ယိုဟန် ပက်ချယ်ဘဲလ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ယိုဟန် ပက်ချယ်ဘဲလ်
မွေးဖွား၁ စက်တင်ဘာ ၁၆၅၃ မတိုင်မီ
နုရင်ဘဂ် မြို့နိုင်ငံ
ကွယ်လွန်၉ မတ် ၁၇၀၆ မတိုင်မီ (အသက် ၅၂ နှစ်)
နုရင်ဘဂ် မြို့နိုင်ငံ
အိမ်ထောင်ဖက်(များ)ဘာဘရာ ဂလာဘာ (၁၆၈၃ တွင် ကွယ်လွန်)
ဂျူးဒစ် ဒရွန်းမား
သားသမီးသားခြောက်ယောက်၊ သမီးနှစ်ယောက်
ဝီလ်ဟမ် ဟီရွန်နမုစ်
အမာလီယာ
ချားလ်စ် သီအိုဒို
ယိုဟန် မိုက်ကယ် ပက်ချယ်ဘဲလ်
မိဘများ
  • ယိုဟန် (ဟန်စ်) ပက်ချယ်ဘဲလ် (ဖခင်)
  • အာနာ မာရီယာ မဲ (မိခင်)
လက်မှတ်
Johann Pachelbel Signature.svg

ယိုဟန် ပက်ချယ်ဘဲလ် (အင်္ဂလိပ်ဂျာမန်: Johann Pachelbel (ယိုဟန် ပက်ခယ်လ်ဘဲလ်)၊ လက်တင်: Johannes Pachelbelius Organista Noriberghensium) သည် ဂျာမန်‌အော်ဂန်တေးရေးဆရာနှင့် ဂီတဆရာတစ်ဦးဖြစ်ခဲ့သည်။ သူ၏ chorale prelude နှင့် ဖျုဂ် (fugue) တို့၏‌ရေးဟန်‌ကြောင့်သူ့အား ဘားရော့ (Baroque) ခေတ်၏အရေးအကြီးဆုံးတေးရေးဆရာတစ်ဦးအဖြစ်သတ်မှတ်ကြသည်။

ပက်ချယ်ဘဲလ်၏သီချင်းများသည် လူကြိုက်များ‌သော သီချင်းများဖြစ်သည်။ သူ့တွင်တပည့်များစွာရှိခဲ့ပြီး သူ၏သီချင်းများသည်ဂျာမနီနိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းမှ သီချင်းရေးစပ်သူများအတွက် စံပြဖြစ်လာသည်။ သူ၏ကျော်ကြားသောသီချင်းများမှာ "Canon in D" ၊ "Hexachordum Appollinis" နှင့် "Chaconne in f minor" စသည်တို့ဖြစ်သည်။

ကိုယ်ရေးရာဇဝင်[ပြင်ဆင်ရန်]

ယိုဟန် ပက်ချယ်ဘဲလ် သည် ၁၆၅၃ ခုနှစ် နုရင်ဘတ်ဂ်မြို့တွင် ဖခင် ဝိုင်ရောင်းသူ ယိုဟန် (ဟန်စ်) ပက်ချယ်ဘဲလ် နှင့် မိခင် အာနာ မာရီယာ မဲ (Anna Maria Mair) တို့ထံ ဖွားမြင်ခဲ့သည်။ သူသည် ငယ်စဉ်ကပင် တေးရေးဆရာအချို့ထံမှ ဂီတပညာကိုသင်ယူခဲ့သည်။ ကျောင်းဆရာတို့သည်လည်း သူ၏ဂီတစွမ်းရည်ကို မြတ်နိုးခဲ့ကြသည်။ ၁၆၆၉ ခုနှစ်တွင် အတ်ဒေါ့ဖ်တက္ကသိုလ် (University of Altdorf) တွင် ပညာသင်ကြားခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့်နှုတ်ထွက်ခဲ့ရသည်။ ၁၆၇၀ တွင် ရေးဂန်းစ်ဘတ်ဂ် (Regensburg) မြို့မှ ကဗျာသင်ကျောင်း၌ ပညာတော်သင်ကျောင်းသားအဖြစ်တက်ရောက်ခဲ့သည်။

၁၆၇၃ ခုနှစ်တွင် သူသည် ဗီယင်နာမြို့၌ ဘုရားကျောင်းအော်ဂန်ဆရာ ဖြစ်ခဲ့သည်။ ၁၆၇၇ တွင် အိုင်းဆဲနက်ရှ် (Eisenach) သို့ပြောင်းရွှေ့လာခဲ့ပြီး ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ အမြို့မြို့အနယ်နယ် သို့ပြောင်းရွေ့ခဲ့သော်လည်း သူနေထိုင်ခဲ့ရာမြို့တို့၏ဘုရားကျောင်းများသည် သူအားအလုပ်ခန့်လိုခဲ့ကြသည်။ ၁၆၇၈ ခုနှစ်တွင် အာရ်ဖတ်ထ်မြို့တွင် ဘုရားကြောင်းအော်ဂန်ဆရာဖြစ်ခဲ့သည်။ ထို့အပြင် ဘက်ရှ်မိသားစုနှင့်လည်း ပိုမိုရင်းနှီးလာခဲ့ပြီး ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ အစ်ကိုဖြစ်သူ ယိုဟန် ခရစ်စတော့ ဘက်ရှ်ကို ဂီတပညာ သင်ကြားပေးခဲ့သည်။

ပက်ချယ်ဘဲလ်သည် အာရ်ဖတ်ထ်မြို့၌ပင် နှစ်ကြိမ်စလုံး လက်ထပ်ခဲ့သည်။ ၁၆၈၁ ခုနှစ် အောက်တိုဘာ ၂၅ တွင် ဘာဘရာ ဂလာဘာ (Barbara Glaber) နှင့်လက်ထပ်ခဲ့သည်။ သို့သော် ၁၆၈၃ အောက်တိုဘာတွင် သူ၏မယားနှင့်တစ်ဦးတည်း‌သောသားတို့သည် ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြသည်။ ၁၆၈၄ ဩဂုတ်လ ၂၄ တွင် ဂျူးဒစ် ဒရွန်းမား (Judith Drommer) နှင့် ထပ်မံလက်ထပ်ခဲ့သည်။ သားငါးယောက်နှင့် သမီးနှစ်ယောက်တို့ကိုဖွားမြင်ခဲ့ရာ ဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ် နှင့် ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ် တို့သည် အော်ဂန်တေးရေးဆရာများအဖြစ် ထင်ရှားခဲ့ကြသည်။

ပက်ချယ်ဘဲလ်၏ပေးစာတစ်စောင်

အာရ်ဖတ်ထ်မြို့၌နေထိုင်ခဲ့သောကာလသည် သူ၏အအောင်မြင်ဆုံးကာလပင်ဖြစ်သည်။ သူသည် ဘဝနှောင်းပိုင်းတွင် နုရင်ဘတ်ဂ်မြို့တွင်သာ ပြန်လည်နေထိုင်ခဲ့သည်။ စတုဂတ်မြို့ နှင့် အင်္ဂလန်နိုင်ငံအောက်စဖို့တက္ကသိုလ်တို့မှ အလုပ်ခေါ်ခဲ့သော်လည်း ငြင်းပယ်ခဲ့လေသည်။ ယိုဟန် ပက်ချယ်ဘဲလ်သည် ၁၇၀၆ ခုနှစ်၊ အသက် ၅၂ နှစ်တွင် ကွယ်လွန်ခဲ့ပြီး စိန့်ရိူးချက်စ် (St. Rochus) သင်္ချိုင်း၌ မြှုပ်နှံထားသည်။

ပတ်ချယ်လ်ဘဲလ်၏အုတ်ဂူ, "Zum Gedächtnis an den Nürnberger Musiker Johann Pachelbel, 1653–1706, einem Vorläufer Joh. Seb. Bachs, die dankbare Stadt Nürnberg." ဟု ရေးထိုးထားသည်။ (ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် ၏ ရှေ့ပြေးဖြစ်သူ နုရင်ဘတ်ဂ်မြို့လာ ဂီတဆရာ ယိုဟန် ပတ်ချယ်ဘဲလ် (၁၆၅၃-၁၇၀၆) အားသတိရလျက်၊ ကျေးဇူးကြီးမားလှသော နုရင်ဘတ်ဂ်မြို့တော်)

ကွယ်လွန်ပြီးနောက် လူသိများလာခြင်း[ပြင်ဆင်ရန်]

၁၉ ရာစုသို့ရောက်လာသောအခါ သူအပါအဝင် အခြားသော ဘားရော့ခေတ် တေးရေးဆရာတို့ကိုတဖြည်းဖြည်းမေ့လျော့လာခဲ့ကြသည်။ အချို့သောဂီတဗေဒပညာရှင်တို့ကမူ ပက်ချယ်ဘဲလ်သည် အရေးပါသောတေးရေးဆရာဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသေးသည်။ ၂၀ ရာစုအစပိုင်းတွင် သူ၏သီချင်းများကိုစုစည်း၍ သီချင်းစာအုပ်ကိုထုတ်ဝေခဲ့ကြသည့်အပြင် ပြန်လည်တီးခတ်ဖျော်ဖြေခဲ့ကြသည်။ ထိုသို့သောသီချင်းများအနက် "Canon in D" မှာ အလွန်ပင်လူသိများခဲ့လေသည်။

သီချင်းများ[ပြင်ဆင်ရန်]

ပက်ချယ်ဘဲလ်သည် အော်ဂန်တေးရေးဆရာအဖြစ်လူသိများခဲ့သည်။ သူ၏သီချင်းတို့ကို Antoine Bouchard (POP အမှတ်စဉ်၊ အော်ဂန်သီချင်းသီးသန့်)၊ Jean M. Perreault (P အမှတ်စဉ်၊ အပြည့်စုံဆုံးကက်တလောက်၊ အက္ခရာစဉ်ဖြင့်စဉ်ထားသည်)၊ Hideo Tsukamoto (T နှင့် L အမှတ်စဉ်၊ L ကိုပျောက်ဆုံးနေသောသီချင်းများအတွက်သုံးသည်)၊ Kathryn Jane Welter (PC အမှတ်စဉ်) စသောသူတို့က နံပါတ်တပ်ထားကြသည်။

ဖျုဂ်များ[ပြင်ဆင်ရန်]

ပက်ချယ်ဘဲလ်သည် ဖျုဂ်ပေါင်း ၁၀၀ ကျော်မျှရေးသားခဲ့လေသည်။ ထိုအပုဒ် ၁၀၀ ကျော်အနက် ၉၅ ပုဒ်မှာ "Magnificat Fugue" (Magnificat ကိုမှီ၍ရေးသားထားသော ဖျုဂ်များ) အမည်ဖြင့်ရေးသားထားသည်။ အပိုင်းအားဖြင့် ၈ ပိုင်းခွဲနိုင်ပြီး Magnificat Primi Toni (ပထမအသံ) တွင် ၂၃ ပုဒ်၊ Magnificat Secundi Toni (ဒုတိယအသံ) တွင် ၁၀ ပုဒ်၊ Magnificat Tertii Toni (တတိယအသံ) တွင် ၁၁ ပုဒ်၊ Magnificat Quarti Toni (စတုတ္ထအသံ) တွင် ၈ ပုဒ်၊ Magnificat Quinti Toni (ပဉ္စမအသံ) တွင် ၁၂ ပုဒ်၊ Magnificat Sexti Toni (ဆဋ္ဌမအသံ) တွင် ၁၀ ပုဒ်၊ Magnificat Septimi Toni (သတ္တမအသံ) တွင် ၈ ပုဒ်၊ Magnificat Octavi Toni (အဋ္ဌမအသံ) တွင် ၁၃ ပုဒ် တို့ဖြစ်ကြသည်။ ယင်းဖျုဂ်တို့၏ရေးသားရသောရည်ရွယ်ချက်ကိုမူမသိရပေ။ ယင်းတို့ကိုတီးခတ်လိုလျင် အော်ဂန် သို့မဟုတ် ဟာ့ပ်ဆီ‌ကော့ဒ် (Harpsichord) ဖြင့်တီးခတ်နိုင်သည်။ သီချင်းတို့၏ကြာချိန်မှာ ပြမ်းမျှအားဖြင့် တစ်မိနစ်မှနှစ်မိနစ်အတွင်းဖြစ်သည်။

Fugue subjects from Magnificat fugues: secundi toni 7, octavi toni 10, primi toni 16, sexti toni 10, quarti toni 8 and octavi toni 13

သူ၏ဖျုဂ်ရေးသားပုံမှာရိုးရှင်းသည်။ သံစဉ်ကိုလွယ်လွယ်ကူကူဖြစ်အောင်သာရေးသားသည်။ ဖျုဂ် နှင့် ပရီလုဒ် (prelude) ကိုပေါင်းစပ်ရေးသားခဲ့သော ပထမဆုံးတေးရေးဆရာသည်လည်း သူပင်ဖြစ်သည်ဟုဆိုခဲ့ကြသည်။

သျှကုန်းနှင့်ဗေရီရေးရှင်းများ[ပြင်ဆင်ရန်]

ပက်ချယ်ဘဲလ်တွင် သျှကုန်း (Chaconne) ခြောက်ပုဒ်ရှိလေသည်။ သူ၏ရေးသားပုံမှာ တောင်ဘက်ဂျာမနီမှရေးဟန်နှင့်ဆင်တူပြီး ဩစတီနာတို (Ostinato) ခေါ် သံစဉ်ကိုထပ်တလဲလဲတီးခတ်သောနည်းကိုအသုံးပြုထားသည်။

၁၆၉၉ ခုနှစ်တွင် ပက်ချယ်ဘဲလ်သည် "Hexachordum Apollinis" အမည်ရှိသော သီချင်းအစုကိုရေးသားခဲ့၍ ဖာဒီနန် တိုဘိုင်းရပ်စ် ရစ်ချာ (Ferdinand Tobias Richter) နှင့် ဒီထရစ် ဘုစ်တေဟူးဒဲ (Dieterich Buxtehude) တို့ကိုရည်ညွှန်းခဲ့သည်။ ယင်းသီချင်းအစုတွင် "Aria Prima" (ပထမအာရီယာ) မှ "Aria Sexta" (ဆဋ္ဌမအာရီယာ) အထိ ခြောက်ပုဒ်ပါဝင်ပြီး တစ်ပုဒ်စီတွင် ပုံစံမူကွဲ အမျိုးမျိုး (Variation) ဖြင့်ရေးသားထားသည်။ ယင်းသီချင်းတိုတွင် တီးခတ်နည်းဟန်တို့ကို‌လေ့လာနိုင်သည်။

တိုကာတာများ[ပြင်ဆင်ရန်]

ပက်ချယ်ဘဲလ်တွင် တိုကာတာ (Toccata) အပုဒ်နှစ်ဆယ်ရှိသည်။ သူရေးသားထားသော တိုကာတာများ၏လက္ခဏာရပ်မှာ အော်ဂန်ခြေနင်း (pedal) ကိုကြာရှည်စွာနင်း၍တီးခတ်ရခြင်းဖြစ်သည်။ ထိုလက္ခဏာရပ်ကြောင့်ပင် သူအားအခြားသောတေးရေးဆရာများမှကွဲပြား‌စေခဲ့သည်။ သူ၏တိုကာတာများအနက် "Toccata in e minor" မှာ အလွန်ပင်ထင်ရှားလှသောသီချင်းတစ်ပုဒ်ပင်ဖြစ်လေသည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]

  • Apel၊ Willi (1972)။ The History of Keyboard Music to 1700။ Indiana University Press။ ISBN 0-253-21141-7CS1 maint: ref=harv (link). Originally published as Geschichte der Orgel- und Klaviermusik bis 1700 by Bärenreiter-Verlag, Kassel.
  • Nolte, Ewald Valentin & Butt, John (2001). "Pachelbel. 1. Johann Pachelbel". In Root, Deane L. (ed.). The New Grove Dictionary of Music and Musicians. Oxford University Press. ‎
  • Nolte, Ewald Valentin (1957). "Classic Contract between Pachelbel and Erfurt Church". 
  • Perreault၊ Jean M. (2004)။ The Thematic Catalogue of the Musical Works of Johann Pachelbel။ Scarecrow Press။ ISBN 0-8108-4970-4CS1 maint: ref=harv (link) – A complete index of Pachelbel's compositions, the manuscripts in which they survive, and publications in which they can be found today. Includes an exhaustive bibliography.
  • Welter, Kathryn Jane. 1998. Johann Pachelbel: Organist, Teacher, Composer, A Critical Reexamination of His Life, Works, and Historical Significance. Diss., Harvard University, Cambridge, Massachusetts. – Described by Perreault, "the only really general book on Pachelbel in English; richly informative, especially on biography and transmission of MS sources."

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]