မြန်မာ့ထီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထီးသည် နေပူသည့်အခါ အပူမှကာကွယ်ရန်၊ မိုးရွာသည့်အခါ စွတ်စိုခြင်းမှ ကာကွယ်ရန်၊ ဦးခေါင်းထက်တွင် အုပ်မိုးရသော လူ့အသုံးအဆောင်ပစ္စည်းဖြစ်သည်။ သို့ရာတွင် မြန်မာမှုအနေဖြင့်ကား၊ ထီးသည် လူသုံးပစ္စည်းတစ်ရပ်မျှသာ မဟုတ်ချေ။ လူတို့၏ အပူဇော်ခံယူထိုက်ခြင်းနှင့် တန်ခိုးအာဏာရှိခြင်းတို့ကို ပြသော အထိမ်းအမှတ်ပစ္စည်းလည်းဖြစ်သည်။ ထိုကြောင့် ဘုရားပုထိုးတို့၌တင်ရသော ထီးတော်၊ မင်းမြောက်တန်ဆာအဖြစ်ဖြင့်သုံးသော မင်းသုံးနန်းသုံးထီး၊ မှူးကြီး မတ်ရာ သေနာပတိတို့သုံးသော ထီး၊ သာမန်လူသုံး ထီးဟူ၍ အမျိုးမျိုးရှိသည်။

အနက်အဓိပ္ပါယ်[ပြင်ဆင်ရန်]

ထီးဟူသော မြန်မာဝေါဟာရစကား၏ အနက်အဓိပ္ပါယ်မှာ အရိုးတစ်ချောင်းတည်းဖြင့် ပြုအပ်သည်ကို အကြောင်းပြု၍ အထီး-ထီးဟု-ဟူ၍၊ ဤနေရာမျိုးတွင် အနက်အဓိပ္ပါယ်ကို ကောက်ယူရ၏။ အချို့နေရာများ၌ ပုလ္လိင်ဟူသောအနက် တစ်ဦးတည်း၊ တစ်ယောက်တည်း အထီးကျန်ဟူသောအနက်တို့၌ ဖြစ်၏။ နရစောမီး၊ တဝင်းထီးနှင့်၊ ညီးညီးလျှံမောက်၊ ရိပ်ဖြူဆောက်လျက်ဟူသော မီးနှင့်ထီး ခွဲထားစပ်ထုံးကို ထောက်သဖြင့် ထီးဟူ၍သာ ရေးရမည်ဖြစ်ပေ၏။

မင်းသုံး ထီး[ပြင်ဆင်ရန်]

မင်းမြောက်တန်ဆာငါးပါးတွင် ထီးသည်တစ်ပါးအပါအဝင် ဖြစ်သည်။ မင်းသုံးနန်းသုံးထီး၏ သဘောမှာ မင်းတို့၏ အချုပ်အချာအာဏာပိုင်ခြင်းကို ဖော်ပြသော အထိမ်းအမှတ် အဆောင်အယောင် သဘောဖြစ်သည်။ ရွှေဘုံနိဒါန်းတွင် နန်းမ နန်းဦး၌ ထီးမပြတ်စိုက်ဆောက်လျက်၊ ထီးရိပ်တွင် ဧကရာဇ် မင်းမြတ်တို့ စံပယ်သည်ဟုဆိုသည်။ ထိုထီးမှာ ထီးဖြူဖြစ်သည်။ ပြူစောထီး၏ ထီးဖြူသည် လုံးပတ်သုံးထွာ၊ သန္တာအရိုး ကိုးတောင် နှစ်မိုက်၊ အထွတ် ပတ္တမြားတပ်သော ထီးဖြစ်၏ ဟူ၍လည်း ရွှေဘုံနိဒါန်း၌လာသည်။ ထိုပြင် ထွက်တော်မူသောအခါ ဆောင်းမိုးရသော ဆောင်းထီးများလည်း ရှိသေးသည်။ ရာဇာဘိသေကကျမ်းလာ ထီးဖြူလေးစင်းတို့တွင် -

  1. ပြာသာဒ် အဆင့်ကဲ့သို့ ထီးရွက် ၉ ဆင့်ရှိ၍၊ အရိုး ၁ဝ တောင်ရှည်ပြီးလျှင်၊ ရွှေမြူတာအိုး အထွတ်တပ်သော နဝဒဏ္ဍထီး၊
  2. ထီးရိုး ၆ တောင်ရှည်သော မနောဟရီထီး၊
  3. ထီးရိုး ၅ တောင် ရှည်သော အာတပတြထီးတို့သည် အဆောင်အယောင်အဖြစ်ဖြင့် နန်းတော်၌ စိုက်ရသောထီးများဖြစ်၍၊
  4. ထီးရိုး ၄ တောင် ရှည်သော ဝိဇယပတြထီးမှာ ဘုရင်မင်းမြတ်တို့ ထွက်တော်မူသောအခါ ဆောင်းရန်အတွက် အခါခပ်သိမ်း ဆောင်းအပ်သော

ထီးဖြစ်သည်။ (အထက်ပါ၌ နဝဒဏ္ဍထီးကို ထီးရိုး ၁ဝ တောင်ဟု အမှတ်အသားရှိသော်လည်း၊ နဝဒဏ္ဍ၏ အဓိပ္ပါယ်အတိုင်းဆိုလျှင် ထီးရိုးသည် ၉ တောင်သာရှိသင့်၏။)

မင်းသုံးဖြစ်သော ထိုထီးတို့မှာ ထီးတစ်လက်၏အဖို့ အစိတ်အပိုင်းအားဖြင့် ကိုးပိုင်းရှိ၏။ အထက်မှ အောက်သို့-

  1. အထွတ်စိန်ဖူး
  2. ငှက်မြတ်နား
  3. ရာမလက်ညှိုးခေါ်စွန်မြီး
  4. မြူတာ
  5. ထီးချက်
  6. သတောင်းလည်
  7. ကြာယပ်
  8. ထီးရိုး
  9. ထီးခုံဟူ၍ ကိုးပိုင်းရှိလေသည်။

ထီးစောင့်နတ်များ[ပြင်ဆင်ရန်]

ထိုထီးတို့မှာ နန်းတွင်း၌ အမျိုးမျိုးဖြစ်၍ ထီးကို စောင့်သောနတ်များနှင့်ထီးလုပ်ပုံ လုပ်နည်း၊ မည်သို့သုံးစွဲသည်တို့ကို ရွှေဘိုနိဒါန်း၌ ဖော်ပြထားသည်မှာ *ကနကဒဏ်ထီးကို သမ္မာဒေဝနတ်သမီးစောင့်သည်။

  • သမုဒ္ဒရာဇ်ထီးကို သမုဒ္ဒရာဇ်နတ်သမီး စောင့်၏။
  • စန္ဒထီးကို စန္ဒနတ်သမီး စောင့်သည်။
  • ပဒုမထီးကို ပဒုမာနတ်သမီးစောင့်သည်။
  • သမုက္ခထီးကို သမုက္ခနတ်သမီးစောင့်သည်။
  • ဝိသုကြုံထီးကို ဝိသုကမ္မနတ်သမီးစောင့်သည်။
  • ကမ္ဗုထီးကို ကမ္ဗုနတ်သမီး စောင့်သည်။
  • ဥရူထီးကို ဥရူနတ်သမီးစောင့်သည်။
  • သမ္မုတိထီးကို သမ္မုတိနတ်သမီး စောင့်သည်။

ထိုထီးများ၏အရပ်အဝအတွင်း ရွှေခြူးညောင်ရွက်၊ ကြယ်၊ ပုလဲဆိုင်း၊ သန္တာဆိုင်း၊ စိန်ဆိုင်း၊ မြဆိုင်း၊ ပတ္တမြားဆိုင်းမှစ၍ ရွှေချိန်ကျောက်ဝင် လုပ်ရိုးဆောင်ရိုးအထားအနေများမှာ စာစောင်များတွင် အင်းစောက်နှင့် ဇာလျားပြကာ ရှိပြီဖြစ်၍ အထူးမဆိုပြီ။ တေမိဇာတ်တော်ကို ထောက်သဖြင့် ထီးကို နတ်သမီးစောင့်ကြောင်းကို သိရသည်။

မဟာသမ္မတမင်း ဆောင်းသည့်ထီး[ပြင်ဆင်ရန်]

သမ္မုတိထီးမှာ ကမ္ဘာအစ လူတို့မင်းမြှောက်၍ မင်း၏အဖြစ်ဖြင့် သမုတ်ခြင်း၊ သုံးပါးသောအမည်ခံသဖြင့် မဟာသမ္မတ ခတ္တိယမင်း ဆောင်းသည့်ထီးဖြစ်၍ သမ္မုတိထီးခေါ်ဝါ်သည်။ ကမ္ဘာတည်စ နေလကို အစွဲပြု၍ စန္ဒထီး၊ သူရိယထီး သမုတ်သည်။ သမ္မုတိထီး၊ စန္ဒထီး၊ သူရိယထီး သုံးစင်းသည် မဟာသမ္မတမင်းဆောင်းသည့်ထီး ဆိုသည်။

ကနကဒဏ်ထီး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကနကဒဏ်ထီး

ကနကဒဏ်ထီးမှာ သုဒဿနစကြာမင်းလက်ထက် ကျွန်းဦးဇမ္ဗုသပြေရွှေကို ထီးအရိုးလုပ်သဖြင့် ကနကဒဏ် ခေါ်ဝေါ်သည်ဆိုသည်။ ကဝိလက္ခဏဒီပနီတွင် အထက်ဖော်ပြရာပါ ရာဇဘိသေကဟူသော သက္ကဋကျမ်းဂန်မရောက်မီ၊ မြန်မာနိုင်ငံ ရွှေထီးရွှေနန်း အဆက်ဆက် ဥကင်တော် သီဟာသန ရာဇပလ္လင်တွင် လက်ဝဲထီးဖြူလေးစင်း၊ လက်ျာထီးဖြူလေးစင်း၊ နှစ်ခုပေါင်းသော် ထီးဖြူရှစ်စင်းရသည်ကို လက်မွန်ရှေးဦး ပညာရှိတို့က အမည်သညာ သမုတ်ထားနှင့်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားလေသည်။ ထိုထီးဖြူရှစ်စင်းတို့မှာ -

  • ကနကဒဏ်ထီး နှစ်စင်း၊
  • တမွတ်ထီး နှစ်စင်း၊
  • ယာဉ်ထီး လေးစင်းဖြစ်သည်ဟု လောကဗျူဟာခေါ် အင်ရုံစာတမ်း၌လာသည်။

ကနကဒဏ်ထီးသည် ပကတိရွှေသားကို အရိုးလုပ်သောကြောင့် ကနကဒဏ်ထီးဟုခေါ်သည်။ တမွတ်ထီးမှာ ရှေးစကားဟောင်း ကြီးမြတ်သည်ဟု အဓိပ္ပါယ်ရသော တမွတ်သဒ္ဒါကိုစွဲ၍ မှည့်ခေါ်သောထီးဖြစ်၍ ကြီးမြတ်သော ထီးဟု အဓိပ္ပါယ်ရသည်။ ယာဉ်ထီးမှာ ဧကရာဇ်မင်းမြတ်တို့ဝယ် ဆင်ယာဉ်၊ ရထားယာဉ်၊ လှေယာဉ်သုံးပါး၌ ထီးဆောက်သည် ဖြစ်၍ ယာဉ်ထီးဟုခေါ်လေသည်။ လောကဗျူဟာစာတမ်းအလို လက်ျာ ထီးဖြူလေးစင်းဟူသည်မှာ ကမ္ဗုထီး၊ စန္ဒထီး၊ ပဒုမထီး၊ သမ္မုတိထီးဖြစ်သည်။ လက်ဝဲထီးဖြူလေးစင်းမှာ ကနကဒဏ်ထီး၊ သူရိယထီး၊ ဝိသုကမ္မထီး သမုက္ခထီးဖြစ်သည်။

စေတီဘုရား ထီးတော်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ စေတီပုထိုးတို့၌တင်သော ထီးတို့ကား များသောအားဖြင့် ကြေး၊ သံ၊ သံဖြူ စသည်တို့နှင့် ပြုလုပ်သော ထီးများဖြစ်ကြသည်။ ထီးတော်ပြုလုပ်ရာ၌ ကြေးခွေ၊ သံခွေ တို့ကို အောက်ခြေမှအထက်သို့ အရစ်အရစ်ဆင့်လျက်၊ မကိုဋ် သရဖူသဏ္ဌာန် ဘုံအဆင့်ဆင့် ပြုလုပ်လေ့ရှိကြသည်။ ထီးကို အများအားဖြင့် ငါးဆင့်၊ ခုနစ်ဆင့်၊ ဆယ့်တစ်ဆင့်ဟူ၍ ပြုလုပ်ကြသည်။ ထီးကို စေတီ၏ချယားသီး (ဝါ) ငှက်ပျောဖူးတွင် တပ်ဆင်၍ ထီးထက်၌ ငှက်မြတ်နားနှင့် စိန်ဖူးများကို တပ်ဆင်ရသည်။ ထီးဆင့်များ၌ ညောင်ရွက်များနှင့် ဆည်းလည်းများကိုလည်း တပ်ဆင်လေ့ရှိသည်။ ဆတ္တာဝလိ ထီးအဆင့်ဆင့်မျိုး၏ပုံစံကို မှော်ဇာမြို့ ခင်ဘားကုန်းမှ တူးဖော်ရရှိသော စေတီတွင် တွေ့မြင်နိုင်ပေသည်။

အိန္ဒိယနိုင်ငံရှိ စေတီပုထိုးတို့တွင် စေတီပုထိုးတို့၏ အထွတ်၌ သစ်သားထီးရိုးတပ်၍ အရွက်အဆင့်ဆင့်ရှိသော ထီးတော်ကို တင်လေ့ရှိသည်။ ယင်းထီးကို ဆတ္တာဝလိဟုခေါ်သည်။ ထီးရွက်သုံးဆင့်ရှိသောထီးကို ဘီစီ ၁ဝဝ ခန့်က တည်သော ဆန်ချီပုထိုးတွင် တွေ့မြင်နိုင်ပေသည်။ ထီးရွက်သုံးဆင့်ထက်ပိုသော ထီးတော်တို့ကိုမူ အနုရာဓပူရရှိ ထူပါရာမပုထိုး(ဘီစီ ၂၄၆)၌၎င်း၊ ဆာရနတ်ရှိပုထိုး (အေဒီ ၆ ရာစု)၌၎င်း တွေ့မြင်နိုင်ပေသည်။ ထိုထီးတို့သည် အများအားဖြင့် သစ်သားထီး သော်၎င်း၊ ကျောက်ထီး သော်၎င်း ဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ စေတီပုထိုးတို့၏ ထီးနမူနာကို ပြရမည်ဆိုလျှင် အထင်ရှားဆုံးဖြစ်သော ရွှေတိဂုံစေတီတော်ကြီး၏ ထီးကိုပြရပေလိမ့်မည်။ သို့ရာတွင် ယခုခေတ်၌ မြန်မာပိသုကာအတတ်တွင် အသစ်တီထွင်လျက်ရှိကြသည်။ ဗိုလ်တထောင်ဘုရား၏ ထီးတော်နှင့် ရွှေမော်ဓောဘုရား၏ ထီးတော်တို့မှာ အသစ်တီထွင်သော ပုံစံများဖြစ်ကြပေသည်။ ဤထီးကို သမ္မတခေတ် ထီးဟုခေါ်သည်။ ထိုထီးတွင် ထီးရွက်ငါးဆင့်ထားသည်။ ထိုထီးရွက်ငါးဆင့်ကို တီထွင်သူတို့၏ ရည်ရွယ်ချက်ကား၊ ဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူပွင့်သည်ကို၎င်း၊ ပြည်ထောင်စုအလံတော်တွင် ပြည်နယ်တို့ကို ရည်ညွှန်းသော ကြယ်ငါးပွင့်ရှိသည်ကို၎င်း ရည်ရွယ်သည်ဟုဆိုသည်။

စေတီပုထိုး၏ အထွတ်အထိပ်၌တင်သော ထီးအပြင်၊ ဘုရားပုထိုး စသည်တို့အား ကပ်လှူပူဇော်သော ထီး များလည်းရှိသေးသည်။ ဘုရားတွင် ချိတ်ဆွဲ စိုက်ထူထားသည့် ထီးများကို ထွားထီးဟုခေါ်သည်။ ထွားထီးမှာ ရှေ့တွင်ဖော်ပြလတ္တံ့သော မင်းသုံးထီး၏ပုံစံအတိုင်းဖြစ်၍၊ သတောင်းလည်၊ ကြာယပ်၊ ရွှေခြည်၊ ငွေခြည်၊ ပုတီး၊ ဘော်ကြယ်ပွင့်များ စသည်တို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံမှ မှာယူသုံးစွဲသော သံကိုင်း၊ သံရိုးနှင့်ပြုလုပ်သည့် ပိုးထီး၊ ဖဲထီး၊ ပိတ်ထီး အမျိုးမျိုးရှိသော်လည်း မြန်မာနိုင်ငံဖြစ် ပိတ်ထီး၊ ပိုးထီးတို့သည် များစွာခေတ်စားလျက်ပင်ရှိပေသည်။ ပုသိမ်မြို့တွင်လုပ်သော ပုသိမ်ထီးများသည် မြန်မာနိုင်ငံ၌သာမက နိုင်ငံခြား၌လည်း ထင်ရှားကျော်စောသည်။ မန္တလေးအိမ်တော်ရာတွင်လုပ်သောထီးကို ဒေသစွဲ၍ အိမ်တော်ရာထီးဟုခေါ်သည်။ ရန်ကုန်မြို့တွင် ရှေးက ထီးတန်းရပ်ကွက်တွင် ထီးကို မြောက်မြားစွာလုပ်သည်။ ယခုခေတ်၌မူ ရန်ကုန်မြို့တွင်း နေရာအနှံ့အပြားတွင် မြန်မာထီးများကို ပြုလုပ်ကြသည်။

အထက်ဖော်ပြရာပါ လူသုံးထီးများအပြင် ရွှေထီး၊ ထွားထီး၊ ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး စသည်တို့ကိုလည်း လုပ်ကိုင်ကြသည်။ ရွှေထီးတွင် ထီးရွက်အဝန်း၏ ချင်းဝက် ၁၈ လက်မမှသည် လက်မ ၂ဝ အထိရှိရသည်။ ထီးခရိုင် ၃၄ ချောင်းပါမြဲဖြစ်သည်။ ရဟန်းဆောင်းထီး၌ ထီးရွက် ချင်းဝက် ၁၈ လက်မရှိလျှင် ထီးခရိုင်အချောင်း ၅ဝ ပါရှိရသည်။ ထီးရွက် ချင်းဝက် ၂၂ လက်မရှိသော် ထီးခရိုင် အချောင်း ၆ဝ၊ ထီးရွက် ချင်းဝက် ၂၄ လက်မရှိသော်၊ ထီးခရိုင် အချောင်း ၇ဝ ပါရှိရသည်။ ယောကျာ်းဆောင်းထီး၌ ထီးရွက် ချင်းဝက် ၁၆ လက်မရှိ၍၊ ခရိုင် ၄ဝ မိန်းမဆောင်းထီး၌ ထီးရွက် ချင်းဝက် ၁၄ လက်မရှိ၍၊ ခရိုင် ၃ဝ၊ ခလေးဆောင်းထီး၌ ထီးရွက် ချင်းဝက် ၁ဝ လက်မရှိ၍ ခရိုင် ၂၆၊ ထွားထီး၌ ထီးရွက်ချင်းဝက် ၆ လက်မမှ ၈ လက်မအထိရှိ၍၊ ခရိုင် ၃၄ ချောင်းဟူ၍ အသီးသီး ပါရှိရသည်။ သို့သော် ယခုဖော်ပြသော အချက်အလက်တို့သည် ယေဘုယျသဘောမျှသာဖြစ်သည်။ ထီးလုပ်သူတို့သည် မိမိတို့၏ အတိုင်းအတာနှင့် မိမိ အမျိုးမျိုးပြုလုပ်လေ့ရှိရာ၊ မည်သည့်ထီးမျိုး၌ အတိုင်းအတာနှင့် မိမိ အမျိုးမျိုးပြုလုပ်လေ့ရှိရာ၊ မည်သည့်ထီးမျိုး၌ အတိုင်းအတာသည် မည်သို့ ပုံသေထားရမည်ဟု မရှိချေ။ ထီးတွင်ပါဝင်သော အစိတ်အပိုင်းများမှာ ထီးရွက်၊ ထီးထိပ်ဖူး၊ ထီးခေါင်း၊ ထီးအုံ၊ ထီးတံ၊ ခရိုင်၊ ထီးရိုး၊ ခလုတ်၊ လက်ကိုင်၊ အုံးပန်း၊ ထီးကွင်း စသည်တို့ဖြစ်သည်။ ထီးခလုပ်ကို ရှေးကထီးရိုး၌ အပေါက်ဖောက်၍ သစ်သားစို့ လျှိုသွင်းကာ ပြုလုပ်ကြ၏။ ယခုမူ သံစို့နှင့်ပြုလုပ်သည်။ ထီးရိုးမှာမူ ပန်းရိုး၊ ကျားရိုး၊ ပြောင်းရိုး၊ ခြစ်ရိုးဟူ၍ အမျိုးမျိုးရှိသည်။ ခရိုင်သည် ထီးတံ၏သုံးချိုးတချိုးရှိသည်။ ခရိုင်ကို ထီးတံ၏ သုံးချိုး တချိုး အထက်၌ ထောက်ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)