ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး

ဝီကီပီးဒီးယား မှ

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး (အင်္ဂလိပ်: Rotavirus vaccine) သည် ရိုတာဗိုင်းရပ်စ်ပိုး(rotavirus)ကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ကလေးငယ်များတွင်ဖြစ်သော ပြင်းထန်သည့်ဝမ်းလျှောရောဂါသည် အများအားဖြင့် ဤဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။[၁] ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြင်းထန်သည့်ဝမ်းလျှောရောဂါ မဖြစ်အောင် (၁၅-၃၄)ရာခိုင်နှုန်းခန့်နှင့် ဖွံဖြိုးပြီးနိုင်ငံများတွင် (၃၇-၉၆)ရာခိုင်နှုန်းခန့်အထိ ကာကွယ်ပေးနိုင်သည်။[၂] ဤကာကွယ်ဆေးများသည် ဝမ်းလျှောရောဂါကြောင့် ကလေးငယ်များ အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ခြေရှိသည်။[၁] ဤကာကွယ်ဆေးအထိုးခံခဲ့ဖူးသော မွေးကင်းစကလေးငယ်များမှာ လူကြီးများနှင့် ကာကွယ်ဆေးအထိုးမခံဖူးသောလူများထက် ဝမ်းလျှောရောဂါဖြစ်ပွားမှု နည်းပါးလာကြောင်း တွေ့ရှိရသည်။[၃]

ဝမ်းလျှောရောဂါအဖြစ်များသည့်နေရာများတွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးအဖြစ်သတ်မှတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ဤကာကွယ်ဆေးထိုးခြင်းနှင့်အတူ မိခင်နို့တိုက်ကျွေးခြင်း၊ လက်ဆေးခြင်း၊ သန့်ရှင်းသောရေကို အသုံးပြုခြင်း၊ ကောင်းမွန်သော မိလ္လာစနစ်ကိုအသုံးပြုရန် စသောဆောင်ရွက်ချက်များပါ ပူးတွဲလုပ်ဆောင်ရမည်ဖြစ်သည်။ ဤကာကွယ်ဆေးကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပါးစပ်မှ တိုက်ကျွေးရသည်။ ပထမဆုံးအကြိမ်ကို ကလေးအသက်(၆)ပတ်တွင် စတင်တိုက်ကျွေးရသည်။ [၁]

ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးသည် စိတ်ချရသောဆေးဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများကိုပါ ပေးနိုင်သည်။ ယခင်ထုတ်လုပ်သော ကာကွယ်ဆေးအမျိုးအစားများသည် အူကျွံခြင်း (intussusception)ကို ဖြစ်စေနိုင်သော်လည်း ယခုအသုံးပြုနေသော ဆေးများတွင် တွေ့ရလေ့မရှိပါ။ သို့သော်လည်း ဖြစ်နိုင်ခြေရှိသောကြောင့် အူကျွံနေသော မွေးကင်းစကလေးများတွင် ပေးရန်မသင့်ပါ။ ဤကာကွယ်ဆေးများကို အသက်ရှိသော်လည်း အားပျော့သည့်ရောဂါပိုးဖြင့် ပြုလုပ်ထားသည်။[၁]

ပထမဆုံး ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို (၂၀ဝ၆)ခုနှစ်၌ အမေရိကန်နိုင်ငံတွင် စတင်ရရှိခဲ့သည်။[၄] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] (၂၀၁၄)ခုနှစ် ဆေးတစ်လုံး၏ လက်ကားဈေးမှာ (၆.၉၆-၂၀.၆၆)ဒေါ်လာခန့်ဖြစ်သည်။[၆] အမေရိကန်နိုင်ငံတွင် ဒေါ်လာ(၂၀ဝ)ကျော်ခန့်ပေးရသည်။[၇] (၂၀၁၃)ခုနှစ်တွင် ကမ္ဘာတလွှမ်း၌ ရိုတာရစ်(Rotarix) နှင့် ရိုတာတက်(RotaTeq)ဟုခေါ်သော ကာကွယ်ဆေးအမျိုးအစား(၂)မျိုး ရရှိနိုင်ပြီး အချို့နိုင်ငံများတွင် အခြားအမျိုးအစားများပါ ရရှိနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ "Rotavirus vaccines. WHO position paper – January 2013." (1 February 2013). Releve epidemiologique hebdomadaire / Section d'hygiene du Secretariat de la Societe des Nations = Weekly epidemiological record / Health Section of the Secretariat of the League of Nations 88 (5): 49-64. PMID 23424730. 
  2. "Vaccines for preventing rotavirus diarrhoea: vaccines in use" (2012). Cochrane Database Syst Rev 11: CD008521. doi:10.1002/14651858.CD008521.pub3. PMID 23152260. 
  3. Patel MM, Steele D, Gentsch JR, Wecker J, Glass RI, Parashar UD (January 2011). "Real-world impact of rotavirus vaccination". Pediatr. Infect. Dis. J. 30 (1 Suppl): S1–5. doi:10.1097/INF.0b013e3181fefa1f. PMID 21183833. 
  4. Rotavirus Vaccine Live Oral။ The American Society of Health-System Pharmacists။ Dec 14, 2015 တွင် ပြန်စစ်ပြီး။
  5. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  6. Vaccine, Rotavirus။ 6 December 2015 တွင် ပြန်စစ်ပြီး။
  7. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 317။ ISBN 9781284057560