မာတိကာသို့ ခုန်သွားရန်

မြန်မာဓာတ်ပုံမော်ကွန်းသည်

ဝီကီပီးဒီးယား မှ
လက်ဖြင့်ဆေးခြယ်ထားသော မြန်မာနိုင်ငံရှိ အမျိုးသမီးတစ်ဦး၏ စတူဒီယိုဓာတ်ပုံ၊ ၁၉၁၀ ခန့်

မြန်မာဓာတ်ပုံမော်ကွန်းသည် (အင်္ဂလိပ်: Myanmar Photo Archive; အတိုကောက် MPA) သည် ၁၈၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများ၏ မော်ကွန်းတိုက်တစ်ခုဖြစ်သလို မြန်မာပြည်၏ ဓာတ်ပုံဆိုင်ရာ ယဉ်ကျေးမှုအကြောင်း အသိပညာပေးသည့် လူထုပရောဂျက်တစ်ခုလည်း ဖြစ်သည်။ MPA သည် ပြပွဲများ၊ အွန်လိုင်းရင်းမြစ်များ၊ လူထုပွဲတော်များ တင်ဆက်ပေးကာ မြန်မာပြည်နှင့် ယခင်ဗမာပြည်ရှိ ဓာတ်ပုံရိုက်အတတ်ပညာ၏ သမိုင်းရာဇဝင်အကြောင်း စာအုပ်များ ထုတ်ဝေပေးသည်။ ဤစုဆောင်းမှုတွင် ဓာတ်ပုံနှင့် အခြားဆက်စပ်ပစ္စည်းပေါင်း ၃၀,၀၀၀ ကျော်ပါဝင်ပြီး မြန်မာပြည်၏ ဓာတ်ပုံရာဇဝင်အတွက် အကြီးမားဆုံးသော မော်ကွန်းတိုက်ကြီးတစ်ခု ဖြစ်သည်။

သမိုင်းနှင့်လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]
မြန်မာဓာတ်ပုံပညာရှင် ဦးကြွက် အလုပ်လုပ်နေစဉ်၊ အာရှစတူဒီယို၊ ရန်ကုန်၊ ၁၉၄၀ ပြည့်လွန်နှစ်များ
ဒက်ဘယ် အိတ်စ်ပိုရှာဖြင့် အမှောင်ခန်းထဲတွင် ရိုက်ကူးထားသော ကလေးတစ်ဦး၏ ဓာတ်ပုံ၊ ရန်ကုန်၊ ၁၉၆၀ ပြည့်လွန်နှစ်များ

၂၀၁၃ ခုနှစ်တွင် ဩစတြီးယား ဓာတ်ပုံဆရာ Lukas Birk သည် မြန်မာပြည်ရှိ ဓာတ်ပုံရိုက်အတတ်ပညာ၏ သမိုင်းရာဇဝင်နှင့်ပတ်သက်သော ဓာတ်ပုံများကို စတင်စုဆောင်းကာ သုတေသနများ လုပ်ဆောင်ခဲ့သည်။ ထိုတစ်နှစ်တည်းတွင် သူသည် တရုတ်မြန်မာ ဓာတ်ပုံဆရာများ အပါအဝင် ပြည်တွင်းဓာတ်ပုံဆရာများနှင့် အပျော်တမ်းဓာတ်ပုံဆရာများ ရိုက်ကူးထားသော ဓာတ်ပုံများကို အလေးပေးစုဆောင်းထားသည့် Myanmar Photo Archive ဟုခေါ်သော ပထမဆုံး အများပိုင် ဓာတ်ပုံမော်ကွန်းတစ်ခုကို တည်ထောင်ခဲ့သည်။[][] ၎င်းတွင် ဓာတ်ပုံစတူဒီယိုများမှ ပုံများ၊ ပုဂ္ဂလိက ဓာတ်ပုံအယ်လ်ဘမ်များ၊ တရားဝင်ဓာတ်ပုံများ၊ ကုမ္ပဏီမှတ်တမ်းများ၊ မှတ်တမ်းရုပ်ရှင်နှင့် သိပ္ပံဆိုင်ရာ ဓာတ်ပုံများအပြင် စတူဒီယို ပစ္စည်းများ၊ ဓာတ်ပုံစလိုက်များနှင့် နက်ဂတစ်များ ပါဝင်သည်။ ၂၀၂၃ ခုနှစ်အထိ MPA သည် ပုံပေါင်း ၃၀,၀၀၀ ကျော်ပါဝင်သော မော်ကွန်းမှ ဓာတ်ပုံများအသုံးပြု၍ ပြပွဲပေါင်းများစွာကို ကျင်းပခဲ့သည်။[] မော်ကွန်းတိုက်မှ ဓာတ်ပုံများကို အသုံးပြုခြင်းဖြင့် MPA သည် ရန်ကုန်တွင် ဓာတ်ပုံစာအုပ် ထုတ်ဝေရေး ပရိုဂရမ်ကိုလည်း လုပ်ဆောင်လျက်ရှိသည်။[]

မော်ကွန်းတိုက်သည် မြန်မာပြည်၏ နိုင်ငံရေး သမိုင်းရာဇဝင်အစား လူတစ်ဦးချင်းနှင့် မိသားစုများ၏ ဓာတ်ပုံနှင့်ဖော်ပြထားသော ဇာတ်ကြောင်းဖြစ်ရပ်များ၏ လူမှုရေးဆိုင်ရာ အရေးပါမှုအပေါ် အလေးပေးသည်။[] Photo District News နှင့် ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် Birk သည် မော်ကွန်းတိုက်ကို တည်ထောင်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ မြန်မာပြည်တွင် ဓာတ်ပုံရိုက် ယဉ်ကျေးမှုအကြောင်း မှတ်တမ်းများ ယေဘုယျအားဖြင့် မရှိခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။[]

MPA သည် ဗြိတိသျှစာကြည့်တိုက် ၏ ပျောက်ကွယ်ရန်အန္တရာယ်ရှိသော မော်ကွန်းများ အစီအစဉ် နှင့် ရန်ကုန်ရှိ German Goethe-Institut မှ ကူညီပံ့ပိုးမှုများ ရရှိခဲ့သည်။[][]

ပြပွဲများ

[ပြင်ဆင်ရန်]
၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော ရန်ကုန်ဖက်ရှင်ပြပွဲသို့ လာရောက်ကြည့်ရှုသူများ

၂၀၁၇ ခုနှစ်တွင် MPA သည် မဟာဗန္ဓုလ ပန်းခြံတွင် ကျင်းပခဲ့သော ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ရန်ကုန်ဖက်ရှင် ၁၉၇၉ အမည်ရှိ ၎င်း၏ ပထမဆုံး အများပြည်သူပြပွဲကို တင်ဆက်ခဲ့သည်။ ထိုပြပွဲတွင် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များ၏ ပြည်တွင်းစတိုင် သို့မဟုတ် အနောက်တိုင်းစတိုင် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်များ၏ အကြီးချဲ့ထားသော ဓာတ်ပုံများကို ပြသခဲ့ပြီး ပွဲတက်သူများအား "စတူဒီယို ဓာတ်ပုံရိုက်အတတ်ပညာသည် အဝတ်အစားများ ဝတ်ဆင်၍ သူငယ်ချင်းများထံ ဓာတ်ပုံများဝေမျှရန် အခွင့်အလမ်းကို မည်ကဲ့သို့ ပေးအပ်ခဲ့ကြောင်း" သိရှိစေခဲ့သည်။[][]

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် MPA သည် ရန်ကုန်ဓာတ်ပုံပွဲတော်အတွက် သမိုင်းဝင် ဝန်ကြီးများရုံးတွင် အများပြည်သူပြပွဲတစ်ခုကို တင်ဆက်ပေးခဲ့သည်။ "မြန်မာဓာတ်ပုံဆရာများ" ဟုခေါ်သော ဤပြပွဲသည် ဓာတ်ပုံပေါင်း ၃၀၀ ကျော်အပြင် မြန်မာပြည်၏ သမိုင်းရာဇဝင်နှင့် ကိုလိုနီခေတ်မှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ဓာတ်ပုံရိုက်အတတ်ပညာ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များ တင်ဆက်ပေးခဲ့သည်။ အဆိုပါဓာတ်ပုံများအပြင် မြန်မာနိုင်ငံရှိ ခေတ်ပြိုင် ဓာတ်ပုံသတင်းထောက်များ၏ လက်ရာများ၊ ရုပ်ရှင်များနှင့် ကိုလိုနီခေတ် ဓာတ်ပုံစတူဒီယိုအတိုင်း ပုံစံတူပြုလုပ်ထားသည့် စတူဒီယိုတစ်ခုကို တွဲဖက်ပြသခဲ့သည်။[]

၂၀၁၉ ခုနှစ်တွင် MPA သည် မဟာဗန္ဓုလပန်းခြံတွင် ခေတ်ဟောင်းဓာတ်ပုံ ၂၅ ပုံကို ပြန်လုပ်ထုတ်လုပ်ထားမှုများကို ပြသခဲ့သည်။ အဆိုပါဓာတ်ပုံများကို အပျော်တမ်းဓာတ်ပုံဆရာ ဦးသန်းမောင်၏သမီးက ၂၀၁၈ ပြပွဲအကြောင်း သိရှိပြီးနောက် မော်ကွန်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံများကို နောင်တွင် ဦးသန်းမောင်၊ နံပါတ်တစ် အပျော်တမ်းဓာတ်ပုံဆရာ အမည်ရှိ ဓာတ်ပုံစာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။[][]

MPA မြေတောင်မြှောက်ပေးရေး အစီအစဉ်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် MPA နှင့် Goethe-Institut သည် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ပရိုဂရမ်အသစ်တစ်ခု စတင်ခဲ့သည်။"မြန်မာ့သမိုင်းအားအမြင်သစ်ဖြင့်ပုံဖော်ခြင်း" ဟု ခေါ်သည့် ဤပရိုဂရမ်သည် စာရေးဆရာများ၊ အမြင်ပိုင်းဆိုင်ရာ အနုပညာရှင်များ၊ ပြခန်းပိုင်ရှင်များ၊ ပြတိုက်မှူးများနှင့် အနုပညာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို မော်ကွန်းမှ ဓာတ်ပုံများကို မှီငြမ်း၍ ၎င်းတို့ကိုယ်ပိုင် ပရောဂျက်များ ဖန်တီးနိုင်စေရန်အတွက် ထောက်ပံ့ကြေး လေးဆယ့်ခုနစ်ခုကို ပေးအပ်ခဲ့သည်။[] MPA မှ ဓာတ်ပုံများနှင့်တကွ ၎င်းတို့၏ အနုပညာလက်ရာများနှင့် စာပေရေးသားမှုများကို သမားရိုးကျပြပွဲများ၊ အွန်လိုင်းပြပွဲများနှင့် ပုံနှိပ်ထုတ်ဝေမှုများမှတစ်ဆင့် တင်ဆက်ပေးသည်။[၁၀]

ထုတ်ဝေမှုများ

[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် MPA သည် ရန်ကုန်တွင် တစ်နှစ်တာ ၁၉၇၈ (One Year in Yangon 1978) အမည်ရှိ ၎င်း၏ ပထမဆုံး ဓာတ်ပုံစာအုပ်ကို ထုတ်ဝေခဲ့ပါသည်၊ ၎င်းတွင် ၁၉၄၈ ခုနှစ်၌ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင် ဓာတ်ပုံစတူဒီယိုအမျိုးမျိုးက ရိုက်ကူးခဲ့သော ဓာတ်ပုံများ ပါဝင်သည်။ ဒုတိယထုတ်ဝေမှုသည် လွတ်လပ်ရေးမရမီနှင့် ရပြီးနောက်တွင် ဓာတ်ပုံများ ရိုက်ကူးခဲ့သော အပျော်တမ်းဓာတ်ပုံဆရာ ဦးသန်းမောင်၏ လက်ရာများဖြစ်သည်။ ပြန်လည်ထုတ်ဝေခြင်း၊ ပီအေ ကလီယာနှင့် ဒီအေ အဟူဂျာတို့ကို ပြန်လည်အောက်မေ့တမ်းတခြင်း အမည်ရှိ တတိယထုတ်ဝေမှုသည် ကိုလိုနီခေတ်အတွင်း နိုင်ငံခြားဓာတ်ပုံဆရာများဖြစ်သည့် Philip Adolphe Klier နှင့် D. A. Ahuja တို့၏ လူသိများသော ဓာတ်ပုံများဆိုင်ရာ အချက်အလက်များနှင့် ၎င်းတို့၏ မျက်မှောက်ခေတ်တွင်အရေးပါပုံတို့ကို တင်ဆက်ပေးသည်။ နောက်စာအုပ်၊ My Universe by BayBay သည် ဓာတ်ပုံဆရာ BayBay ၏ ဓာတ်ပုံဒိုင်ယာရီဖြစ်ပါသည်။ ၎င်းစာအုပ်နောက်တွင် ထုတ်ဝေသည့် အိုင်ရင်း – မြန်မာ့အလှတစ်မျက်နှာ သည် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတစ်လျှောက် မြန်မာစစ်အစိုးရအုပ်ချုပ်သော နှစ်များအတွင်း မန္တလေးမြို့ရှိ အထက် အလယ်တန်းစား အမျိုးသမီး၏ ဘ၀အကြောင်းဖော်ပြထားသော ဓာတ်ပုံများကို တင်ဆက်ပေးသည်။ဆဋ္ဌမမြောက် စာအုပ်ဖြစ်သည့် Yangon Fashion 1979 – Fashion=Resistance တွင် ရန်ကုန်မြို့ရှိ လူငယ်လူရွယ်အများစု၏ ဖက်ရှင်ကျသော အဝတ်အစားများကို မှတ်တမ်းတင်သည့်ဓာတ်ပုံများကို ဖော်ပြထားပါသည်။ ဤထုတ်ဝေမှုအားလုံးကို မြန်မာနိုင်ငံတွင် ဒီဇိုင်းထုတ်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ ဖြန့်ချိခဲ့သည်။[၁၁]

ဝေဖန်သုံးသပ်ချက်

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော မြန်မာဓာတ်ပုံဆရာများပြပွဲအပေါ် သုံးသပ်ချက်တစ်ခုတွင် ဇူဇကာကလောင်က "သာမန်" မြန်မာပြည်သူတွေရဲ့ ဓာတ်ပုံတွေဟာ "ဖုန်တက်နေတဲ့ ထပ်ခိုးတွေနဲ့ ဟောင်းနွမ်းနေတဲ့ ဓာတ်ပုံအယ်လ်ဘမ်တွေကြားမှာ ကွယ်ပျောက်နေတဲ့၊ နိုင်ငံရဲ့ ဓာတ်ပုံသမိုင်းကနေ ကွယ်ပျောက်နေတဲ့ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ပုံစံတစ်ခု" ကို ဖော်ပြပေးခဲ့သည် ဟု မြန်မာတိုင်းမ် တွင် ရေးသားခဲ့သည်။[၁၂] ထိုတစ်နှစ်တည်းတွင် Journal of Photography, Theory and Visual Culture က မော်ကွန်းမှ အဆိုပါဓာတ်ပုံများသည် "ဒီနေ့အချိန်အခါထိ ဘယ်သူမှမသိကြတဲ့ ပြည်တွင်းဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေကို" အများပြည်သူသိရှိအောင် ဖော်ပြပေးခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။[၁၃] ဧရာဝတီ ကလည်း ဆယ်စုနှစ်တွေတစ်လျှောက်မှာ ဓာတ်ပုံရိုက် နည်းပညာနှင့် ရယူသုံးစွဲနိုင်မှု ပြောင်းလဲခဲ့ပုံတွေကို ပြပွဲက တင်ဆက်ပြသခဲ့ကြောင်း တင်ပြခဲ့ပြီး လာရောက်ကြည့်ရှုသူတစ်ဦး၏ မှတ်ချက်တစ်ခုကို ဖော်ပြခဲ့ပါသည်- "ငယ်ရွယ်သေးတဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ဒီပွဲက ကျွန်တော့်ကို စိတ်အားထက်သန်စေခဲ့ပြီး ကျွန်တော့်တိုင်းပြည်ရဲ့ ဓာတ်ပုံရိုက်အတတ်ပညာ သမိုင်းရာဇဝင်ကို သိရှိနိုင်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။"[]

၂၀၁၉ ခုနှစ် Frontier Myanmar ၏ ဆောင်းပါးတစ်ပုဒ်တွင် ဒီဂျစ်တယ် ကင်မရာများ၊ ဖုန်းကင်မရာများနှင့် ပိုမိုရင်းနှီးမှုရှိသော လူငယ်များသည် "အန်နာလော့ ဖလင်ဓာတ်ပုံရိုက်အတတ်ပညာရဲ့ နှေးကွေးပြီး ခန့်မှန်းလို့မရတဲ့ အရည်အသွေးကောင်းတွေ" ကို တဖြည်းဖြည်းတွေ့ရှိလာကြကြောင်း တင်ပြခဲ့ပါသည်။ မော်ကွန်းရှိ ဓာတ်ပုံများမှတစ်ဆင့် ခေတ်သစ်လူငယ်များအနေဖြင့် ၁၉၁၀ ခုနှစ်တွင် မြန်မာဓာတ်ပုံဆရာများသည် "သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ရှုထောင့်နဲ့ ဘ၀အတွေ့အကြုံတွေကို ဓာတ်ပုံနဲ့" မှတ်တမ်းတင်ခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။[၁၄]

၂၀၁၉ ခုနှစ်တွင် Photo District News သည် MPA ကို "လက်ရှိမှာ ပြည်တွင်းက မြန်မာဓာတ်ပုံရိုက်အတတ်ပညာကို အလေးပေးထုတ်လုပ်တဲ့ တစ်ခုတည်းသော စုဆောင်းထုတ်ဝေမှုဖြစ်ပြီး မြန်မာဓာတ်ပုံလောကရဲ့ အကြီးမားဆုံး စုစည်းမှုတွေထဲက တစ်ခုဖြစ်တယ်" ဟု ဖော်ပြခဲ့သည်။[]

၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခဲ့သော အနုပညာသမိုင်းပညာရှင် Nathalie Johnston သည် ၂၀၂၃ ခုနှစ်တွင် ရေးသားခဲ့သော သူမ၏ Beh Hma Leh? ('Where Are You?'): The Forgotten Stories of Ordinary Lives in Myanmar ခေါင်းစဉ်ရှိ အက်ဆေးတွင် MPA က ဓာတ်ပုံများ၏ဇာစ်မြစ်နှင့် သက်ဆိုင်ရာ ဓာတ်ပုံဆရာများက သူတို့ဓာတ်ပုံရိုက်လိုသည့် ပစ္စည်း/ပုဂ္ဂိုလ်များကို မည်သို့ရှာတွေ့ခဲ့ပုံအပေါ် တွေးခေါ်စဉ်းစားစေကြောင်း ရေးသားခဲ့သည်။ သူမသည် စာဖတ်သူများကို ဓာတ်ပုံများ၏ နောက်ခံဇာတ်ကြောင်းများအကြောင်း တွေးခေါ်စဉ်းစားရန် တောင်းဆိုပြီး မော်ကွန်းသည် "မြန်မာနိုင်ငံမှာ ဓာတ်ပုံရိုက်အတတ်ပညာကို တန်ဖိုးထားပုံ၊ စုဆောင်းပုံနဲ့ ခင်းကျင်းပြသပုံကို ပြောင်းလဲပေးခဲ့ပြီး နောင်နှစ်ပေါင်းများစွာကြာ ဒီလိုဆက်ဖြစ်နေမှာဖြစ်တယ်" ဟု ဆက်လက်ရေးသားခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Chinese Photo Studios in Yangon: The Myanmar Photo Archive (in en-GB)။ 2020-06-03 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Collaboration project of Goethe-Institut Myanmar and Myanmar Photo Archive (2023-06-19)။ 2023-06-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-10 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Lwin Mar Htun (2018-02-07)။ Exhibition Looks Back on 120 Years of Photography in Myanmar (in en-US)။ 2018-02-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-10 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ Lwin Mar Htun (2019-02-20)။ Archivist Salvages Myanmar's Neglected Photographic History။ 2024-01-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-11 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Reinders၊ Samantha (2019-10-18)။ Awesome Asian Archive (in en-US)။ 2023-06-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-12 တွင် ပြန်စစ်ပြီး။
  6. Endangered archives blog: Impressions from Myanmar။ 2020-06-03 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Johnston၊ Nathalie (2023-12-18)။ Beh Hma Leh? ('Where Are You?'): The Forgotten Stories of Ordinary Lives in Myanmar (in en-US)။ 2024-01-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-11 တွင် ပြန်စစ်ပြီး။
  8. Retro shots of Myanmar youth culture from the '70s to the '90s (in en-US) (2018-04-05)။ 2020-06-03 တွင် ပြန်စစ်ပြီး။
  9. U Than Maung – Myanmar Photo Archive (in en-US)။ 2024-01-19 တွင် ပြန်စစ်ပြီး။
  10. Grant Awardee Announcement (in en)။ Goethe-Institut Myanmar။ 2024-01-11 တွင် ပြန်စစ်ပြီး။
  11. Zon Pann Pwint (2020-02-02)။ Structuring the past in pictures။ 2021-02-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-03 တွင် ပြန်စစ်ပြီး။
  12. Kalaung၊ Zuzakar။ "Archiving the lives of others"၊ 2018-02-27။ 
  13. Pevec, Iza (2018-07-01). "Keeping a Story Alive" (in en). Journal of Photography, Theory and Visual Culture 3 (2): 4–13. doi:10.47659/m5.004.int. 
  14. Riise၊ Tanvi (2019-05-29)။ Recapturing the moment with analogue film photography (in en-US)။ 2022-07-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-01-16 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]