မြကေတု
မြကေတု | |
---|---|
မွေးဖွား | ချမ်းမြ နိုဝင်ဘာ ၂၃၊ ၁၉၀၈ တောင်ငူမြို့၊ ပဲခူးတိုင်း |
ကွယ်လွန် | ဇန်နဝါရီ ၂၄၊ ၁၉၉၇ မန္တလေး | (အသက် ၈၈)
နိုင်ငံလူမျိုး | မြန်မာ |
အခြား အမည်များ | ယုဇန၊ ဦးချမ်းမြ |
အလုပ်အကိုင် | စာရေးဆရာ၊ တက္ကသိုလ်ပါမောက္ခ |
မိဘ(များ) | ဦးဘိုးရင် + ဒေါ်စိန်း |
မြကေတု သည် မြန်မာနိုင်ငံသား မြန်မာစာပညာရှင်၊ တက္ကသိုလ်ပါမောက္ခ၊ စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ချမ်းမြ ဟုတွင်၍ မြကေတုအမည်ဖြင့် စာပေများရေးသားကာ ယုဇန၊ ဦးချမ်းမြ ကလောင်အမည်များဖြင့်လည်း အသုံးပြုသည်ရှိ၏ ။
ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]တောင်ငူ မြို့၌ အဖ ကုန်သည်ကြီး ဦးဘိုးရင်၊ အမိ ဒေါ်စိန်း တို့က ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက် (သုတေသန စာစဉ် သမိုင်းတွင် ၁၉၁၂ ခု ဒီဇင်ဘာ ၁၈ ရက်ဟု ဖော်ပြ) နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်းမှာ ဦးချမ်းမြ ဖြစ်သည်။
တောင်ငူမြို့ စံကျောင်း ဆရာတော် ထံတွင် စတင် ပညာ သင်ယူ ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရာဇဝင် ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ၁၉၃၅ ခု မတ်လတွင် မြန်မာစာ ဂုဏ်ထူးတန်းကို ပထမဆင့် ဒုတိယတန်းမှ အောင်မြင် ခဲ့သည်။ ၁၉၃၇ တွင် မဟာ ဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပြန်သည်။
၁၉၃၅ တွင် ဝိဇ္ဇာဂုဏ် ထူးတန်း အောင်မြင် ပြီးနောက် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် ချိန်ဝက် နည်းပြ ဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ နည်းပြ ဆရာ (၁၉၃၇)၊ ဂန္ဓလောက မဂ္ဂဇင်း မြန်မာစာပိုင်း အယ်ဒီတာ (၁၉၃၈)၊ သထုံ အဆောင်မှူး (၁၉၄၂)၊ စေတနာ့ ဝန်ထမ်း တက္ကသိုလ် လေကြောင်း အချက်ပေး ဝါဒင် (၁၉၃၃ - ၄၂)၊ မန္တလေး တက္ကသိုလ် မြန်မာစာဌာန ကထိက (၁၉၅၁)၊ ၁၉၅၈ တွင် မန္တလေး တက္ကသိုလ် မြန်စာဌာန ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၇၃ တွင် အငြိမ်းစား ယူခဲ့သည်။
၁၉၃ဝ ပြည့်လွန် နှစ်များ ကတည်းက 'မြကေတု' ကလောင် အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင် ရေးခဲ့သည်။ တောင်ငူ ရာဇဝင် အကျဉ်းချုပ်နှင့် ဘုရား သမိုင်း (၁၉၆၂)၊ ယုဇနမာလာ ကဗျာများ (၁၉၆၅)၊ နန်းဓလေ့ မှတ်တမ်း (၁၉၆၆)၊ စာပေ တန်ဆောင် (၁၉၆၇)၊ အချုပ်တန်း ဆရာဖေ (၁၉၇၇)၊ သီလရှင် ထိပ်သား (၁၉၇၉)၊ နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင် (၁၉၈၅)၊ တက္ကသိုလ် စာပေ တန်ဆောင် (၁၉၉၄)၊ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်းများ (၁၉၉၅) စသည် တို့ကို ရေးသား ခဲ့သည်။
'ဦးချမ်းမြ' အမည်ရင်းဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း အတွက် နတ်ရှင်နောင် ရတုများ (၁၉၄ဝ)၊ ဦးယာ၏ ဆယ့်နှစ် ရာသီ လူးတား (၁၉၄၁)၊ ကဗျာယဉ် စာယဉ် လက်ရွေးစင် (၁၉၅၈ - ၁၉၆၁) စာအုပ် များကို တည်းဖြတ် ပြုစု ခဲ့သည်။ သခင်ထွေး ဧချင်းကို တည်းဖြတ် ပြီးခဲ့ သော်လည်း ပုံနှိပ်တိုက်တွင် စာမူ ပျောက်ဆုံး ခဲ့သောကြောင့် စာအုပ် မဖြစ်မြောက် ခဲ့ပေ။
ကလောင် အမည်ခွဲ တခုမှာ 'ယုဇန' ဖြစ်၏။ ၁၉၈၁ တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ရရှိ ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၉၇ ခု ဇန်နဝါရီ ၂၄ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။[၁]
စာပေအငြင်းပွားမှုပြဿနာ
[ပြင်ဆင်ရန်]၁၉၃၄ တွင် မြန်မာနိုင်ငံသုတေသနအသင်းမှ စီစဉ်ကာ ပါမောက္ခဦးဖေမောင်တင်နှင့် ဆရာပွားတို့က ဦးကုလား၏ မဟာရာဇဝင်ကို ထုတ်ဝေခဲ့ရာ အခန်းတစ်ခုတွင်
ရွှေဖျဉ်းညီနောင်တို့ ညဉ့်အခါ ဦးတည်ဘွားနန်းသို့ဝင်၍ ဦးတည်ဘွား ရေစက်နှင့်အိပ်သည်ကို ရေကိုကုန်အောင် ပန်တူဖြင့် ရေစုပ်သည်။
ဟူသော စာတစ်ပိုဒ်ပါဝင်လေပြီး အောက်ခြေမှတ်စုတွင် "ပန်တူ" ဟူသည် "ရေစုပ်သော ကိရိယာ" အဖြစ်ပေးထားသည်။ ထိုအချက်နှင့်ပတ်သက်၍ သခင်ကိုယ်တော်မှိုင်းက ပန်တူသည် ရေစုပ်ကိရိယာမဟုတ်ဘဲ "ဂါထာမန္တရား"သာဖြစ်သည်၊ ရေစုပ်ကိရိယာဖြင့်စုပ်သည်မဟုတ်၊ ဂါထာမန္တရားဖြင့်သာ စုပ်သည်ဟု တိုးတက်ရေးမဂ္ဂဇင်းမှနေ၍ စတင်ဝေဖန်ချက်ပေးသည်။ ထိုဝေဖန်ချက်ကို ပြန်လည်ဖြေရှင်းသူမှာ မြကေတုပင်ဖြစ်၍ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားသာဖြစ်၏ ။
ဤသို့ဖြင့် ဝေါဟာရတစ်ခုကို အငြင်းပွားသော စာပေတိုက်ပွဲသည် ကြီးကျယ်ခဲ့ကာ တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံအရှုံးမပေးဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်၍ တိုက်ခိုက်ခဲ့ကြရာ ကျမ်းစာ၊ ကျောက်စာများကို ကိုးကားပြု၍ တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် သခင်ကိုယ်တော်မှိုင်းကလည်း ဦးဖေမောင်တင်တို့အုပ်စုကို ပုဂ္ဂိုလ်ရေးထိုးနှက်မှုဖြင့် တိုက်ခိုက်သည်များရှိသကဲ့သို့ မြကေတုကလည်း သခင်ကိုယ်တော်မှိုင်းအပေါ် ထိုသို့တိုက်ခိုက်မှုများလည်းရှိခဲ့သည်။ ၎င်းတို့ဘက်အသီးသီးမှ ထောက်ခံသူများကလည်း ဆောင်းပါးများဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ကြရာ သခင်ကိုယ်တော်မှိုင်းဘက်က ဟံသာဝတီဦးဘရင်က ထောက်ခံချက်ပေးပြီး မြကေတုဘက်က ဝဇီရဗုဒ္ဓိဦးဖိုးစိန်က ထောက်ခံခဲ့သည်။ အချိန်ကာလကြာမြင့်စွာဆင်နွှဲခဲ့သည့် စာပေတိုက်ပွဲတစ်ခုဖြစ်၍ မြန်မာ့တာရာသတင်းစာ၊ ဗန္ဓုလ၊ ဒီးဒုတ်ဂျာနယ်များက ကြားဝင်စေ့စပ်ခဲ့ရသည်အထိဖြစ်ခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]ကိုးကားအညွှန်းများ
[ပြင်ဆင်ရန်]ယေဘုယျရင်းမြစ်များ
[ပြင်ဆင်ရန်]- နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၄၈ - ၄၉။
- မလိခ။ မြန်မာ စာပေ အဘိဓာန်(၁)။ စာ ၂၆နှင့် ၂၃ဝ။
- မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၈)။ စာ ၁၉၇။
- သုတေသန စာစဉ် သမိုင်း၊ သုတေသန စာစဉ် စာရင်း၊ သုတေသန စာစဉ် စာတည်းများ။ စာ ၅၁-၅၂။
- မန္တလေးနှင့် စာပေ ခရီး (၁၉၉၈)၊ စာ ၅၇ - ၅၈။