ရခိုင်ပြည်နယ်ရှိ အင်တာနက်ဖြတ်တောက်မှု

ဝီကီပီးဒီးယား မှ
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိအင်တာနက်ဖြတ်တောက်ခံရသောမြို့နယ်များ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း (၈) မြို့နယ် - မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် “ဒေသတည်ငြိမ်မှုကိုထိန်းသိမ်းရန်နှင့် ဥပဒေစိုးမိုးမှုရှိစေရန်” ဟူသော အကြောင်းပြချက်ဖြင့် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တယ်လီဖုန်း ဆက်သွယ်ရေးနှင့်အင်တာနက် ဝန်ဆောင်မှု ပေးနေသော အော်ပရေတာများကို ညွှန်ကြားချက်ထုတ်ပြန်ပြီး အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက် လိုက်သည်။

၎င်းဒေသများသည် တပ်မတော် နှင့် ရက္ခိုင့်တပ်တော် တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသော ဒေသများဖြစ်ကြသည်။ [၁] ၂၀၁၉ ဇန်နဝါရီလမှ စတင်ကာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် အရပ်သားရာနှင့်ချီ သေဆုံးပြီး ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ [၂]

၂၀၂၀ စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို အင်တာနက်ထပ်မံဖြတ်တောက်ခဲ့သည်။[၃]

၂၀၂၀ မေလ (၃) ရက်နေ့တွင် မောင်တောမြို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့သည်။[၄]

၂၀၂၁ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီသည် ဖြတ်တောက်ခဲ့သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ အင်တာနက်လိုင်းများကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် နိုင်ငံတစ်ဝန်းအချိန်ပိုင်းဖြတ်တောက်မှုများ ရှိနေခဲ့သည်။[၅]

ဝေဖန်ကန့်ကွက်မှုများ[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်အတွင်း ဒေသခံ ပြည်သူများ စစ်၏ အနိဋ္ဌာရုံကို ခံစားနေကြရသည့် အချိန်တွင် အင်တာနက် လိုင်းများ ဖြတ်တောက်ခြင်းအားဖြင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနှင့် အကြမ်းဖက်ခံရမှုများကို အားပေး၊ အားမြောက်ပြုရာရောက်ကြောင်း မင်းပြားမဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ၂၀၁၉ ခုနှစ် ဇွန်လ (၂၄) ရက်နေ့က ပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးပြီး ရခိုင်ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် ဖြတ်တောက်ထားသည့် အင်တာနက်ဝန်ဆောင်မှုအား အမြန်ဆုံး ပြန်လည်သုံးစွဲခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။[၆]

၂၀၁၉ စက်တင်ဘာလ (၃၀) ရက်နေ့နေ့စွဲပါ ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်း၊မြောက်ဦး၊ကျောက်တော် နှင့်မင်းပြား မြို့နယ်တို့အား (၁၀၁) ရက်ကြာ အင်တာနက်ဖြတ်တောက်ထားမှုအား အဆုံးသတ်ရန် ကုလသမဂ္ဂ မြန်မာဌာနေကိုယ်စားလှယ်ရုံးက မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။[၇]

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် "အင်တာနက်ပြန်ဖွင့်ပေးရန် အပါအဝင် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းအား လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနှင့် ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန်" ရခိုင်ကျောင်း သားများသမဂ္ဂ (ရန်ကုန်)၊ ရခိုင် ကျောင်းသားများသမဂ္ဂ (ဒဂုံတက္က သိုလ်)၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့က ဦးဆောင်၍ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဦးဆောင်သူများဖြစ်ကြသည့် နောင်ထက်အောင်၊ အောင်ပြည့်စုံဖြိုး၊ မနှင်း၊ အေးမြတ်မွန်ကျော်၊ သုတ စိုး၊ စစ်နိုင်၊ သက်တင်အောင်၊ မြတ်ဟိန်းထွန်းနှင့် ကျော်လင်းတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ဥပဒေ ပုဒ်မ (၁၉) ဖြင့် အစိုးရက ထောင်ဒဏ် (၁) လစီ ချမှတ်ခဲ့သည်။ [၈]

ကိုးကား[ပြင်ဆင်ရန်]