ယဉ်ပါးအောင်မွေးမြူခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ခွေး နှင့် သိုး တို့သည် လူတို့အစောဆုံး ယဉ်ပါးအောင်မွေးမြူခဲ့သည့် တိရစ္ဆာန်များ ဖြစ်ကြသည်။

ယဉ်ပါးအောင်မွေးမြူခြင်း ဆိုသည်မှာ သတ္တဝါတစ်စု၏ မျိုးပွားနိုင်စွမ်းနှင့် ပြုစုစောင့်ရှောက်ခံရမှုအပေါ် လွှမ်းမိုးထိန်းချုပ်ခြင်းဖြင့် ထိုသတ္တဝါတစ်စုထံမှ လိုအပ်သောအရည်အချင်းများအား ရရှိလာနိုင်စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြုပြင်ရယူခြင်းဖြစ်သည်။ [၁] ချားလ်စ် ဒါဝင် သည် ယဉ်ပါးပြီးဖြစ်သောမျိုးစိတ်များနှင့် ၎င်းတို့နှင့် အမျိုးတူတောရိုင်းမျိုးစိတ်များကို ကွဲပြားခြားနားစေသည့် သွင်ပြင်လက္ခဏာအချို့ကို သတိပြုမိခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် Selective Breeding ဟုခေါ်သည့် မျိုးစိတ်တစ်ခု၏ နှစ်လိုဖွယ်သွင်ပြင်လက္ခဏာများကို လူသားတို့မှတိုက်ရိုက်ရွေးချယ်ယဉ်ပါးစေခြင်းနှင့် သဘာဝတရား၏ရွေးချယ်မှုအရ သွင်ပြင်လက္ခဏာများ ဆင့်ကဲတိုးတက်ဖွံဖြိုးလာခြင်းတို့၏ ကွဲပြားခြားနားပုံကိုလည်း ချားလ်စ်ဒါဝင် ကပင် ရှေးဉီးစွာသိရှိခဲ့ခြင်းဖြစ်သည်။[၂][၃][၄] မျိုးစိတ်တူပင်ဖြစ်စေကာမူ အယဉ်နှင့်အရိုင်းတို့သည် မျိုးရိုးဗီဇအရကွဲပြားခြားနားကြသည်။ [၅][၆][၇]

ခွေးသည် ပထမဆုံးယဉ်ပါးစေခဲ့သည့် တိရစ္ဆာန်ပင်ဖြစ်ပြီး[၈][၉][၁၀] စိုက်ပျိုးရေးနှင့် အခြားတိရစ္ဆာန်များအားယဉ်ပါးအောင်မွေးမြူခြင်းတို့၏မတိုင်မီနှစ်များစွာကဖြစ်သောပလေယိုဆင်းယုဂ်နှောင်းပိုင်းကာလ မကုန်ဆုံးမီအချိန်ကပင် ယူရေးရှားကုန်းမြေတစ်လျှောက်တွင် စတင်မွေးမြူခဲ့ကြသည်။[၉]  ရှေးဟောင်းသုတေသနနှင့် မျိုးရိုးဗီဇဆိုင်ရာအထောက်အထားများအရ "မြည်း၊ မြင်း၊ ကုလားအုပ်၊ ဆိတ်၊ သိုး နှင့် ဝက်" အစရှိသည့် တိရိစ္ဆာန်များအားလုံးတွင် အယဉ်မျိုးနှင့် အရိုင်းမျိုးတို့အကြားတွင် အပြန်အလှန် မျိုးဗီဇစီးဆင်းမှုများသည် နှစ်ရှည်လများဖြစ်ပွားခဲ့သည်ကိုဖော်ပြနေပေသည်။ [၆][၁၁] [၁၂]

အသုံးအနှုန်း၏ရင်းမြစ်[ပြင်ဆင်ရန်]

ယဉ်ပါးအောင်မွေးမြူခြင်းကို အင်္ဂလိပ်ဘာသာဖြင့် Domestication ဟုသုံးနှုန်းကာ လက်တင်ဘာသာစကားအရ "အိမ်နှင့်သက်ဆိုင်သော" ဟု အဓိပ္ပါယ်ရသည့် domesticus မှဆင်းသက်လာခြင်းဖြစ်သည်။.[၁၃]

အဓိပ္ပါယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ယဉ်ပါးအောင်မွေးမြူခြင်း[ပြင်ဆင်ရန်]

ယဉ်ပါးအောင်မွေးမြူခြင်းဆိုသည်မှာ "သတ္တဝါတစ်ခုမှ အခြားသတ္တဝါတစ်ခု၏ မျိုးပွားနိုင်စွမ်းနှင့် ပြုစုစောင့်ရှောက်ခံရမှုအပေါ်လွှမ်းမိုးထိန်းချုပ်ခြင်းဖြင့် လိုအပ်သောအရည်အချင်းများရရှိလာနိုင်စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြုပြင်ရယူသည့် သက်ရှိတို့အကြားရှိ အပြန်အလှန်အမှီသဟဲပြုမှုဖြစ်ပြီး အဆိုပါမှီခိုဆက်ဆံမှုတွင်ပါဝင်သည့် သက်ရှိအနေဖြင့် အခြားမပါဝင်သည့်သက်ရှိတို့ထက် ပိုမိုအားသာစေသည့်အတွက် ယဉ်ပါးအောင်မွေးမြူသည့်သတ္တဝါကိုသာမက မွေးမြူခြင်းခံရသည့်သတ္တဝါကိုပါအကျိုးဖြစ်ထွန်းစေခြင်းဖြစ်သည်။" [၁][၁၄][၁၅][၁၆][၁၇] ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ယဉ်ပါးအောင်မွေးမြူခြင်းလုပ်ငန်း၏ ဇီဝဗေဒဆိုင်ရာနှင့် ယဉ်ကျေးမှုဓလေ့ဆိုင်ရာ အကြောင်းအရာများအပြင် လူသားများနှင့် ယဉ်ပါးပြီးဖြစ်သော တိရစ္ဆာန်၊ အပင် စသည်တို့အပေါ် သက်ရောက်မှုများကိုပါ ထည့်သွင်းဖွင့်ဆိုထားသည်။ ယခင်အဓိပ္ပါယ်ဖွင့်ဆိုချက်များတွင် လူသားနှင့် တိရစ္ဆာန်၊ အပင်တို့အကြားပတ်သတ်ဆက်နွယ်မှုများကိုထည့်သွင်းဖွင့်ဆိုထားသော်လည်း လူသားတို့ကို ဦးဆောင်သူအဖြစ်သတ်မှတ်ခဲ့ကြသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်မူ မွေးမြူသူနှင့် မွေးမြူခံသတ္တဝါနှစ်ခုစလုံးအတွက် အကျိုးဖြစ်ထွန်းစေသည့် အပြန်အလှန်အမှီသဟဲပြုမှုတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ ယဉ်ပါးလာပြီးနောက်တွင် ကောက်ပဲသီးနှံပင်များ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များ၏ အထွက်နှုန်း၊ မျိုးဆက်ပွားနှုန်း စသည်တို့သည် အရိုင်းဘဝမှာထက်များစွာ တိုးတက်လာသည်ကိုတွေ့ရှိရသည်။ ယဉ်ပါးပြီးမျိုးစိတ်များမှလည်း လူသားအနေဖြင့် တိကျသေချာစွာ ထုတ်လုပ်သယ်ပို့ဖြန့်ဝေနိုင်သော စားသောက်ကုန်နှင့်အသုံးအဆောင်များကို ထောက်ပံ့ပေးခြင်းဖြင့် လူသားဉီးရေများပြားလာစေပြီး ကမ္ဘာအရပ်ရပ် နေရာဒေသအားလုံးသို့ပြန့်နှံ့သွားနိုင်စေခဲ့သည်။  [၁၇]

ထိုကဲ့သို့သော ဇီဝဗေဒဆိုင်ရာ အမှီသဟဲပြုမှုသည် လူသားနှင့် ကောက်ပဲသီးနှံ၊ မွေးမြူရေးတိရစ္ဆာန် စသည့်တို့အကြားတွင်သာ တွေ့နိုင်သည်မဟုတ်ပေ။ အထူးသဖြင့် အချို့သော စုပေါင်းနေ အင်းဆက်ပိုးတို့သည် မွေးမြူသူများအနေဖြင့် အချို့တိရစ္ဆာန်နှင့်အပင်တို့အား ယဉ်ပါးစေသည်ကို လေ့လာသိရှိထားပြီးဖြစ်သည်။ ဥပမာအားဖြင့် ရွက်ဖြတ်ပုရွက်ဆိတ်များနှင့် မှိုမျိုးစိတ်အချို့ကြားတွင်တွေ့ရှိရသော ပုရွက်ဆိတ်နှင့်မှိုအမှီသဟဲပြုမှုမျိုးပင်ဖြစ်သည်။  [၁]

တိရိစ္ဆာန်များအား ယဉ်ပါးအောင်မွေးမြူခြင်း[ပြင်ဆင်ရန်]

နားရွက်တွင် နိုင်ငံအဝှမ်းရှိ မွေးမြူရေးတိရိစ္ဆာန်များကို မှတ်တမ်းတင်သည့်စနစ်အဖြစ် အမှတ်အသားတစ်ခုချိတ်ဆွဲထားသည့် သိုးတစ်ကောင်အား တွေ့ရစဉ်။

 တိရစ္ဆာန်များအား ယဉ်ပါးအောင်မွေးမြူခြင်းသည် တိရစ္ဆာန်များနှင့် ၎င်းတို့၏ပြုစုစောင့်ရှောက်ခံရမှုနှင့် မျိုးပွားနိုင်စွမ်းတို့အပေါ်လွှမ်းမိုးချုပ်ကိုင်သည့် လူသားတို့အကြားရှိ အပြန်အလှန်အမှီသဟဲပြုဆက်ဆံမှုပင်ဖြစ်သည်။[၁] ချားလ်စ် ဒါဝင် သည် ယဉ်ပါးပြီးဖြစ်သောမျိုးစိတ်များနှင့် ၎င်းတို့နှင့် အမျိုးတူတောရိုင်းမျိုးစိတ်များကို ကွဲပြားခြားနားစေသည့် သွင်ပြင်လက္ခဏာအချို့ကို အဦးဆုံးသတိပြုမိခဲ့သည်။ Selective Breeding ခေါ် မျိုးစိတ်တစ်ခု၏ နှစ်လိုဖွယ်သွင်ပြင်လက္ခဏာများကို လူသားတို့မှတိုက်ရိုက်ရွေးချယ်ယဉ်ပါးစေခြင်းနှင့် သဘာဝတရား၏ရွေးချယ်မှုအရ သွင်ပြင်လက္ခဏာများ ဆင့်ကဲတိုးတက်ဖွံဖြိုးလာခြင်းတို့၏ ကွဲပြားခြားနားပုံကိုလည်း ချားလ်စ်ဒါဝင် ကပင် ရှေးဉီးစွာသိရှိခဲ့ခြင်းဖြစ်သည်။[၂][၃][၄] မျိုးစိတ်တူပင်ဖြစ်စေကာမူ အယဉ်နှင့်အရိုင်းတို့သည် မျိုးရိုးဗီဇအရကွဲပြားခြားနားကြသည်။

ယဉ်ပါးအောင်မွေးမြူခြင်းနှင့် တောရိုင်းသတ္တဝါအားယဉ်ပါးစေခြင်းသည် သီးခြားစီဖြစ်သည်။ တောရိုင်းသတ္တဝါအား ယဉ်ပါးစေခြင်းဆိုသည်မှာ အရိုင်းဘဝအဖြစ်မွေးဖွားလာသော တိရစ္ဆာန်အား ၎င်း၏အရိုင်းသဘာဝဖြစ်သော လူတို့ကိုရှောင်ရှားသည့်စိတ်ကိုလျှော့ချပြီး လူမကြောက်စေရန် အပြုအမူပိုင်းဆိုင်ရာပြုပြင်ပေးခြင်းဖြစ်ကာ ယဉ်ပါးအောင်မွေးမြူခြင်းမှာမူ မျိုးစိတ်တစ်ခုအား မျိုးရိုးဗီဇအားဖြင့် အပြီးအပိုင်ပြောင်းလဲလာစေပြီး သားစဉ်မြေးဆက်လူသားတို့နှင့် အကျွမ်းတဝင်ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။[၁၈][၁၉][၂၀] အချို့သောတိရစ္ဆာန်မျိုးစိတ်များနှင့် အဆိုပါမျိုးစိတ်များတွင်ပါဝင်သော အချို့အကောင်များသည် အောက်တွင်ဖော်ပြထားသည့် အရည်အချင်းတို့နှင့်ပြည့်စုံသောအခါ ယဉ်ပါးအောင်မွေးမြူရန်အတွက် အထူးသင့်လျော်သော အကောင်များဖြစ်သည်ကိုတွေ့ရသည်။ ထိုအရည်အချင်းများမှာ (၁) ၎င်းတို့၏ အုပ်စုဖွဲ့နေထိုင်သည့် အကောင်အရေအတွက်နှင့် အုပ်စုဖွဲ့စည်းပုံ၊ (၂) ၎င်းတို့၏ မိတ်ဖက်ရွေးချယ်နိုင်ခွင့်ရရှိမှု၊ (၃) အမိအဖနှင့် သားပေါက်များအကြားတွင် ဖြစ်ပေါ်သောတွယ်တာမှု၊ (၄) အစားအစာမျိုးစုံရွေးချယ်စားသောက်မှုနှင့် ပတ်ဝန်းကျင်နယ်မြေသဘာဝအပြောင်းအလဲအပေါ် ခံနိုင်ရည်ရှိမှု နှင့် (၅) လူသားနှင့်ပတ်ဝန်းကျင်သဘာဝအပေါ်တုံ့ပြန်မှု စသည်တို့ပင်ဖြစ်သည်။[၁၇]:Fig 1[၂၁][၂၂][၂၃]

တိရစ္ဆာန်တို့ကိုယဉ်ပါးအောင်စတင်မွေးမြူရာတွင် မတူညီသောလမ်းစဉ်များသို့ဦးတည်သည့် အဆင့်အမျိုးမျိုးပါဝင်သော ရှည်လျှားသည့် ဘုံဆင့်ကဲဖြစ်စဉ်ဆိုင်ရာဖြစ်စဉ်များပါဝင်သည်။ ယဉ်ပါးပြီးတိရစ္ဆာန်အများစုတို့ကို မွေးမြူခဲ့ရာတွင် အောက်ဖော်ပြပါအဓိကလမ်းစဉ်သုံးခုရှိခဲ့သည်ဟုဆိုကြသည်။[၆] (၁) လူသားတို့နှင့်လိုက်လျောညီထွေအောင် တစ်လမ်းသွားပုံစံဖြင့်ပြောင်းလဲခြင်း (ဥပမာအားဖြင့် ခွေး၊ ကြောင်၊ ကြက်ငှက်အချို့နှင့် ဝက်)၊ (၂) လူတို့မှ သားကောင်အဖြစ်ရှာဖွေဖမ်းဆီးခံတိရစ္ဆာန်များ (ဥပမာအားဖြင့် သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ စာမရီ၊ လာမာကုလားအုပ်နှင့် အယ်လပါကာ)၊ (၃) ကုန်စည်တင်ဆောင်ရန်ရည်ရွယ်မွေးမြူသည့်တိရစ္ဆာန်များ (ဥပမာအားဖြင့် မြင်း၊ မြည်းနှင့် ကုလားအုပ်) စသည်တို့ဖြစ်သည်။[၆][၁၁][၁၇][၂၄][၂၅][၂၆][၂၇][၂၈][၂၉] ခွေးသည် ပထမဆုံးယဉ်ပါးစေခဲ့သည့် တိရစ္ဆာန်ပင်ဖြစ်ပြီး[၉][၁၀] စိုက်ပျိုးရေးနှင့် အခြားတိရစ္ဆာန်များအားယဉ်ပါးအောင်မွေးမြူခြင်းတို့၏မတိုင်မီနှစ်များစွာကဖြစ်သော ပလေယိုဆင်းယုဂ်နှောင်းပိုင်းကာလ မကုန်ဆုံးမီအချိန်ကပင် ယူရေးရှားကုန်းမြေတစ်လျှောက်တွင် စတင်မွေးမြူခဲ့ကြသည်။[၉] လူတို့သည် တစ်လမ်းသွားလမ်းစဉ်နှင့် သားကောင်အဖြစ်ဖမ်းဆီးခံလမ်းစဉ်တို့ဖြင့် ယဉ်ပါးလာသည့်တိရစ္ဆာန်များကို တမင်ရည်ရွယ်မွေးမြူခဲ့ခြင်းမဟုတ်ခဲ့ပဲ ၎င်းတို့ဖမ်းဆီးသောတိရစ္ဆာန်များသည်ယဉ်ပါးလာမည်ကိုလည်း မသိရှိခဲ့ကြပေ။ ဤလမ်းစဉ်နှစ်ခုစလုံးတွင် မွေးမြူခံတိရစ္ဆာန်များ၏ ရှင်သန်မှုနှင့် မျိုးဆက်ပြန့်ပွားမှုတွင် လူသားတို့၏အခန်းကဏ္ဍသည် အလွန်အရေးပါလာပြီးနောက် လူသားနှင့်တိရစ္ဆာန်တို့အကြားခွဲခြားမရနိုင်တော့အောင်ဆက်နွယ်ပတ်သတ်လာခဲ့ခြင်းသာဖြစ်သည်။[၆] ရည်ရွယ်မွေးမြူသည့်လမ်းစဉ်တွင်မူ ဖမ်းဆီးခြင်းနှင့် အရိုင်းမှအယဉ်ဖြစ်အောင်ပြုလုပ်ခြင်းတို့မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း အခြားလမ်းစဉ်နှစ်ခုမှာမူ ထိုကဲ့သို့ရလဒ်ကိုဦးတည်၍ဆောင်ရွက်ခဲ့ခြင်းမဟုတ်ခဲ့ပဲ ရှေးဟောင်းသုတေသနဆိုင်ရာမှတ်တမ်းမှတ်ရာများအရ ဖြစ်စဉ်တစ်လျှောက်အချိန်ကာလသည်လည်း ပိုမိုကြာမြင့်ခဲ့သည်ကိုတွေ့ရှိရပေသည်။ [၁၂]

အခြားသောတိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူရာတွင် ၎င်းတို့၏ မျိုးပွားမှုနှင့်ဆိုင်သော ဝိသေသလက္ခဏာများအရ ရွေးချယ်ခဲ့ကြခြင်းဖြစ်သော်လည်း ခွေးကိုမွေးမြူရာတွင်မူ အပြုအမူပိုင်းဆိုင်ရာအရသာ ရွေးချယ်မွေးမြူခဲ့ကြခြင်းဖြစ်သည်။[၃၀][၃၁]

အပင်များအား ယဉ်ပါးစေခြင်း[ပြင်ဆင်ရန်]

တိရစ္ဆာန်များကိုယဉ်ပါးအောင်စတင်မွေးမြူရာတွင် ၎င်းတို့၏ အပြုအမူကိုထိန်းချုပ်သည့်မျိုးဗီဇများကိုသာ သက်ရောက်မှုရှိသော်လည်း ကောက်ပဲသီးနှံပင်များတွင်မူ ၎င်းတို့၏ သွင်ပြင်လက္ခဏာ(အစေ့အရွယ်အစား၊ အပင်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် မျိုးဆက်ပွားစနစ်) နှင့် ဇိဝကမ္မဗေဒဆိုင်ရာ(အစေ့မှအပင်ပေါက်သည့်အချိန်နှင့် အသီးများရင့်မှည့်ချိန်) တို့ကိုထိန်းချုပ်သည့် မျိုးဗီဇများကို သက်ရောက်ပြောင်းလဲစေသည်။  [၁၇][၃၂]

လယ်သမားများ၊ ဂျုံ နှင့် နွား တို့ပါဝင်သည့် ရှေးဟောင်းအီဂျစ်အနုပညာလက်ရာ၊ လွန်ခဲ့သောနှစ်ပေါင်း ၁၄၂၂ နှစ်ခန့်က (1422 YBP)
မျက်မှောက်ခေတ် မြောက်အမေရိကရှိ စက်မှုလယ်ယာစနစ်ဖြင့် ဂျုံရိတ်သိမ်းမှု

ဥပမာတစ်ခုအဖြစ် ဂျုံကိုစိုက်ပျိုးရာတွင်တွေ့ရသည်။ ဂျုံပင်အရိုင်း၏အစေ့သည် ရင့်မှည့်ချိန်တွင် မြေသို့ကြွေကျကာ အပင်ပြန်ပေါက်သော်လည်း လူတို့စိုက်ပျိုးသော ဂျုံပင်မှအစေ့မှာမူ ရင့်မှည့်သော်လည်း ပင်စည်မှာပင်ကပ်တွယ်နေခြင်းကြောင့် ရိတ်သိမ်းရလွယ်ကူစေသည်။ ဤသို့ပြောင်းလဲလာရခြင်းသည် ဂျုံပင်ကို လူတို့စတင်စိုက်ပျိုးစဉ်က ဂျုံပင်အရိုင်းတို့တွင်ဖြစ်ပေါ်ခဲ့သော ကျပမ်းမျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို အထောက်အထားများအရသိရှိရသည်။ ပင်စည်တွင်ကပ်တွယ်သော ဂျုံစေ့တို့သည် လူတို့၏ခူးဆွတ်ရိတ်သိမ်းခြင်းကို ပို၍ခံရပြီး ပြန်လည်စိုက်ပျိုးမည့် မျိုးစေ့များအဖြစ်သို့ရောက်ရှိလာကြသည်။ ဤသို့ဖြင့် ရှေးဦးစိုက်ပျိုးသူလယ်သမားများအနေဖြင့် ၎င်းတို့ကိုယ်တိုင်သတိမမူမိစေကာမူ ထိုဗီဇမျိုးကွဲကိုရွေးချယ်စိုက်ပျိုးမိခဲ့ကြလေသည်။ အကျိုးဆက်အနေဖြင့် လူတို့စိုက်ပျိုးသောဂျုံပင်မှအစေ့တို့သည် အပင်ပေါက်ရန်နှင့် မျိုးဆက်ပြန့်ပွားရန်အတွက် စိုက်ပျိုးသူလယ်သမားတို့အပေါ်သာ မှီခိုရလေသည်။[၃၃]

ကောက်ပဲသီးနှံများကို အယဉ်အဖြစ်ပျိုးထောင်စိုက်ပျိုးရန်အတွက် လူတို့၏အစောဆုံးကြိုးပမ်းမှုသည် အနောက်တောင်အာရှဒေသတွင်ဖြစ်ပွားခဲ့သည်။ဆီးရီးယားဒေသရှိ ကျောက်ခေတ်သစ်မတိုင်မီက လူသားတို့သည် အပင်များကို ဝိသေသလက္ခဏာများရွေးချယ်ကာစိုက်ပျိုးခဲ့ကြသည့် ရှေးကျသောအထောက်အထားများကိုတွေ့ရှိနိုင်သည်။ အယဉ်ဗီဇလက္ခဏာများပါရှိသည့် ရိုင်းစပါးစေ့များကို ဆီးရီးယားနိုင်ငံ အဘူဟူရယ်ရာရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ ကျောက်ခေတ်လယ်(ဘီစီ ၁၁၀၅၀ ပတ်ဝန်းကျင်)အကျွင်းအကျန်များအတွင်းမှ တူးဖော်တွေ့ရှိရသည်။[၃၄] သို့သော်လည်း ဤတွေ့ရှိမှုသည် အယဉ်အဖြစ်ပျိုးထောင်စိုက်ပျိုးမှုကိုဦးတည်သော အဆင့်တစ်ခုဖြစ်ဟန်မတူပဲ ရိုင်းစပါးအရိုင်းပင်များကို စတင်စိုက်ပျိုးရာမှရရှိလာသော ဒေသန္တရမျိုးကွဲပုံစံတစ်ခုပင်ဖြစ်နိုင်ပေသည်။  [၃၄]

ကြွေထည်ပစ္စည်းများပြုလုပ်သည့်အတတ်ပညာမထွန်းကားမီ ဘီစီ ၁၀၀၀၀ ခန့်အရောက်တွင် ရေတကောင်းကဲ့သို့အသုံးပြုရန်အတွက် ဘူးပင်(Lagenaria siceraria) ကိုအယဉ်အဖြစ်စတင်ပျိုးထောင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ကိုတွေ့ရသည်။ ဘူးပင်အယဉ်မျိုးသည် ဘီစီ ၈၀၀၀ ခန့်တွင် အာရှတိုက်မှ အမေရိကတိုက်သို့ ပြန့်ပွားရောက်ရှိလာခဲ့ပြီး လူသားတို့၏အာရှတိုက်မှ အမေရိကတိုက်သို့ ရွှေ့ပြောင်းအခြေချနေထိုင်မှုကြောင့်ပင် ထိုသို့ရောက်ရှိလာခြင်းဖြစ်နိုင်ပေသည်။

ဘီစီ ၉၀၀၀ ပတ်ဝန်းကျင်ခန့်က အရှေ့အလယ်ပိုင်းရှိ မြေဆီဩဇာကောင်းမွန်သော လခြမ်းရပ်ဝန်းဒေသတွင် နှံစားသီးနှံများကို အယဉ်အဖြစ်စတင်စိုက်ပျိုးခဲ့ကြသည်။ ဦးစွာပထမ အယဉ်ဖြစ်အောင်စိုက်ပျိုးခဲ့သည့် နှံစားပင်များမှာ ယေဘုယျအားဖြင့် အစေ့အသီးကြီးသည့် တစ်နှစ်ခံအပင်များဖြစ်ကြသည်။ ၎င်းတို့တွင် စားတော်ပဲစသည့် ပဲအမျိုးမျိုးနှင့် ဂျုံကဲ့သို့သော အစေ့အဆန်ပင်များပါဝင်သည်။ အရှေအလယ်ပိုင်းဒေသသည် အဆိုပါသီးနှံများကိုစိုက်ပျိုးရန်အထူးသင့်လျော်ပေသည်။ ခြောက်သွေ့ပူပြင်းသောနွေကာလရှိသည့် ရာသီဥတုမျိုးသည် အစေ့အသီးကြီးသည့် တစ်နှစ်ခံအပင်များ၏ ဆင့်ကဲပြောင်းလဲမှုကို အထောက်အကူဖြစ်စေသည့်အပြင် မြေမျက်နှာပြင်အနိမ့်အမြင့်မတူညီကွဲပြားခြင်းကြောင့်လည်း မျိုးစိတ်မျိုးကွဲအများအပြားဖြစ်ပေါ်စေသည်။ အယဉ်အဖြစ်စိုက်ပျိုးသည့်အတတ်ထွန်းကားလာသည်နှင့်အတူ လူသားတို့သည်လည်း ခြေသလုံးအိမ်တိုင်လူ့အဖွဲ့အစည်းများမှ အခြေတကျနေထိုင်သည့် စိုက်ပျိုးရေးအခြေခံလူ့အဖွဲ့အစည်းများအဖြစ်သို့ပြောင်းလဲလာလေသည်။ ဤအပြောင်းအလဲသည် နောင်နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ခန့်ကြာပြီးနောက်တွင် သမိုင်းတွင်ပထမဦးဆုံး မြို့ပြနိုင်ငံများကိုပေါ်ထွန်းလာခြင်းသို့ ဦးတည်စေခဲ့ပြီး မြို့ပြယဉ်ကျေးမှုကိုပေါ်ထွန်းလာစေခဲ့ပေသည်။

ထို့နောက် တဖြည်းဖြည်းနှင့် ပန်းသီးပင်နှင့် သံလွင်ပင် စသည့်အပင်များအပါအဝင် နှစ်ရှည်ခံအပင်များနှင့် အပင်ငယ်တို့ကို အယဉ်အဖြစ်စိုက်ပျိုးခဲ့ကြသည်။ အခွံမာသီးအပင်များဖြစ်ကြသော မာကာဒေးမီယာအသီး ပီကန်အသီး စသည့် အပင်များမှာ ယနေ့ခေတ်တွင်မှ အယဉ်အဖြစ်စတင်စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

အခြားဖတ်စရာများ[ပြင်ဆင်ရန်]

  • Animal husbandry
  • Anthrozoology
  • Columbian Exchange
  • Domesticated silver fox
  • Domestication of the horse
  • Domestication theory
  • Experimental evolution
  • Genetic engineering
  • Genetic erosion
  • Genetic pollution
  • Genomics of domestication
  • History of plant breeding
  • Horticulture
  • Lion taming
  • List of domesticated animals
  • List of domesticated fungi and microorganisms
  • List of domesticated plants
  • Marker assisted selection
  • Selective breeding
  • Self-domestication
  • Timeline of agriculture and food technology
  • Ethnozoology

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Zeder MA (2015).
  2. ၂.၀ ၂.၁ Darwin, Charles (1868).
  3. ၃.၀ ၃.၁ Jared Diamond (1997). Guns, Germs, and Steel. Chatto and Windus London. ISBN 978-0-09-930278-0 
  4. ၄.၀ ၄.၁ Larson, G.; Piperno, D. R.; Allaby, R. G.; Purugganan, M. D.; Andersson, L.; Arroyo-Kalin, M.; Barton, L.; Climer Vigueira, C.; Denham, T.; Dobney, K.; Doust, A. N.; Gepts, P.; Gilbert, M. T. P.; Gremillion, K. J.; Lucas, L.; Lukens, L.; Marshall, F. B.; Olsen, K. M.; Pires, J. C.; Richerson, P. J.; Rubio De Casas, R.; Sanjur, O. I.; Thomas, M. G.; Fuller, D. Q. (2014).
  5. Doust, A. N.; Lukens, L.; Olsen, K. M.; Mauro-Herrera, M.; Meyer, A.; Rogers, K. (2014).
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ Larson, G (2014).
  7. Meyer, Rachel S.; Purugganan, Michael D. (2013).
  8. Domestication။ Encyclopaedia Britannica (2016)။ May 26, 2016 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ Larson G (2012).
  10. ၁၀.၀ ၁၀.၁ Perri, Angela (2016).
  11. ၁၁.၀ ၁၁.၁ Marshall, F. (2013).
  12. ၁၂.၀ ၁၂.၁ Larson, G (2013).
  13. DomesticateOxford Dictionaries။ Oxford University Press (2014)။
  14. Lorenzo Maggioni (2015) Domestication of Brassica oleracea L., Acta Universitatis Agriculturae Sueciae, p38
  15. Zeder, M. (2014).
  16. Sykes, N (2014).
  17. ၁၇.၀ ၁၇.၁ ၁၇.၂ ၁၇.၃ ၁၇.၄ Zeder MA (2012).
  18. Price, E (2008).
  19. Driscoll, C. A.; MacDonald, D. W.; O'Brien, S. J. (2009).
  20. Diamond, J (2012). "1".
  21. Hale, E. B. 1969.
  22. Price, Edward O (1984).
  23. Price, Edward O. 2002.
  24. Frantz, L (2015).
  25. Blaustein, R. (2015).
  26. Telechea, F. (2015).
  27. Vahabi, M (2015).
  28. Paul Gepts, ed. (2012). "9".
  29. Pierre Pontarotti, ed. (2015). "20".
  30. Serpell J, Duffy D. Dog Breeds and Their Behavior.
  31. Cagan, Alex; Blass, Torsten (2016).
  32. Zeder MA. 2006.
  33. Zohary, D. & Hopf, M. (2000).
  34. ၃၄.၀ ၃၄.၁ Hillman G, Hedges R, Moore A, Colledge S, Pettitt P (2001). "New evidence of Lateglacial cereal cultivation at Abu Hureyra on the Euphrates". Holocene 11 (4): 383–393. doi:10.1191/095968301678302823.