မြစိမ်း (တက္ကသိုလ်)

ဝီကီပီးဒီးယား မှ

တက္ကသိုလ်မြစိမ်း (၁၉၃၇-၂၀၁၀)ကို ရန်ကုန်မြို့ အငြိမ်းစားတိုင်းမင်းကြီး၊ အငြိမ်းစား ရွေးကောက်ပွဲမင်းကြီးနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအုန်းဖေနှင့် ဒေါ်မြခင်တို့က ရန်ကုန်မြို့၌ ၁၉၃၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဒေါ်မြင့်မြင့်သန်း ဖြစ်သည်။ လပွတ္တာမြို့၌ နှစ်နှစ်နီးပါး နေထိုင်ခဲ့ပြီးနောက် ဘိုကလေးမြို့ကျိုက်လတ်မြို့ဖျာပုံမြို့ဟင်္သာတမြို့နှင့် ဝါးခယ်မမြို့တို့တွင် နေထိုင်ခဲ့သည်။

စစ်အတွင်း၌ ဖခင်၏ ဇာတိ ဓနုဖြူမြို့တွင် နေထိုင်ပြီး စစ်အပြီးတွင် ဖခင် ပြန်လည်အမှုထမ်းသော ညောင်တုန်းမြို့၌ နေထိုင်ကာ ၎င်းမြို့ အ.ထ.ကတွင် ပညာစတင်သင်ယူသည်။ ပထမတန်းမှ သတ္တမတန်းအထိ ပုသိမ်မြို့တွင် နေထိုင်သည်။ သတ္တမတန်းကို အ.ထ.က (၁) မုံ ရွာ၌ ပညာဆက်လက်သင်ယူသည်။ ထို့နောက် လွိုင်လင် အထက်တန်းကျောင်း၌ ပညာဆက်လက် သင်ကြားသည်။ ဖခင် ရန်ကုန်သို့ ပြောင်းရွှေ့သောအခါ ရန်ကုန်မြို့ စံပြအမျိုးသမီးအထက်တန်းကျောင်း၌ ပညာဆက်လက်သင်ကြားပြီး ၁၉၅၆ ခုနှစ်တွင် ၁၀ တန်းအောင်မြင်သည်။ ၁၉၅၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။

တက္ကသိုလ်မြစိမ်းသည် ငယ်စဉ်မှစ၍ ကျောင်းမဂ္ဂဇင်းများတွင် စာများရေးသားခဲ့ပြီး ယုဝတီဂျာနယ်နှင့် တိုင်းရင်းမေဂျာနယ်တို့၌ ၁၉၅၅ ခုနှစ်ခန့်မှစ၍ ဝတ္ထုတိုများ ရေးသားခဲ့သည်။ ယုဝတီကလောင်ရှင်နှင့် တိုင်းရင်းမေကလောင်ရှင်ဘွဲ့တို့ဖြင့် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၆၀ ပြည့်နှစ်တွင် ငွေတာရီမဂ္ဂဇင်း အမှတ် (၁) ၌ ပါဝင်သော မိုးရွာသောညများ ဝတ္ထုတိုကြောင့် စာရေးဆရာ ထင်လင်းမှ တစ်ဆင့် ဆရာဇော်ဂျီက ခေါ်ယူပြီး ဝတ္ထုနှင့်ဆိုင်သော စာပေရေးရာများကို တစ်နှစ်နီးပါး သင်ကြားပေးသည်။

တက္ကသိုလ်မြစိမ်းသည် ၁၉၆၁ ခုနှစ်တွင် တရားရေးဌာန ရွေးကောက်ပွဲကော်မရှင်၌ အထက်တန်းစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၆၂ ခုနှစ်တွင် ပညာရေးဝိဇ္ဇာတန်းကို တက်နေစဉ် ကျောင်းပိတ်သဖြင့် အမှတ် (၁) စက်မှုလက်မှုအထက်တန်းကျောင်း (နတ်မောက်လမ်း)၌ လက်ထောက်နည်းပြဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၆၅ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန ညွှန်ကြားရေးဝန် ဦးသန်းထွတ် (စာရေးဆရာတိုက်စိုး)နှင့် တရားရုံး၌ လက်မှတ်ရေးထိုး၍ လက်ထပ်သည်။ ထိုနှစ်မှာပင် မိုးရွာသောညများနှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် အမျိုးသား စာပေဆု ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည်။ ထိုဝတ္ထုများသည် လက်ရေးစာမူဖြင့် တင်သွင်းယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပါဝင်သောဝတ္ထုတို ၁၂ ပုဒ်အနက် ကိုးပုဒ်မှာ ငွေတာရီမဂ္ဂဇင်းတွင် ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၅ ခုနှစ်အတွင်း ရေးသားခဲ့သော ဝတ္ထုတိုများဖြစ်သည်။ ဆိုက်ကားသမား၊ အလုပ်သမားခေါင်း၊ မုန့်သည်၊ ပြည့်တန်ဆာတို့အကြောင်းကိုလည်းကောင်း၊ အရင်းရှင်အိမ်ထောင်ရေးစနစ်အကြောင်းများကို လည်းကောင်း၊ အမြင်ဆန်း၊ အတွေးဆန်းများဖြင့် သရုပ်ဖော်ထားသည်။

၁၉၆၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ယခင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ သတင်းနှင့်စာပေစိစစ်ထောက်လှမ်းရေးနှင့် သုတေသနဌာနစိတ်၌ စာပေစိစစ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၈ ခုနှစ်တွင် စာပေရေးသားပြုစုခြင်းအလုပ်ကို ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်း စားယူခဲ့သည်။ ၁၉၇၈ ခုနှစ်အတွက် နောက်တိုး လုံးချင်းဝတ္ထုဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိသည်။

တက္ကသိုလ်မြစိမ်းသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက် အသက် (၇၃)နှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • မိုးရွာသောညများနှင့် အခြားဝတ္ထုတိုများ (၁၉၆၅)၊
  • ချစ်အကြောင်း (၁၉၇၀)၊
  • နေသာသောနေ့နှင့်အခြားဝတ္ထုတိုများ (၁၉၇၁)၊
  • ချစ်သူနှင့်ဝေးရာသို့ ပြေးပါရစေ (၁၉၇၂)၊
  • မောင်ယုံကြည်အောင်ပြောစမ်းပါခင်ရယ် (၁၉၇၃)၊
  • မိုးနှင့်မြေကြီး (၁၉၇၃)၊
  • အပြောကြယ်တဲ့မယား (၁၉၇၃)၊
  • မနိုးချင်သော လွမ်းအိပ်မက် (၁၉၇၄)၊
  • ကျီးဖြူကျီးမည်းတစ်ကောင်တည်း (၁၉၇၄)၊
  • စုံကန္တာမြိုင်ကြီးဘယ်ထီးမှမပါ (၁၉၇၅)၊
  • တိုင်းမင်းကြီးသမီး (၁၉၇၅)၊
  • အမီတော့ဖြင့် မလိုက်နိုင်ဘူးကွယ် (၁၉၇၆)၊
  • ညွှန်ကြားရေးမှူးချုပ်ကတော် (၁၉၇၇)၊
  • နောက်တိုး (၁၉၇၈)၊
  • မချစ်ကယ်ပါပြီလား ရွှေအားတော်ငယ် (၁၉၇၉)၊
  • မငယ်ရယ်မင်းဘယ်မှာလဲကွယ် (၁၉၈၁)၊
  • ချစ်မ (၁၉၈၁)၊
  • အမုန်းဝတ္ထု (၁၉၈၂)၊
  • အင်္ဂလိပ်ကဗျာစပ်သူနှင့် ဆရာမဝတ္ထုတိုများ (၂၀၀၂)၊
  • မြူနှင်းဝေမှိုင်းနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ (၂၀၀၄) စာအုပ်တို့ ဖြစ်သည်။

ထို့ပြင် ရှေ့သို့ဂျာနယ်၌ အမည်ရင်း မြင့်မြင့်သန်းဖြင့် ဆောင်းပါးများ ရေးသားခဲ့သည့်အပြင် မြင့်ကြည်အေးအမည်ဖြင့်လည်း ဝတ္ထု၊ ဆောင်းပါးများကို ရေးသားခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)