မြဘုရား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြဘုရားဆောင်းတွင်းသင်္ကန်းဝတ်ဆင်စဉ်

မြဘုရားသို့မဟုတ် ဗုဒ္ဓမဟာမဏီ ရတနပဋိမာကောရ် (ပါဠိ: ဗုဒ္ဓမဟာမဏီ ရတနာပဋိမာကရ; ထိုင်း: พระพุทธมหามณีรัตนปฏิมากร) သည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသည့် ထိုင်တော်မူ သမာဓိမုဒြာ ဂေါတမမြတ်စွာဘုရား ဆင်းတုတော်တစ်ဆူဖြစ်သည်။ ဉာဏ်တော်မှာ ၆၆ စင်တီမီတာ (၂၆လက်မ) ရှိသည်။ ထိုင်းနိုင်ငံ၏ အထွတ်အမြတ် ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်သည်။ နှစ်ပေါင်းများစွာ လာအိုတလှည့်၊ ထိုင်းတလှည့်၊ ဗီယက်နမ် တလှည့် ကိုးကွယ် ရောက်ရှိနေရာမှ ၁၇၇၉ တွင် ရာမ ၁ က ဗီယက်ကျန်းကို သိမ်းပိုက်လိုက်သည့်အခါ ဆင်းတုတော်အား ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တော်ဝင်နန်းတော်ရှိ မြဘုရားဗိမာန်တော်( (Wat Phra Kaew)၌ အပူဇော်ခံထားရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းမှတ်တမ်းများအရ ၁၄၃၄ခုနှစ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ဇင်းမယ်ပြည် တည်ရှိခဲ့ပြီး ထိုနိုင်ငံတွင် ဆင်းတုတော်တစ်ဆူ ထွက်ပေါ်လာခဲ့သည်။ ရှာဖွေတွေ့ရှိချက်တစ်ခုအဆိုအရ ဝတ်ဖရယိုင်(ဝါး‌တော ကျောင်း(နောက်ပိုင်းတွင် ဝတ်ဖရခရုမ်ဟုအမည်ပြောင်းခဲ့)တွင် စေတီတစ်ဆူအား မိုးကြိုးထိမှန်၍ ပြိုပျက်ခဲ့ပြီးနောက် ရွံ့စေးမြေများဖြင့် ဖုံးအုပ်နေသည့် ဘုရားတစ်ဆူအားရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့နောက်ယင်းဆင်းတုတော်အား ကျောင်းထိုင်ဆရာတော်မှ မြင့်မြတ်သည့်နေရာတွင် ပူဇော်ထားခဲ့ကြပြီးနောက် ဆင်းတုတော်၏ နားခေါင်းပေါ်မှ ရွံ့စေးမြေကွာကျလာရာ အတွင်းတွင် အစိမ်းရောင်ကို တွေ့ရှိလေသည်။ ယင်းကွာကျနေသည့် ရွံ့စေးမြေများအား ကျောင်းထိုင်ဆရာတော်က ဖယ်ရှားလိုက်ရာ အတွင်းတွင် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် မြဆင်းတုတော်အား တွေ့ရှိလေသည်။ ယင်းနောက်ပိုင်းတွင် ဖရခရုမ်မရိုကော့၊ မြန်မာဘာသာဖြင့် မြဘုရားဟူ၍ သိခဲ့သည်။ ပညာရှင်အချို့က မြဘုရားသည် ၁၅ရာစု ချေသျှမ်းခေတ်လက်ရာဖြစ်သည်ဟု ဖော်ပြကြပြီး ဇင်းမယ်ခေတ်အမွေအနှစ် လက်ရာတစ်ခုဖြစ်သည်။ [၂][၃]

ဒဏ္ဍရီမှတ်တမ်းများတွင်ဖော်ပြထားသည်မှာ ဇင်းမယ်ပြည်ပြည် ပြည့်ရှင် ဆမ်ဖန်ကင်းက ထိုဆင်းထုတော်အား ချင်းမိုင်ရှိ ၎င်း၏နေပြည်တော်တွင် တည်ထားကိုးကွယ်ချင်သော်လည်း ဘုရားပင့်ဆောင်လာသည့် ဆင်တော်မှာ လန်ပန်သို့ သုံးကြိမ်တိုင်တိုင် ဦးတည်သွားရောက်ခဲ့သည်။ ထိုသို့ နိမိတ်လက္ခဏာကြောင့် မြဘုရားသည် လန်ပန်မြို့တွင် သီတင်းသုံးလိုသည်ဟု မှတ်ယူကာ ထို့မြို့၌ နှစ်ပေါင်း ၃၂နှစ်တိုင်အောင် အထူးဆောက်လုပ်ထားသည့် ဘုရားကျောင်း(ယနေ့ခေတ်တွင် ဝပ်ဖရာ့ကဲအိုတောင်ဟုခေါ်သည်) တွင် တည်ထားကိုးကွယ်ခဲ့သည်။ ၁၄၆၈ခုနှစ်ရောက်သောအခါ တီလိုကရာဇ်ဘုရင်မှ ချင်းမိုင်းမြို့ရှိ လွမ်စေတီခေါ်သည့် စေတီကြီးအတွင်း၌ မြဘုရားအား ပြောင်းရွေ့တည်ထား ကိုးကွယ်ခဲ့လေသည်။[၄]

မြဘုရားသည် ချင်းမိုင်တွင် ၁၅၅၂ ခုနှစ်တိုင်အောင်တည်ရှိပြီး လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော လွမ်ပရာဘွမ်သို့ပင့်ဆောင်ခဲ့ချိန်တွင် လောပြည်၏မြို့တော်မှာ လင်းဇင်း ဖြစ်သည်။ ထိုအချိန်မတိုင်မီ အစောပိုင်းက လင်းဇင်း၏ အိမ်ရှေ့မင်းသား ဆထ္ထသီရတ်အား ဇင်းမယ်ပြည်၏ လစ်လပ်နေသော ထီးနန်းအား သိမ်းယူရန် မင်းသား၏ မယ်တော်မှ ဖိတ်ကြားခဲ့သည်။ ထိုမယ်တော်မှာ ထီးနန်းဆက်ခံသူမရှိဘဲ နတ်ရွာစံသွားသည့် ချင်းမိုင်ဘုရင်၏ ညီမတော်ဖြစ်သည်။ သို့သော် ခမည်းတော် ဖိုတီဆာရပ်မင်း နတ်ရွာစံပြီးနောက် မင်းသားဆထ္ထသီရတ်သည်လည်း လင်းဇင်းပြည် ပြည့်ရှင်မင်းဖြစ်လာခဲ့သည်။ ထို့နောက် မွေးရပ်မြေသို့ ပြန်လာခဲ့ပြီး မြဘုရားကိုလည်း တပါတည်းပင့်ဆောင်လာခဲ့သည်။

၁၅၆၄ခုနှစ်တွင် ဗမာတို့ လာရောက်ကျူးကျော်သောကြောင့် ဘုရင်ဆထ္ထသီရတ်သည် ၎င်း၏နေပြည်တော်အား ဗီယန်ကျင်းသို့ ပြောင်းရွေ့ခဲ့ပြီး ဆင်းတုတော်အား ဟော်ဖရခရုမ်တွင် စံပယ်တော်မူစေ၏။ ယင်းနောက် ဆင်းတုတော်သည် ဗီယန်ကျင်းတွင် နောက်ထပ်နှစ်ပေါင်း ၂၁၄ ခုနှစ်တိုင်အောင်စံပါယ်တော်မူလေသည်။

၁၇၇၉ခုနှစ်တွင် ယိုးဒယား စစ်ဗိုလ်ချုပ် ချောင်ဖရားချက်ကရီက တော်လှန်ပုန်ကန်ခဲ့ပြီး ဗီယန်ကျင်းအား သိမ်းပိုက်ကာ မြဘုရားကို ယိုးဒယားသို့ ပင့်ဆောင်လာခဲ့သည်။ ယင်းနောက် ယိုးဒယားမြို့တော်သစ်ဖြစ်သည် သွန်ဘူရီရှိ ဝပ်အာရန်အနီး နတ်ကွန်းတစ်ခုတွင် စံပါယ်စေသည်။ ချောင်ဖရားချက္ကရီသည် ရာဇပလ္လင်အား ၎င်းကိုယ်တိုင်အတွက် သိမ်းယူခဲ့ပြီး ရတနာကိုဆင်တိုင်းပြည်၏ ချက္ကရီမင်းဆက်ကို တည်ထောင်လေသည်။‌ နောက်ပိုင်းတွင် ထိုမင်းအား ရာမ ၁ ဟူ၍ အမည်ပေးကြလေသည်။ နောက်ပိုင်းတွင် ချောင်ဖရားမြစ်အားဖြတ်၍ ယနေ့ ဘန်ကောက်ဖြစ်လာမည့်နေရာသို့ ပြောင်းရွေ့ကာ မြို့တည်လေသည်။ ပြီးလျှင် ဝပ်ဖရခရုမ်ကျောင်း ပါဝင်သည့် မင်းနေပြည်တော်အား တည်ဆောက်လေသည်။ ၁၇၈၄ ခုနှစ်တွင် ဝပ်ဖရာ့ခရုမ်ကျောင်းအား သန့်ရှင်းစေပြီး မြဘုရားကိုလည်း ၁၇၈၄ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ခမ်းနားထယ်ဝါပြီး ဘုန်းကျက်သရေနှင့် ပြီးပြည့်စုံစွာ ဝပ်ဖရာ့ခရုမ် သိမ်တော်သို့ ပင့်ဆောင်ပူဇော်လေသည်။

ဒဏ္ဍာရီများ[ပြင်ဆင်ရန်]

မြဘုရားနှင့် ပက်သက်သည့် ဒဏ္ဍာရီအမြောက်အများကို ဇိနကာလာလာ၊ အမရကတဗုဒ္ဓရုပနိဒန နှင့် လွန်ခဲ့သည့် ၁၅ ရာစုခန့်က ဗြဟ္မရာဇပညာရေးသားခဲ့သည့် ရတနဗိမ္မဝံသ သို့မဟုတ် မြဘုရား ရာဇဝင်တော်ကြီး ကဲ့သို့သော စာပေအရင်းအမြစ်များတွင် တွေ့ရသည်။[၅] အကြောင်းအရာများအား အမျိုးမျိုးသော ပုံစံတို့ဖြင့် ရောနှောတွေ့ရှိရသည်။ [၆]ဒဏ္ဍာရီများအရ လွန်ခဲ့သော ၄၃ ဘီစီအီး က အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည်မှ ရဟန်းတော် အရှင်နာဂသေနသည် မြဘုရားရုပ်တုအား တည်ထားကိုးကွယ်တော်မူသည်ဟူ၏။ ထိုအရှင်နာဂသေနသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၅၀၀ ကြာသောအခါ၌ ဟိန္ဒူနတ် ဗဿနိုး နှင့် ဣန္ဒာ တို့၏ အကူအညီအား ရယူပြီး မြဘုရားအား ထုဆစ်တော်မူသည်ဟု ဒဏ္ဍာရီတွင် ဖော်ပြထားသည်။[၇] ထို့နောက် နိမိတ်ဟောသည်မှာ-

"ဤဗုဒ္ဓဆင်းတုတော်သည် ကြီးကျယ်မြင့်မြတ်လှသော တိုင်းပြည်ကြီး ၅ ခု သို့ ကြွရောက်သီတင်းသုံးလိမ့်မည်ဖြစ်သည်။ ထိုပြည်ကြီး ၅ ပြည်ကား လင်္ကာဒီပပြည် (သီရိလင်္ကာပြည်)၊ ရာမာလင်္ကပြည်၊ ဒွာရဝတီပြည်၊ ချင်းမိုင် နှင့် လန်ချောင်(လောနိုင်ငံ) တို့ဖြစ်ကြသည်။ "

ထိုတွင်ဆိုသည်မှာ ပါဋလိပုတ်ပြည်ကြီးတွင် နှစ်ပေါင်း ၃၀၀ စံပယ်တော်မူပြီးနောက် ထိုပြီးကြီး၏ ပြည်တွင်းစစ်များမှ ရောင်ရှားရန်အတွက် သီရိလင်္ကာပြည်သို့ ပြောင်းရွေ့စံပယ်တော်မူစေသည်။ အခြား ဒဏ္ဍာရီတစ်ခုတွင်ဆိုသည်မှာ ၄၅၇ ခုနှစ်တွင် အနော်ရထားမင်းကြီးသည် ပုဂံပြည်၌ ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားစေရန် ရည်ရွယ်ပြီး သီရိလင်္ကာပြည်သို့ ပိဋိကတ်သုံးပုံနှင့် မြဘုရာအား ပင့်ဆောင်ရန် တာဝန်တစ်ရပ်ပေးအပ် စေလွှတ်တော်မူလေသည်။ ထိုသို့ ပင့်ဆောင်လာခဲ့ပြီး အပြန်ခရီးတွင် မုန်တိုင်းမိကာ သင်္ဘောပျက်ခြင်း ဆိုက်ရောက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံတွင် သောင်တင်ကြလေသည်။ ၁၄၃၂ခုနှစ် ထိုင်းတို့ အန်ကောဝတ်အား သိမ်းပိုက်ရရှိပြီးနောက် မြဘုရားအား အယုဒ္ဓယပြည်ရှိ ကံဖယ်ဖတ်၊ လာအို နှင့် ချင်းရိုင်းပြည်များအား အုပ်ချုပ်သည့် မင်းများက မြဘုရားအား ပြန်လည် တွေ့ရှိချိန် ၁၄၃၄ ခုနှစ်ထိတိုင် သိုဝှက် ကိုးကွယ်ခဲ့ကြသည်။ [၈]

မြဘုရားသီတင်းသုံးတော်မူခဲ့သော ကျောင်းတော်များ[ပြင်ဆင်ရန်]

ရာသီအလိုက် သင်္ကန်းကပ်လှူခြင်း[ပြင်ဆင်ရန်]

မြဘုရားအား ရွှေဖြင့်ပြုလုပ်ထားသော သင်္ကန်းသုံးစုံဖြင့် ရာသီအလိုက်ရွှေသင်္ကန်းကပ်လှူပူဇော်ကြသည်။ ထိုအလှတန်ဆာများအထဲမှ ၂ ခုအား ရာမ ၁ ဘုရင်မှ ပြုလုပ်ပြီး နွေရာသီသင်္ကန်းနှင့် မိုးရာသီသင်္ကန်းတို့ ဖြစ်ကြသည်။ တတိယအလှတန်ဆာတစုံအား ရာမ ၃မှ ပြုလုပ်ကာဆောင်းရာသီတွင်ပူဇော်ရန်အတွက်ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဘုရင် ဘူမိဘောအဒူလျာဒက်၏ ရွှေရတုအခမ်းအနားကျင်းပရန် တော်ဝင်အိမ်ထောင်စု ဗျူရိုကရေစီမှ ရာသီအလိုက်အလှတန်ဆာဆင်သင်္ကန်းများအား တူညီသည့် ပစ္စည်းများဖြင့် ပြုလုပ်ရန် တာဝန်လွဲအပ်ခဲ့သည်။ ဤသင်္ကန်းအစုံသစ်ရန်ပုံငွေအတွက်အား အလှူငွေကောက်ခံခြင်းဖြင့် ထောက်ပံ့ခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀ကျော်ခန့်က ပြုလုပ်ခဲ့သည့် ပထမမူလ ရွှေသင်္ကန်းအားသိမ်းဆည်းထားရန်အတွက် နန်းတော်အလယ်ရှိ မြဘုရားပြတိုက်တွင် ပြသထားသည်။

ထိုင်းဘုရင်၏ (သို့) သူ၏ကိုယ်စားနန်းတော်မှအကြီးတန်းအဖွဲ့ဝင်တစ်ဦးမှ လရာသီအလိုက်ရွှေသင်္ကန်းလဲလှယ်ခြင်းအခမ်းအနားကိုပြုလုပ်ပြီး ရွှေသင်္ကန်းလဲလှယ်၏။ ၄ လပိုင်း ၈ လပိုင်းနှင့် ၁၂လပိုင်း လဆုတ်ရက်များတွင် ပြုလုပ်သည်။

ရာသီသုံးရာသီအတွက် မြဘုရားအတွက် ရွှေသင်္ကန်းအစုံများမှာ နွေရာသီ မတ်လမှဩဂုတ်လအတွက် ရွှေမကိုဋ် (makuṭa)၊ ရင်သိုင်းကြိုး ခါးပန်း လက်ကောက်၊ လက်ကောက်များ၊ လက်ကောက်များနှင့် တော်ဝင်ဝတ်ဆင်သည့်အခြားပစ္စည်းမျာ၊ ပစ္စည်းအားလုံးသည်ကြွေထည်ဖြင့်ပြုလုပ်ထားပြီးအဖိုးတန်သောကျောက်မျက်ရတနာများဖြင့်စီချယ်ထားသည်။ မိုးရာသီ ဩဂုတ်မှ နိုဝင်ဘာလအတွင်း နီလာဖြင့်စီချယ်ထားသည့် ရွှေမကိုဋ်၊ ရွှေသင်္ကန်းအား ပုခုံးတဘက်ခြင်းချထားဟန်ရုံပေးခြင်းဖြင့် ပူဇော်ကြသည်။ အေးမြ/ဆောင်းရာသီရာသီမှာ နိုဝင်ဘာလမှမတ်လအထိဖြစ်ပြီး စိန်စီထားသည့် ရွှေမကိုဋ်နှင့် ရတနာများစီချယ်ထားသည့် ရွှေခြုံပုဝါအား ကပ်လှူသည်။ အခြားရွှေသင်္ကန်းအစုံတော်များအား အသုံးမပြုလျှင် တော်ဝင်အလှဆင်ပြင်အဆင်တန်ဆာများ ထားရှိရာ ပါဝိဠီယျံအနီး ထိုင်းဒင်္ဂါးများထားရှိရာမြေဖြစ်သည့် တော်ဝင်နန်းတော်ရှိနေရာတွင် လူအများကြည့်ရှူနိုင်ရန် ပြသထားရှိလေသည်။

မြဘုရားအား ရာသီအလိုက်တန်ဆာဆင်ထားသည့် ရွှေသင်္ကန်းများနှင့် ဖူးတွေ့ရပုံ၊ ဘယ်မှ ညာသို့၊ နွေရာသီ မိုးရာသီ ဆောင်းရာသီ

ထူးခြားချက်[ပြင်ဆင်ရန်]

မြဘုရားသည် မျက်နှာတော်သည် မြန်မာနိုင်ငံဘက်သို့သာ မူထားလျက် ရှိသည်။

ဘုရားဖူး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံမှ ဘုရားဖူးများသည် ဘန်ကောက်သို့ရောက်သည့်အခါ မြဘုရားကို အလျင် ဦးတိုက်လေ့ ရှိသည်။ ဘုရားဖူးလာသူများကို ဘောင်းဘီတို၊ အကြပ်၊ စကတ်တိုများ၊ လည်ဟိုက်အင်္ကျီ၊ တီရှပ် စသည် ယဉ်ကျေးမှုနှင့် မလျော်ညီသော အဝတ်များ ဝတ်ဆင်ခွင့် မပြုထားဘဲ ဝတ်လာပါက ပြင်ပတွင် ဖွင့်လှစ်ထားသော အရောင်းဆိုင်များ၌ ဝယ်ယူ လဲလှယ် ဝတ်ဆင်ခိုင်းသည်။ [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Chapel of the Emerald BuddhaBangkok For Visitors
  2. Diskul (M.C.)၊ Subhadradis (1982)။ History of the Temple of the Emerald Buddha (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Bangkok: Bureau of the Royal Household။
  3. Williams၊ China; Aaron Anderson; Brett Atkinson; Becca Blond; Tim Bewer (2010-09-15)။ Thailand (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Lonely Planet Publications။ pp. 350–352။ ISBN 978-1-74220-385-027 March 2010 တွင် ပြန်စစ်ပြီး
  4. M.C. Subhaddradis Diskul။ Wat Phra Kaew
  5. Cousins၊ L.; Kunst၊ A.; Norman၊ K. R. (1974)။ "Pāli Literature of Thailand"။ in L. Cousins; A. Kunst; K.R. Norman (eds.)။ Buddhist Studies in Honour of I.B. Horner (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Springer Science & Business Media။ pp. 211–225။ doi:10.1007/978-94-010-2242-2ISBN 978-94-010-2242-2
  6. Stratton၊ Carol (2004)။ Buddhist Sculpture of Northern Thailand (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Serindia Publications, Inc.။ pp. 269–270။ ISBN 978-1-932476-09-5
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named EricRoeder
  8. https://scholarspace.manoa.hawaii.edu/bitstream/handle/10125/2542/The%20Origin%20and%20Significance%20of%20the%20Emerald%20Buddha.pdf?sequence=1
  9. https://www.shwelight.com/posts/28958/?fbclid=IwAR3hmbnQTpoEuP1K5A1Qfraj7gjQrwc7mTJB8EexsDMPBw6QLKJQbWvzHYY[လင့်ခ်သေ]