ်ကျေး မှုတို့ တစ်ဆင့်ထက်တစ်ဆင့် အသစ်အသစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်း တစ်ဆင့် တစ်ကာလ ဟု ဆိုကြသည်လည်း ရှိ၏။ ရီနေးဆန့်စ် (သို့) ရက်နဆန့်စ် ဟူသော စကားသည် အသိဉာဏ်ဆိတ်သုဉ်းသော ခေတ်ကိုလွန်၍၊ ဉာဏ်သစ် ပညာသစ် ထွန်းကားလာသည် ဟူသော အဓိပ္ပာယ်ကို ဆောင်သည်ထက်၊ အသိဉာဏ်ပညာတို့သည် ရှေးဟောင်းထုံးဓလေ့တို့ကို ပြန်လည်မွေးဖွားစေသည် အဓိပ္ပာယ်ကိုသာဆောင်အပ်သည်ဟု ယူဆလာ ကြကုန်သည်။

အစပျိုးခြင်း (၁၃၀၀-ကျော် ခုနှစ်များ)[ပြင်ဆင်ရန်]

ထိုကြောင့် မျက်မှောက်ခေတ် ပညာရှင်တို့၏ အလိုအားဖြင့် ဉာဏ်တဖန်မွေးခေတ်၏ သဘောအကျဉ်းချုပ်ကား၊ ရှေးဟောင်း ထုံးဓလေ့ (antique culture) တို့ကို စူးစမ်းရှာဖွေလေ့လာပြီးလျှင်၊ ယင်းတို့ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေသော သဘောဖြစ်လေသည်။ ဥရောပ ကြားခေတ်မျောကြီး (Medieval Era) ၏ လူမှုရေးရာတို့သည် ကံကြွေးချစနစ်အရ ပေါ်ပေါက်လာသော လူမှုရေးရာတို့ ဖြစ်သည်။ ကံကြွေးချစနစ် ကာလများတွင် တိုင်းကားပြည်ရွာတို့ကို မထူထောင်နိုင်သေးမီ၊ လူတို့သည် မြို့စားရွာစားတို့၏ နယ်ပယ်များတွင် မိမိတို့လူမျိုးစုနှင့် မိမိသီးခြားနေထိုင်လေ့ရှိကြသည်။ ထိုခေတ်လူမှု ဆက်ဆံရေးစနစ်သည် မြို့စားရွာစားတို့နေထိုင်ရာ ဗြဲတိုက်နှင့် သာသနာရေး ဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့နေထိုင်ရာ နန်းတမျှ ကျောင်းအိမ်တို့ကို အဓိကပြုရသည်။
ထိုစဉ်က လူမှုရေးသည် ရှုပ်ထွေးမြားမြောင်ခြင်းမရှိ၊ ဘာသာ အယူဝါဒ၏ အဆုံးအမ၌သာလျှင် တည်နေကြလေရာ၊ လူတို့ သည် မိမိတို့ရပ်တည်ရာ လောကအခြင်းအရာကို သတိမူဘဲ၊ ကောင်းကင်ဘုံကိုသာလျှင် ရည်စူးကြကုန်သည်။ ဉာဏ်တဖန်မွေးခေတ် ပေါ်ပေါက်လာသောအခါ၌မူကား လူတို့သည် ဘာသာ အယူဝါဒအရေးထက် လောကီအရေးတို့ကို ပိုမို စိတ်ညွတ်လာကြသည်။ လောကီ၊ လောကုတ္တရာနှစ်ဖြာရှိသည်တွင်၊ ရှေးက လောကုတ္တရာဖက်သို့ စိတ်ညွတ်ခဲ့ကြသော်လည်း၊ ယခုအခါ လောကီဘက် သို့စိတ်ညွတ်လာကြသည်။ ထိုကြောင့် လောကပတ် ဝန်းကျင်ကို လက်တွေ့ဆင်ခြင် သုံးသပ်လာကြသည်။ လူသည် ထာဝရဘုရားသခင်ကိုသာ မူလက ဆည်းကပ်ခဲ့ရာမှ၊ ယခုအခါ လူလျှင်လူချင်း ပိုမိုချဉ်းကပ်လာပြီးလျှင်၊ လောက၏တိုးတက်မှုကို ကြံဆောင်လာကြသည်။ ဤ၌ ဥရောပတိုက်သား တို့သည် ခရစ်တော်၏ သာသနာအယူဝါဒကို ပစ်ပယ်သည်ဟုမမှတ်ရာ၊ သာသနာရေးဆိုင်ရာ အယူဝါဒနှင့် အခြား ရှေးရိုး အစဉ်အလာ အယူဝါဒတို့ကို လောက၏ဖြစ်စဉ်နှင့် နှိုင်းကြည့်ခြင်းကို ဆိုလိုပေသည်။ ဤသို့ လောကုတ္တရာအရေးကို လိုက် စားခဲ့ရာမှ၊ လောကီအရေးကို လိုက်စားလာကြသည့်အခြင်းအရာကို ဥရောပသမိုင်းအလိုအရ လောကတ္ထစရိယလမ်းစဉ်ဟုခေါ်ဆို ကြသည်။ အလယ်ခေတ်မှ လွန်သည်ရှိသော်၊ မြို့စားရွာစားနယ်ပယ်တို့သည် နိုင်ငံရေးအရ ပူးပေါင်းလာကြပြီးလျှင်၊ တိုင်း ပြည်နိုင်ငံများဖြစ်ပေါ်လာသည်။ ရှေးက မိမိအစုနှင့်မိမိ သီးခြားနေထိုင်ခဲ့သော သူတို့သည် ယခုအခါ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးမှုတို့ကြောင့်၊ တစ်ဦးနှင့် တစ်ဦး ကူးလူးဆက်ဆံလာကြလေရကား၊ အသိဉာဏ်ပညာ ဗဟုသုတတို့သည် ဖွံ့ဖြိုးတိုးတက်လာကြကုန်သည်။ မူလက နိုင်ငံရေးအာဏာသည် သာသနာရေးအဖွဲ့အစည်းတို့၏ လက်တွင် အချုပ်အချာအားဖြင့် တည်ရှိခဲ့ရာ၊ ယခုမှာမူ ထိုနိုင်ငံရေးအာဏာသည် ရေမြေစိုးပိုင်သူတို့၏ လက်ထဲသို့ သာသနာရေးကိစ္စမှတစ်ပါး အားလုံးလိုလိုပင် ကူးပြောင်း လာခဲ့သည်။ ဤအခြေတွင် လူတို့သည် သာသနာရေးဆိုင်ရာ အယူဝါဒတို့၌ပင်လျှင် စူးစမ်းဆင်ခြင်သောအားဖြင့် စစ်ဆေးသမှုပြုလာကြသည်။ ထိုကြောင့်လည်း ခရစ်ယာန်သာသနာအရေးပုံဟူ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခေတ်ပြောင်းလာသည်တွင်၊ လူတို့သည် ခေတ်နှင့်လျော်သော လူနေမှုစနစ်တစ်ရပ်ကို ရှေးဟောင်း စံပြစာပေနှင့် အနုပညာ ထုံးဓလေ့တို့တွင် စူးစမ်းရှာဖွေလာကြသည်။ ဤတွင် ဂရိနှင့်ရောမ ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့၌ မိမိတို့လိုရာကို တွေ့ရှိလာကြသည်။ ထိုကြောင့် ထိုခေတ် တွင် အထက်ကပြဆိုခဲ့သော လောကတ္ထစရိယလမ်းစဉ် ထွန်းကားလာသည့်အပြင်၊ ရှေးဟောင်းစာပေ လေ့လာခြင်းသည်လည်း ခေတ်၏သဘောဖြစ်လာလေသည်။ ရီနေဆန်းခေတ်မတိုင်းမီက ဥရောပတိုက်ရှိ တိုင်းပြည်တို့ သည် လက်တင်ဘာသာဖြင့်ရေးသားသော စာပေကိုမှ စာပေမြောက်သည်ဟု ယူဆကြသည်။ ထိုကြောင့် စာပေပြုစုရာ၌ တိုင်းရင်းဘာသာဖြင့် မပြုစုဘဲ၊ လက်တင်ဘာသာဖြင့်သာ ပြုစုလေ့ရှိသည်။ အီတာလျံလူမျိုး ကဗျာဆရာကြီး ဒန်တီ (ခရစ် ၁၂၆၅-၁၃၂၁)သည် 'ဒီဗိုင်းကော်မီဒီ' လင်္ကာကို အီတာလျံဘာသာဖြင့် စီကုံးရေးသားလေသည်။ ဤအတွက်ကြောင့် ဒန်တီကို ဉာဏ်တဖန်မွေးခေတ်၏ ရှေ့ပြေးပုဂ္ဂိုလ် ဟုခေါ်ဆိုကြသည်။

စာပေသို့လည်း ပျံ့နှံ့လာ (၁၄၀၀-ကျော် ခုနှစ်များ)[ပြင်ဆင်ရန်]

သို့ရာတွင် စာပေလောက၌ ဉာဏ်သစ်အရေးပုံကို စတင်ခဲ့သူကား ပီးထရတ် (ခရစ် ၁၃ဝ၄-၇၄)ဖြစ်သည်ဟု စာပေပညာရှင်တို့က ဆိုကြသည်။ ပီးထရတ်သည် ကွန်စတန်တီနိုပယ်မြို့မှ ပြန့်ပွားလာ သော ဂရိနှင့်ရောမ စံပြစာပေတို့၏ အဖွဲ့အနွဲ့နှင့် အတွေးအခေါ်တို့ကို ကောင်းစွာ လေ့လာခဲ့သူဖြစ်သည့်အလျောက်၊ မိမိကိုယ်တိုင် အီတာလျံဘာသာဖြင့် ကဗျာလင်္ကာတို့ကို စပ်ဆိုသည်တွင်၊ ဂရိနှင့်ရောမစံပြစာပေတို့၏ သဘောတရားသည် အသစ်တစ်ဖန် ပြန်လည် ထွန်းကားလာလေသည်။ ပီးထရတ်နှင့် ပီးထရတ်၏ နမူနာကို ယူသော အဖော်အပေါင်းတို့သည် ပတ်ဝန်းကျင်လူ့ လောက၏အကျိုးကို ဆောင်သောသဘောရှိသည့် စာပေတို့ကို ရေးသားပြုစုကြသဖြင့်၊ နှောင်းလူတို့က ယင်းတို့ကို လောကတ္ထစရိယလမ်းစဉ်ချမှတ်သူများဟူ၍ အသိအမှတ်ပြုကြသည်။ ထိုပုဂ္ဂိုလ်တို့သည် ရှေးဟောင်း စံပြစာပေတို့ကို အခြေပြု၍၊ စာပေသစ်ကို ဖန်တီးကြသည်။ ဤသို့လျှင် အီတလီနိုင်ငံ၌ ဉာဏ်သစ် အရေးတော်ပုံသည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ခရစ် ၁၄၅၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့သည် တူရကီလူမျိုးတို့၏ လက်ထဲသို့ကျရောက်လေသည်။ ထိုအခါ များစွာကုန် သော ဂရိပညာရှိတို့သည်အီတလီ နိုင်ငံသို့ ဝင်ရောက်ခိုလှုံကြ ပြီးလျှင်၊ ဂရိဘာသာ စာပေတို့ကို သင်ကြားပို့ချကြလေသည်။

ဤအချက်ကြောင့် ရှေးဟောင်း စံပြစာပေကို လေ့လာသောဓလေ့ သည် ပိုမိုပြန့်ပွားလာပြန်သည်။ ခရစ် ၁၄၅ဝ ပြည့်နှစ်တွင် ခေတ်မီ စာပုံနှိပ်စက် ပေါ်လာသည်။ ထိုနှစ်၌ပင်လျှင် အီရက်ဇမပ်အမည် ရှိ ပညာရှင်တစ်ဦးထွန်းကားသည်။ ထိုပညာရှင်သည် ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဂျာမနီစသော တိုင်းပြည်တို့တွင် ဂရိနှင့် လက်တင်စာပေပြန့်ပွားအောင် သင်ကြားပို့ချပေးခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် အီရက်ဇမပ်သည် ဂရိဘာသာဖြင့် ဓမ္မသစ်ကျမ်းစာကို တည်းဖြတ် သုတ်သင်သည်။ ခေတ်မီ စာပုံနှိပ်စက်များကြောင့် ထိုဓမ္မသစ်ကျမ်းသည် လူအများထံသို့ ပျံ့နှံ့နိုင်လာသည်။ သမ္မာကျမ်းစာကို လူအများစနစ်တကျသိရှိ တတ်ကျွမ်းအောင် ဖန်တီးပေးသောအချက် ဖြစ်လေသည်။ အထက်ပါ အကြောင်းတို့ကြောင့်လည်း ဉာဏ်တဖန်မွေး အရေးတော်ပုံသည် အီတလီနိုင်ငံမှ ဥရောပရှိ အရပ်ရပ်တို့သို့ ပျံနှံ့အား ပိုကောင်းသွားရပြန်သည်။

ပျံ့နှံ့ခေတ်စားမှု အထွတ်အထိပ် (၁၅၀၀ တဝိုက်)[ပြင်ဆင်ရန်]

စာပေ ဖွံ့ဖြိုးတိုးတက်သည့် နည်းတူ ပန်းချီပန်းပုဗိသုကာအတတ် စသော အနုပညာတို့သည်လည်း တသွင်ဆန်း ဖွံ့ဖြိုးလာလေသည်။ ၁၅ ရာစုနှစ်နှင့် ၁၆ ရာစုနှစ်အကြားတွင် ရက်ဖီအယ်လီယိုနာဒို ဒါဗင်းချိမိုက်ကယ်အန် ဂျလိုတစ်ရှန်တို့၏ ပန်းချီလက်ရာတို့သည် ဉာဏ်တဖန်မွေးခေတ် ထိပ်ဆုံး (prime)သို့ ရောက်ခဲ့မှုကို ညွှန်ပြလေသည်။ ဖလန်းဒါး၊ ဟော်လန်၊ ဂျာမနီနိုင်ငံတို့တွင် ဗန်အိုက်၊ ဒူရာဟောလဗိုင်းစသော ပန်းချီ ပညာရှင်တို့သည် သူတို့နှင့်ဆိုင်ရာ တိုင်းပြည်တွင် ဉာဏ်သစ် အရေးပုံကို တည်ထောင်ခဲ့ကြသည်။

အသစ်တည်ထောင်သော သဘောတို့ကိုပြရလျှင်၊ ပြင်သစ်နိုင်ငံတွင် ရက်ဗီလေး အက်(ဖ)၊ ( ရက်ဗီလေး အက်(ဖ)။) စပိန်နိုင်ငံတွင် သာဗင်တေး၊ အင်္ဂလန်ပြည် တွင် ရှိတ်စပီးယားဟူသော ပုဂ္ဂိုလ်တို့၏ အရေးအသားကို ပြရမည် ဖြစ်၏။ သိပ္ပံပညာရပ်တို့၌ အသိဉာဏ်ဆန်းသစ်ထွန်းကားလာပုံကို မူကား ကော့ပါးနီကပ်ဗိဆေးလိယပ်ဂယ်လီလေအိုဟူသော ပညာရှင်တို့၏ ရှာဖွေစမ်းသပ်ချက်တို့၌ တွေ့မြင်နိုင်သည်။ ဒီးအတ်၊ ဗတ်ရှကူးသဂါမ၊ ကိုလံဗပ်၊ မဂျဲလန်စသော ခရီးသည် တို့၏ စူးစမ်းရှာဖွေမှုတို့သည်လည်း ဉာဏ်သစ်အရေးပုံတည်ဆောက်ရာ၌ အကျုံးဝင်လေသည်။ ဥရောပသမိုင်း အလိုအားဖြင့်၊ ထိုဉာဏ်သစ်အရေးပုံသည် အင်္ဂလန်ပြည် အယ်လစ်ဇဗက်ဘုရင်မကွယ်လွန်သော ၁၆ဝ၃ ခုနှစ်မှ လွန်လေသော် ခေတ်ကုန်ခြင်းသို့ရောက်သည်ဟု ဆိုသည်။ စင်စစ်၊ ဉာဏ်သစ်အရေးပုံသည် အသိဉာဏ် ထွန်းကားသောခေတ်သို့ ရောက်ပြီးလျှင်၊ ပြင်သစ်တော်လှန်ရေးခေတ်သို့ ရှေးရှုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)