မြီးညှောင့်ငှက်မျိုး

ဝီကီပီးဒီးယား မှ
Wagtails
White-browed wagtail (Motacilla maderaspatensis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Motacillidae
မျိုးစု: Motacilla
Linnaeus, 1758
အမျိုးအစား မျိုးစိတ်
Motacilla alba
Linnaeus, 1758
မျိုးစိတ်

Many, see text

ငှက်လောက၌ ပေါ်လွင်ထင်ရှား၍ လူသိများသော ငှက်မျိုးတွင် မြီးညှောင့်ငှက်မျိုး (အင်္ဂလိပ်: Wagtail) လည်း အပါအဝင် ဖြစ်သည်။ မြီးညှောင့်ငှက်မျိုးသည် ပက်ဆာရီဖောမီး မျိုးစဉ်တွင် မိုတဆီလီဒီး မျိုးရင်း၌ဝင်သည်။ ယင်း၏ ပါဏဗေဒအမည်မှာ မိုတဆီလာ အယ်လဗာလျူ ကော့ဆစ် ဖြစ်သည်။ မြီးညှောင့်ငှက်ကို တစ်ကောင်းချင်းသိသာသော်လည်း အမျိုးများစွာ ရှိနေသဖြင့် မည်သည့် မြီးညှောင့်ငှက်မျိုးဟုရုတ်တရက် ပြောရန် ခဲယဉ်းသည်။ အလျား ၇ လက်မရှိ၏။ လမ်းလျှောက်နေသည့်အခါ၌ဖြစ်စေ၊ ပြေးလွှားနေသည့်အခါ၌ဖြစ်စေ သူ၏အမြီးကို နိမ့်တုံမြင့်တုံ အမြဲတမ်း လှုပ်ရှားလျက်ပင် ရှိသည်။

မြီးညှောင့်ငှက်သည် အမြီးရှည်၏။ များသောအားဖြင့် အသွေးအရောင် အမျိုးမျိုးရှိသောငှက်မျိုးဖြစ်သည်။ စိမ့်စမ်းများ၊ တည်ငြိမ်သောရေပြင်များနှင့် ရေဝပ်၍ ရွှံ့ထူသော အရပ်များ၌ ကျက်စား၏။ ထိုငှက်၏ အစာမှာ ပိုးမွှား၊ တီကောင်နှင့် အသီးအနှံ၏ အစေ့များဖြစ်သည်။ ပိုးမွှားများကို အများဆုံး စားသဖြင့် လူတို့၏ မိတ်ဆွေငှက်ဖြစ်လေသည်။ အသိုက်လုပ်ရာတွင် ရေ ညှိ၊ မြက်နှင့် သစ်မြစ်များကို အသုံးပြုပြီးလျှင် အမွှေးအတောင်များဖြင့် အနားကွပ်ထားတတ်သည်။ တစ်ကြိမ်လျှင် ဥ ၄ လုံးမှ ၆ လုံးအထိ အုတတ်သည်။ ဥများမှာ ပြာလဲ့လဲ့၊ သို့မဟုတ် အညိုရောင် ဖြစ်၍ အဝါမှတ်များ ရှိသည်။

မြီးညှောင့်ငှက်ကို ဥရောပတိုက်၊ အာဖရိကတိုက် အနောက် မြောက်ဒေသနှင့် အာရှတိုက် မြောက်ပိုင်းတို့တွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံရှိ မြီးညှောင့်ငှက်မျိုး အားလုံးပင် ဒေသပြောင်းရွှေ့တတ်သော ငှက်များဖြစ်၏။ ဆောင်းတွင်းမှသာ မြန်မာနိုင်ငံသို့လာရောက်ကြသည်။

မြီးညှောင့်ငှက် အမျိုးမျိုးရှိသည့်အနက် ထင်ရှားသော ငှက်မျိုးမှာ မြီးညှောင့်မွဲ၊ မြီးညှောင့်ခေါင်းမွဲ၊ မြီးညှောင့်ခေါင်းဝါတို့ ဖြစ်ကြသည်။ မြီးညှောင့်မွဲသည် အလျား ၈ လက်မခန့်ရှိ၍ အခြားမြီးညှောင့်မျိုးထက် အမြီးရှည်၍ သေးသွယ်သည်။ အပေါ်ပိုင်းတွင် အပြာရောင် လွှမ်းနေသည်။ မြီးညှောင့်ခေါင်းမွဲသည် အလျား ၇ လက်မ ရှိ၍ ဦးခေါင်းတွင် မွဲပြာပြာ အရောင် လွှမ်းနေသည်။ မြီးညှောင့်ခေါင်းဝါသည် အလျား ၇ လက်မ ရှိ၍ ငှက်ဖို၏ ဦးခေါင်းတစ်ခုလုံး ဝါနေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)