ရာဓ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အရှင်ရာဓထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက် လောက၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သည်။ ထိုဘုရား ရှင်လက်ထက်တွင် ဟံသာဝတီမင်းနေပြည်တော်၌ အရှင်ရာဓလောင်းလျာသည် အမျိုးသားကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်နေ့တွင် မြတ်ဗုဒ္ဓသည် ရဟန်းတစ်ပါးအား ဒေသနာဉာဏ်များ တိုးပွားလာအောင် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဧတဒဂ်ရာထူးကို ပေးအပ်သည့်အခါ ထိုအမျိုးကောင်းသည် ဤရဟန်းကဲ့သို့ ပဋိဘာနေယျက= မြတ်စွာဘုရား၏ တရားဟောဆိုကြောင်း ဓမ္မဒေသနာ ပဋိဘာန်ဉာဏ်အသစ်သစ်ကို ဖြစ်စေသောအရာ၌ ဧတဒဂ်ရာ ထူးဆုကို ရရှိရန် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ဆုပန်ခဲ့သူဖြစ်သည်။

ဝိပဿီဘုရားရှင်လက်ထက်တွင်လည်း လူ့အဖြစ်သို့ ရရှိခဲ့ပြီး ဆွမ်းခံကြွလာသည့် ဝိပဿီဘုရားရှင်အား သရက်သီးမှည့်များကို လှူဒါန်းခွင့် ရရှိခဲ့သူဖြစ်သည်။ ထိုကုသိုလ်ကောင်းမှုများကြောင့် လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ခဲ့ပြီး ဘ၀အဆက်ဆက်တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ရာဓထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ဂေါတမဘုရားရှင်လက်ထက်တွင် ရာဇဂြိုဟ်ပြည်၌ ပုဏ္ဏားမျိုးတွင် မွေးဖွားလာခဲ့ပြီး ရာဓဟု အမည်ရသည်။ အရွယ်ရောက်သော် မိမိ၏ပုဏ္ဏားမျိုးမှ အမျိုးသမီးနှင့် အိမ်ထောင်ကျသည်။ အသက် အရွယ်ကြီးရင့်လာ၍ အလုပ်မလုပ်နိုင်တော့သည့်အချိန် အိမ်သူအိမ်သားများ၏ ငြိုငြင်မှုကို ခံလာရကာ ခိုကိုးရမဲ့အခြေအနေသို့ ရောက်ရှိသွားသည်။ သို့အတွက် ဝေဠုဝန်ကျောင်းတော်ကြီးတွင် သံဃော့ဝေယျာဝစ္စလုပ်လျက် ဆွမ်းကျန် ကွမ်းကျန်လေးများဖြင့် အသက်မွေးခဲ့သည်။

ကျောင်းတိုက်ရှိ သံဃာတော်များထံသို့ တစ်ပါးစီ တစ်ပါးစီထံ ဝင်ထွက်သွားလာလျက် သူ့အား ရဟန်းပြု ပေးဖို့ တောင်းပန်သော်လည်း သူ့အား ရဟန်းပြုပေးမည့် ရဟန်းတစ်ပါးမျှ မရှိခဲ့ပေ။ ထို့ကြောင့် ပုဏ္ဏားကြီးသည် စိတ်ဆင်းရဲမှုများ ပိုမိုဖြစ်ကာ အိုမင်းရင့်ရော်လာသည်။

တစ်ရက် မြတ်ဗုဒ္ဓသည် ဝေဠုဝန်ကျောင်းထဲတွင် လှည့်လည်သွားလာနေသည့် ထိုရာဓပုဏ္ဏားအိုကြီးအား တွေ့လိုက်ရသည်။ ထိုပုဏ္ဏားအိုကြီး၏ ရှေးရှေးသောဘဝများက ပြုလုပ်ခဲ့ဖူးသော ကောင်းမှုများနှင့် ပြည့်စုံသူဖြစ် နေသည်ကို သိရသဖြင့် ရဟန်းများ စုဝေးစေသည်။ မြတ်ဗုဒ္ဓသည် ရဟန်းများအား ထိုပုဏ္ဏားအိုကြီး၏ ပြုခဲ့ဖူးသော ကျေးဇူးတရားကို သိရှိသော ရဟန်းသည် သူ့အား ရဟန်းခံပေးရန် တိုက်တွန်းစကား ဆိုသည်။ ထိုစဉ် အရှင်သာရိပုတ္တရာသည် ပုဏ္ဏားကြီးအား မိမိရဟန်း ပြုပေးမည့်အကြောင်း လျှောက်ထားသည်။ ထိုပုဏ္ဏားကြီးသည် မိမိအား တစ်ခါက ဆွမ်းတစ်ဇွန်းမျှ လောင်းခဲ့ဖူးသည့် ကျေးဇူးရှိသူဖြစ်ကြောင်း လျှောက်ထားသည်။ မြတ်ဗုဒ္ဓသည် ဆွမ်းတစ်ဇွန်းမျှလောင်းခဲ့ဖူးသော ထိုကျေးဇူးကို သိသည့် အရှင်သာရိပုတ္တရာအား သာဓုခေါ်ပြီး ရဟန်းပြုပေးရန် မိန့်ကြားတော်မူသည်။

အရှင်သာရိပုတ္တရာသည် ရာဓအား ရဟန်းခံပေးရာ၌ မည်ကဲ့သို့ ရဟန်းခံပေးရမည်ကို မြတ်ဗုဒ္ဓအား မေးမြန်းလျှောက် ထားသည်။ ရာဓအား ရဟန်းမခံချိန်အထိ သာသနာတော်၌ ဧဟိဘိက္ခုခေါ်၍ ရဟန်းဖြစ်လာသူ၊ ဩ၀ါဒခံယူခြင်းဖြင့် ရဟန်းဖြစ်လာသူ၊ သရဏဂုံဖြင့် ရဟန်းဖြစ်လာသူတို့သာ ရှိသည်။ မြတ်ဗုဒ္ဓသည် သရဏဂုံဖြင့် ရဟန်းခံပေးခြင်းကိစ္စကို ပယ်ဖျက်ကာ ဥတ္တိစတုတ္ထကမ္မဝါစာဖြင့်သာ ရဟန်းပြုပေးရန် မိန့်တော်မူလိုက်သည်။ ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မိမိရဟန်းခံပေးလိုက်သည့် ဦးဇင်းကြီးကို ဆင်းရဲသော တောရွာလေး တစ်ရွာသို့ ခေါ်သွားခဲ့သည်။ သို့သော် အရှင်သာရိပုတ္တရာသည် မိမိကိုယ်တိုင်က လက်ျာတော်ရံအဂ္ဂသာဝက ဖြစ်သည့်အားလျော်စွာလည်းကောင်း၊ ဝါအစဉ် အရလည်း ကြီးရင့်သူဖြစ်သည့်အတွက်လည်းကောင်း နေရာထိုင်ခင်း၊ ဆွမ်းကွမ်းကိစ္စတို့၌ ဦးစားမှုပေးမှု ခံရသည်။ သို့အတွက် အရှင်မြတ်အား ကောင်းသည့်နေရာထိုင်ခင်း၊ ဆွမ်းကွမ်းကိစ္စများကို ဦးစားပေးကြသည်။ အရှင်မြတ်သည် မိမိရရှိသည့် ထိုအခွင့်အရေးများကို ရဟန်းပြု၍ မကြာသေးသည့် တပည့်ဖြစ်သူ အရှင်ရာဓအား စွန့်ကြဲပေးကမ်းလျှက် ချီးမြှောက်တော်မူသည်။ မိမိကိုယ်တိုင်ကား ဆွမ်းခံ၍စားသည်။ အရှင်ရာဓသည် ဆွမ်းကွမ်းစသည်များ သပ္ပာယမျှတ လာသည်။ ထို့နောက် အရှင်သာရိပုတ္တရာ၏ ဆုံးမမှုကို နာယူလျက် ကမ္မဋ္ဌာန်းယူကာ ရဟန်းတရားအားထုတ်ရာ မကြာခင် ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အတိတ်ဘဝတစ်ခု၌ ဆင်ဘဝတွင် ဖြစ်ခဲ့စဉ်ကလည်း ယခုကဲ့သို့ ကျေးဇူးတရားကို သိသူဖြစ်ကြောင်း ပေါ်လွင်စေရန် အလီနစိတ္တ ဇာတ်တော်ကို ဟောတော်မူသည်။

ထို့နောက် မြတ်ဗုဒ္ဓသည် အရှင်သာရိပုတ္တရာအား ထိုရာဓမထေရ်ကဲ့သို့ ပြောဆိုဆုံးမရသည့် တပည့်များ နောက်ထပ်ရခဲ့မည်ဆိုလျှင် မည်မျှလောက်လိုချင်သနည်းဆိုပြီး မေးမြန်းတော်မူခဲ့သည်။ အရှင်သာရိပုတ္တရာသည် များစွာလိုချင်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။ ထိုရာဓမထေရ်အား သက်သေတည်၍ မြတ်ဗုဒ္ဓသည် ရဟန်းတော်များကို တရားဟောတော်မူခဲ့သည်။

နောင်တစ်ချိန်တွင် ပရိသတ်လေးပါး အလယ်၌ သာသနာတော်၌ အသက်ကြီးမှရဟန်းပြုလာသည့် အရှင်ရာဓမထေရ်အား ရဟန်းတို့ ငါဘုရားအား ဒေသနာဉာဏ်အလင်း လင်းပွင့်စေသည့်အရာ တဆင့်ပြီတဆင့် တိုးပွားလာအောင်စွမ်းဆောင်ပေးသည့်ရဟန်းတော်တို့တွင် ရာဓရဟန်းသည် အသာလွန်ဆုံး၊ အမြတ်ဆုံး ဖြစ်ပေ၏ဟု ဧတဒဂ်ဘွဲ့ထူး ချီးမြှင်အပ်နှင်းတော်မူလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ ကစ္စာယနဝဂ်
  • တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ (၂၀၁၁)။ မဟာဗုဒ္ဓဝင်(ဆဋ္ဌမတွဲ၊ ပထမပိုင်း) သာသနာရေးဦးစီးဌာန။ နှာ. ၅၇၇-၅၉၈
  • ထေရဂါထာအဋ္ဌကထာ(၃၂၁)
  • ဧကကနိပါတအဋ္ဌကထာ(၂၅၃)
  • ဓမ္မပဒအဋ္ဌကထာ(၃၄၆)
  • အပါဒါနအဋ္ဌကထာ(၂၄၃)
  • ခန္ဓဝဂ္ဂသံယုတ္တပါဠိ (၁၅၄)