ချယားသီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရွှေတိဂုံစေတီတော်၏ အစိတ်အပိုင်းများ

စေတီပုထိုးများတွင် ထီးစိုက်ရန် အောက်ခံဖြစ်သော အစိတ်အပိုင်းမှာ အလယ်ပူ၍ အထက်အောက် ရှူးသော ပုံသဏ္ဌာန်ရှိသောကြောင့် ချယားသီးဟု ခေါ်၏။ ချယားသီးသည် ခယားသီးဟုလည်း ရေးသားကြသည်။ ချယားသီးမှာ ကြာလန်နှင့် ထီး စပ်ကြားတွင်ရှိသော စေတီ၏အစိတ်အပိုင်းဖြစ်သည်။ ယင်းကို ငှက်ပျောဖူးဟူ၍ လည်းကောင်း၊ ဆပ်သွားဖူးဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသေးသည်။ ချယားသီးကို ပျို့ လင်္ကာများတွင် ဆပ်သွားဟု ရေးကြသည်။

ချယားသီး၏ လုံးပတ်ပမာဏမှာ စေတီတော်ဖိနပ်၏ ၁၅ ချိုး တစ်ချိုးဖြစ်သည်ဟု လက်သမားကျမ်းများ၌ ပါရှိသည်။ စေတီတစ်ဆူအား ကိုယ်လုံးပြည့် ရွှေချသည် သို့မဟုတ် ရွှေ သင်္ကန်းကပ်လှူသည်ဟု ဆိုလျှင် စေတီဖိနပ်တော်မှ ချယားသီးအထိ ရွှေပိန်းချသည်ဟု နားလည်ကြသည်။

မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများတွင် ချယားသီး သဏ္ဌာန်ကို ထည့်သွင်း၍ ဆောက်လုပ်မွမ်းမံထားခြင်းမှာ မြန်မာပိသုကာအနုပညာ၏ ရိုးရာမပျက်သော လက်ရာတစ်ခုပင် ဖြစ်ပေသည်။

ချယားသီးဆပ်သွားဖူးများနှင့် စပ်လျဉ်း၍ ဖွဲ့ဆိုထားသော အဖွဲ့အခြီး အများပင် ရှိသည်။ ပြည်စုန် မော်ကွန်းတွင် မောင်းမောင်းညီးညီး၊ ချယားသီးထက်၊ ရွှေထီးလှတင့်၊ ကိုးထပ်ဆင့် သား၊ စသည်ဖြင့် စပ်ဆိုထားလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)