မိုင်းသောက်မြို့ဟောင်း

ဝီကီပီးဒီးယား မှ

မိုင်းသောက်မြို့ဟောင်းကို လူသိအလွန်နည်းပေသည်။ အဓိကရဖြစ်ပြီး ကြီးမားသည့် ပေါရိသတ်မြို့ဟောင်းကြီးကို ရွှေညောင်နှင့် ညောင်ရွှေကားလမ်းပေါ်၌ တည်ရှိနေသည်ကိုပင် သတိမူမိသူ၊ သိသူရှားခဲ့လျှင် အင်းလေးကန်၏ အရှေ့ဘက်ကမ်းတွင်ရှိနေသည့် မိုင်းသောက် မြို့ဟောင်းကိုမူကား ပို၍သိသူနည်းမည်မှာ သဘာဝပင်ဖြစ်သည်။ မိုင်းသောက်သည် သေးငယ် သည့်မြို့ဟောင်းကလေးတစ်ခုသာ ဖြစ်သည်။ ရွှေညောင်အင်းလေးဒေသတွင် တည်ထောင်ခဲ့ဖူး သည့် ရှေးဟောင်းမြို့ဟောင်းတစ်မြို့ဖြစ်၏။

အင်းလေးကန်၏ အရှေ့ဘက်ရေဝေရေလဲဖြစ်သည့် ချောင်းတစ်ခုသည် အင်းလေးကန် ထဲသို့စီးဆင်းရင်း ရေများခမ်းပျောက်သွားပြီး သဲသောင်၊ သဲခုံကြီးတစ်ခု ဖြစ်သွားလေသည်။ သဲများပြီး ရေတိုက်စားလွယ်သည့် တောင်ပေါ်မြေသားများတွင် ဤသို့ဖြစ်ပေါ်တတ်သည်။ မိုးရေ၊ ချောင်းရေများ တိုက်ချလာသည့် သဲနုံးမြေများသည် ချောင်း၏အဆုံးပိုင်းလောက်တွင် သဲနုံးများဖြင့်ပင် မြစ်ဝကျွန်းပေါ်သဘာဝမျိုး ဖြစ်သွားတတ်လေသည်။ ဤသို့မြစ်ဝကျွန်းပေါ်မျိုး ပေါ်ထွန်းသည့်အခါ သဲနုံးများ များပြားလွန်းသဖြင့် သဲနုံးမြေပြင်ကျယ်ကြီးမျိုး ဖြစ်ပေါ်စေတတ် ၏။ ဘူမိပညာရပ်အခေါ်အရ ထိုသို့သော သဲနုံးဖို့မြေပြင်မျိုးကို (aluvium fab)ဟုခေါ်လေ သည်။ တြိဂံပုံသဏ္ဌာန်သောင်ကုန်းကြီးပေါ်ထွန်းပြီး ထိုသဲနုံးမြေထဲတွင်ပင် ချောင်းရေလည်း ပျောက်သွားတတ်လေသည်။

ဤသို့ထွန်းပေါ်လာသည့် သောင်ကုန်းကြီးတစ်ခု၊ အင်းလေးတစ်ဖက်ကမ်း ရေဝေရေလဲ ၏ခြေရင်းတွင် တွေ့ရှိရပေသည်။ အလွန်ပီပြင်သည့် သဲနုံးသောင်ထွန်းမြစ်ဝကျွန်းပေါ်ကြီးတစ်ခု ဖြစ်သည်။ ဤသို့သော သဲထွန်းသောင်ပြင်ကြီးမှာ နှစ်ပရိစ္ဆေဒကြာမြင့်လာသည်နှင့်အမျှ မြေထု၊ မြေထည်၊ ကြီးမားအခြေခိုင်လာကာ လူများနေထိုင်စိုက်ပျိုး၍ စည်ကားထွန်းကားလာတတ်သည်။ မိုင်းသောက်ဒေသတွင်လည်း ဤသို့နှယ်နှယ်ဖြစ်သည်။ ဤနေရာ၌ မိုင်းသောက်မြို့ဟောင်းရာကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရ၏။

ပထမတွေ့စက ၎င်းအရာဟောင်းကို ဘုရားပုရဝဏ်ကြီးတစ်ခုခုပင် ဖြစ်လိမ့်မည်ဟု ထင်မိသည်။ သို့ရာတွင် သေချာစွာ လေ့လာဖတ်ရှုသည့်အခါတွင် ပရဝဏ်အတွင်း၌ ဘုရား စေတီသော်လည်းကောင်း၊ သို့မဟုတ် ဘုရားဟောင်း၊ ဘုရားပျက်လည်း မတွေ့ရသဖြင့် ဘုရားပရဝဏ် ဖြစ်နိုင်မည်မဟုတ်ဟုကောက်ချက်ချမိသည်။ ထို့ပြင် တံတိုင်းတွင်လည်း ၂ ထပ် ကာရံထားသဖြင့် ဘုရားပရဝဏ် မဖြစ်နိုင်ချေ။ ဤနေရာ၌ ဘုရားပရဝဏ် အနေဖြင့်ဆိုလျှင် ကြီးလွန်းနေမည်ဖြစ်၏။

ညောင်ရွှေဒေသရှိ ရှေးမြို့ဟောင်းကြီး (၃)မြို့မှာ (၁)ပထမမြို့တော် ကောက်ဆံပြီ သို့မဟုတ် ပေါရိသတ်။ (၂)ဒုတိယ ရမ္မာဝတီ (အင်းမြေပြင်အရပ်တွင်တည်။ ယခုမရှိတော့ဟုဆို သည်။) (၃) ပန်းဖယ် သို့မဟုတ် မိုင်းသောက်မြို့တို့ဖြစ်ကြသည်။ မိုင်းသောက်ကိုမူကား လေ့လာ တွေ့ရှိရသမျှကို ရေးသားဖော်ပြပါမည်။

ပေါရိသတ်မြို့ဟောင်းကြီး ကြီးကျယ်ခံ့ညားသလောက် ဒုတိယမြို့တော် ရမ္မာဝတီ၊ တတိယမြို့တော် မိုင်းသောက်တို့ မမီကြချေ။ ရမ္မာဝတီကို မတွေ့ရဖူးပေ။ သို့ရာတွင် မိုင်းသောက်မြို့ရာဟောင်းမှာ သေးငယ်လှသည်။ မြို့တော်အင်္ဂါနှင့်ပင် ပြည့်စုံခြင်းမရှိပေ။ ပေါရိသတ်ကြီးလောက်တမျှ တည်ဆောက်ရန်လည်း မိုင်းသောက်၏နေရာသည် မြေခင်းပြန့်ပြူး သာယာကျယ်ပြောခြင်းမရှိပေ။

ပုံသဏ္ဌာန်နှင့်တည်နေရာ[ပြင်ဆင်ရန်]

ကောင်းကင်ဓာတ်ပုံထဲ၌ ဖတ်ရှုတွေ့ရှိရသည့် မိုင်းသောက်မြို့ဟောင်းရာမှာ ၄ နားညီ စတုရန်းပုံဖြစ်သည်။ မိုင်းသောက်မြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၃၄.၆မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၆.၅မိနစ်တွင် တည်ရှိသည်။ မိုင်းသောက်မှာ ညောင်ရွှေမြို့မှ အရှေ့ယွန်းယွန်း တောင်ဘက်သို့ ငှက်ပျံခရီး ၆မိုင်ခန့်တွင် တည်ရှိ၏။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းပြင်တွင် တည်ရှိသည်။ အင်းလေးကန်၏အရှေ့နောက် အကျယ်ဆုံးနေရာမှာ ၃ မိုင်ခွဲကျော် ၄ မိုင်နီးပါးမျှရှိလေသည်။ မိုင်းသောက်သည် ဤအကျယ်ဆုံးနေရာ၏ အရှေ့ဘက် ကမ်းကုန်းပြင်တွင်ရှိ၏။

မိုင်းသောက်မြို့ဟောင်း၏တည်နေရာမှာ အင်းလေးကန်ကမ်းစပ်အထိ အနီးဆုံးနေရာမှာ တစ်မိုင်ခွဲခန့်ရှိသည်။ သဲနုံးခုံဖို့သည့် ကုန်းမြေ (ေူကလငကာ ်ညေ) ၏အလယ်ဗဟိုလောက်တွင် မိုင်းသောက်မြို့ဟောင်းကို တည်ထား၏။ မြို့ဟောင်း၏အနောက်ဘက် ကိုက်ပေါင်း ၃၉၄ခန့် (၃၆၀မီတာ)ခန့်တွင် အရာဟောင်းကုန်းကလေးတစ်ခု ထပ်တွေ့ရသေးသည်။ သို့ရာတွင် မိုင်းသောက်နှင့်တစ်ပါတည်းတစ်ဆက် ဟုတ်မဟုတ်သေချာစွာ မပြောနိုင်ပေ။

အရွယ်အစားပမာဏ[ပြင်ဆင်ရန်]

မိုင်းသောက်မြို့ဟောင်း၏ ပုံသဏ္ဌာန်မှာ အလွန်ပီပြင်သည်။ စတုရန်းပုံဖြစ်သည်။ မြို့ဟောင်းရာ၏ အပြင်ဆုံးအရံတံတိုင်းမှာ အလျားတစ်ဖက်လျှင် ကိုက်၅၀ဝခန့် (၄၅၆မီတာ)ခန့် ရှိ၏။ အရံအတားမြို့ရိုးကာရံထားသည် အရာဟောင်းမှာ ဧရိယာဧက၅၀ကျော်ခန့် (၂၀ ဟက်တာ) ခန့်ရှိ၏။ အတွင်းထပ်တံတိုင်းမှာ အပြင်တံတိုင်းနှင့် ပေ ၁၅၀ ကျော်ခန့်အကွာတွင် ရှိ၏။ ကျုံးကား ဟုတ်ဟန်မတူပေ။ အတွင်းတံတိုင်းသည် အနောက်ဘက်နှင့် တောင်ဘက်တွင် တွေ့ရသည်။ မြောက်ဘက်၌ အနောက်ပိုင်းတွင်သာတွေ့ရပြီး အရှေ့ဘက်တွင်မရှိချေ။ အရှေ့ ဘက်တွင် မြေနိမ့်သည့်အင်းသဖွယ် ရေကန်ငယ် ၂ ကန်ကဲ့သို့ တွေ့ရလေသည်။ မြို့ဟောင်း၏ အနောက်မြောက် အစွန်းပိုင်းတွင် ဝိုင်းဝန်းသောအရာတစ်ခုကို သစ်ပင်များဝိုင်း၍ စိုက်ပျိုးထား သည်။ မြို့ထောင့်များမှာ ကွေးဝိုင်းသည့် ထောင့်များမဟုတ်၊ ထောင့်ချွန်းထောင့်မှန်များပင် ဖြစ်ချေသည်။

မိုင်းသောက်၏နောက်ခံအကြောင်း[ပြင်ဆင်ရန်]

ညောင်ရွှေဒေသ၏ တတိယမြို့တော်ဖြစ်သည်ဟုဆို၏။ ယခုလက်ရှိ ညောင်ရွှေမြို့သည် စတုတ္ထမြို့ဖြစ်ချေသည်။ ယခုညောင်ရွှေမြို့ကိုမတည်မီ မိုင်းသောက်မြို့ကိုတည်၍ တတိယ မြို့တော်အဖြစ် စော်ဘွားများအုပ်စိုးကြသည်ဟုဆိုလေသည်။ မိုင်းသောက်တည်ရာဌာနသည် ယခု မိုင်းသောက် မြသိန်းတန်ဘုရားနှင့် ဝါးတောရွာတောင်ဘက် မန်ကျီးပင်ရွာမြောက်ဘက် အနီးကပ်လျက် ယခုအခါ မြို့ရိုးနှင့်တကွ တည်ရှိသည်ဟုဆိုလေသည်။ (ဖောင်တော်ဦးသမိုင်း။) ဒုတိယမြို့တော် ဆုတ်ယုတ်ပျက်ပြားသည့်အခါ မြီု့ဟောင်းမြောက်ဘက်ကို အရှေ့ယွန်းယွန်းဆီ သို့ရွှေ့ပြီး ပြောင်းရွှေ့တည်သည်။ ပန်းဖယ်ဟူသော အမည်ဖြင့်တည်ထောင်ကာ စော်ဘွား (ရှမ်းမင်း)တို့ စိုးစံကြသည်။

ဤပန်းဖယ်မှာ ရှမ်းဘာသာစကားဖြစ်၏။ (မ, ဖိတ်-မိုက်ဖယ်)မှ ဆင်းသက်ပြောင်းလဲလာ ဟန်တူလေသည်။ မြန်မာလို ဝါးတောမြို့ဟု ဆိုလိုသည်။ သို့ရာတွင်လူများက မိုင်းသောက်ဟူ သည့်အမည်ဖြင့် ခေါ်လေ့ရှိကြသည်။ ထိုမြို့တည်စဉ်အခါက လူတစ်ယောက်လျှင် တစ်တောင်း ကျစီ၊ မြေကြီးကိုတူးဆွရသောကြောင့် (မိုင်းဆောက်)ဟူသော သျှမ်းဘာသာစကားမှ ရွေ့လျော ပြောင်းလဲလာကာ နောက်ပိုင်း မိုင်းသောက်ဟု ခေါ်တွင်လာဟန်ရှိကြောင်းဆိုလေသည်။ ဤကား မှတ်သားမိသမျှ မိုင်းသောက်မြို့ဟောင်းအကြောင်းတည်း။

မိုင်းသောက်သို့ခရီး[ပြင်ဆင်ရန်]

ညောင်ရွှေမှမိုင်းသောက်သို့ ၆ မိုင်ခွဲခန့်သာဝေးသည့် နွေရာသီတွင် မော်တော်ကားဖြင့် မန်ကျီးတော၊ ဝါးတော၊ သဖန်းပင်၊ မကျီးပင်၊ ရွာစဉ်လျှောက်ပြီး မိုင်းသောက်သို့ ရောက်ရှိနိုင်ပေ သည်။ အကယ်၍နွေရာသီကာလမဟုတ်လျှင် ညောင်ရွှေမြို့မှ အင်းထဲသို့ ပဲချိပ်မော်တော်ကား ဖြင့် အင်းထဲသို့ အင်းလယ်ဗိုလ်တဲမှတစ်ဆင့် အင်းလေးအရှေ့ဘက်ကမ်းရှိ မိုင်းသောက်ရွာကြီး သို့ ရောက်နိုင်လေသည်။ အရာဟောင်း(မြို့ဟောင်း)သည် မိုင်းသောက်၏ အရှေ့ဘက် တစ်မိုင် ခွဲတွင်တည်ရှိ၏။ အကာအရံ၊ မြို့ရိုး၊ တံတိုင်းနှင့် ပြည့်စုံသည့် လေးထောင့်စတုရန်းပုံသဏ္ဌာန်ကျ သည့် မြို့ဟောင်းတစ်မြို့တည်း။

မိုင်းသောက်ခံတပ်[ပြင်ဆင်ရန်]

စိတ်ဝင်စားစရာကောင်းသည်မှာ မိုင်းသောက်သည် ဖို့ဆက်ဒမင် (Fort Stedmab) ခံတပ်ဖြစ်နေသောကြောင့်တည်း။ ဗြိတိသျှတို့ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ထားရှိသည့် ဖို့ဆက်ဒမင်ခေါ် ခံတပ်တစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးလွယ်ကူမှုအတွက်ဖြစ်စေ၊ စစ်ရေးနှင့်လုံခြုံမှု အတွက် ထိန်းချုပ်ရန် လွယ်ကူသည့်နေရာ၌ဖြစ်စေ ၎င်းတို့အုပ်ချုပ်ပြီးစအချိန်က ခံတပ်များကို အနှံ့ထားရှိ အုပ်ချုပ်ကြသည်။

ဝေးလံသီခေါင်သည့် မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုတို့လိုဒေသ၊ နယ်ခြားဒေသတို့၌ ပင်လျှင် ခံတပ်များထားတတ်သည်။ မန္တလေးမြို့တော် နန်းမြို့ရိုးအတွင်း၌ပင်လျှင် ဖို့ဒက်ဖလင် ခံတပ်ထားရှိပြီး တောင်ငူမြို့ဟောင်း အရှေ့တောင်ထောင့်တွင်လည်း လက်နက်ခဲယမ်းမီးကျောက် တိုက်အဖြစ် ခံတပ်ကလေးတစ်ခု ပြုလုပ်ထားရှိဖူးလေသည်။ အများအားဖြင့် မြီု့ရိုးဟောင်း အတွင်း ၎င်းတို့အတွက် အသုံးပြုရန်သင့်တော်သည့်နေရာတို့အတွက် အသုံးပြုရန် သင့်တော် သည့်နေရာများကိုရွေး၍ အသုံးပြုတတ်လေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနယ်တွင် မိုင်းသောက်ကို ဖို့ဆက်ဒမင်အမည်ဖြင့် ခံတပ်တစ်ခုထားရှိအသုံးပြုခဲ့ခြင်း ဖြစ်ချေသည်။ သို့သော်လည်း မိုင်းသောက်၌ နှစ်လကြာရှည် စွာ ထားရှိခြင်းကားမဟုတ်။ နောင်တွင် မိုင်းသောက်မြို့ဟောင်းမှ ၎င်းတို့၏ခံတပ်ကို ရွှေ့ပြောင်း သွားလေသည်။ မိုင်းသောက်မြို့ဟောင်းအတွင်း အနောက်မြောက်ထောင့်တွင် တည်ရှိနေသည်။ သစ်ပင်ဝိုင်းမှာ ၎င်းတို့စိုက်ခဲ့သည့် လက်ရာပေလောဟု တွေးထင်မိပါသည်။

စော်ဘွားများ ယခုလက်ရှိ ညောင်ရွှေမြို့ကိုတည်၍ စိုးစံခြင်းမပြုမီ မိုင်းသောက်မြို့ကို တည်၍ စိုးစံကြသည်ဟုဆိုလေသည်။ မိုင်းသောက်ကား ယခုအခါ မြို့ရိုးတံတိုင်းဖြင့် ကျန်ရှိနေ သေးသည့် မြို့ဟောင်းအရာဟောင်းတစ်ခုပေတည်း။

ကိုးကား[ပြင်ဆင်ရန်]