မကြန် (စာရေးဆရာမ)

ဝီကီပီးဒီးယား မှ

ဒေါ် ကြန် (၁၉၁၈−၂၀၁၉) သည် မြန်မာလူမျိုး သမိုင်းပညာရှင်နှင့် စာရေးဆရာ ဖြစ်သည်။

စည်သူ
ဒေါ်ကြန်
မွေးဖွား(1918-07-01)ဇူလိုင် ၁၊ ၁၉၁၈
သံတွဲမြို့၊ ရခိုင်ပြည်နယ်
ကွယ်လွန်နိုဝင်ဘာ ၁၆၊ ၂၀၁၉(2019-11-16) (အသက် ၁၀၁)
လှိုင်မြို့နယ်၊ ရန်ကုန်
ကလောင်အမည်မကြန်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ရရှိသည့်ဆုများဝိဇ္ဇာပညာထူးချွန်ဆု (ပထမဆင့်)

စည်သူဘွဲ့

အမျိုးသားစာပေ တသက်တာဆု (၂၀၀၆)

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

အဖ-ဦးကျော်ထွန်းနှင့် အမိ-ဒေါ်ငွေနှစ်တို့မှ ၁၉၁၈-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်သံတွဲမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မကြန်ဖြစ်သည်။ ၁၉၃၅-ခုနှစ်တွင် သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို (က)အဆင့်မှ အောင်မြင်ခဲ့သည်။ သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းတွင်ပင် အလယ်တန်းပြဆရာမအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းစာတိုက်ဌာန၊ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက်တန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၅၁-ခုနှစ်တွင် ပညာဆက်လက်သင်ယူရန်အတွက် စာတိုက်အမှုထမ်းအလုပ်မှထွက်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် S. Classခေါ် အထူးတန်းအခွင့်အရေး ရသဖြင့် (၃)နှစ်နှင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် ၂ နှစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။


၁၉၅၆-ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင် (နောင် သမိုင်းသုတေသနဦးစီးဌာန)တွင် ကျမ်းပြုအရာရှိအဖြစ် ခန့်ထားခြင်းခံရပြီး အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကို တက်ရောက်ခဲ့သည်။ ၁၉၅၇-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနတွင် အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းစဉ် မြန်မာ့သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းအထူးပြုနှင့် မဟာဝိဇ္ဇာဘွဲ့ရသည်။ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဆရာကြီးဦးကောင်း၏ အားပေးမှုဖြင့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာရီရီနှင့် တွဲ၍ မြန်မာ့သမိုင်းသုတေသန လုပ်ငန်းများကို မမောမပန်း ဆောင်ရွက်ခဲ့သည်မှာ ၁၉၇၈-ခုနှစ် အကြီးတန်း သုတေသနမှူးရာထူးမှ အငြိမ်းစားယူသည့်တိုင် ဖြစ်သည်။

အငြိမ်းစားယူပြီး ၁၉၈၂-ခုနှစ်တွင် သမိုင်းကော်မရှင် (သမိုင်းသုတေသနဌာန)တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လေးနှစ်ခန့်ဆောင်ရွက်သည်။ ၁၉၈၆ မှ ၁၉၉၁-ခုနှစ်တိုင် အမှတ်(၁) စက်မှုဝန်ကြီးဋ္ဌာနတွင် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း ပြုစုရေးအတွက် အကြံပေးပညာရှင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၁-ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ကွယ်လွန်သည့်တိုင် ဖြစ်သည်။


ဆရာမကြီးမကြန်သည် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင် မြန်မာ့စွယ်စုံရည်ညွှန်းကျမ်းအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး မြန်မာစာအဖွဲ့ဦးစီးဌာနတွင်လည်း အချိန်ပြည့် မြန်မာစာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

တည်းဖြတ်သည့် ကျမ်းများ[ပြင်ဆင်ရန်]

  • ၁၉၅၉ - မဟာဝိဇ္ဇာ-သမိုင်းဘွဲ့ရရှိ။
  • ၁၉၆၃ - အင်္ဂလန်သွားစာတမ်း(တည်းဖြတ်)။
  • ၁၉၆၈ - ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်)။

လုပ်ဆောင်ခဲ့သော တာဝန်များ[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ်တွင် Cultural Award Scheme ဖြင့် ဩစတေးလျနိုင်ငံ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် သက်ပြည့်အငြိမ်းစားယူပြီး သမိုင်းသုတေသနဦးစီးဌာနမှာပင် အကြံပေးပုဂ္ဂိုလ်အဖြစ် ၄ နှစ်ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက်တွင်လည်း အမှတ် ၁ စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ၆ အုပ်ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ရေးသားပြုစုသည်။ ဆရာမကြီးသည် နိုင်ငံသမိုင်း သုတေသနစာတမ်း ကြီးငယ်များ၊ သမိုင်းဆောင်းပါးများနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော ဆောင်းပါးများကို များစွာရေးသား ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်၊ ပညာပဒေသာစာစောင်၊ ကလျာ၊ စစ်ပြန်၊ မြဝတီ၊ ငွေတာရီ၊ မိုးဝေ၊ နိုင်ငံ့ဂုဏ်ရည်၊ ဂန္ထဝင်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ၊ စာတမ်းများရေးသားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရရှိခဲ့သော စာပေဆုများ[ပြင်ဆင်ရန်]

  1. ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ထွက်ရှိပြီး ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတဝိဇ္ဇာ)ဆုကို ရရှိခဲ့သည်။
  2. ၁၉၈၁ ခုနှစ်တွင် ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း စာအုပ်ပြုစုထွက်ရှိခဲ့သည်။
  3. ၂၀၀၂ ခုနှစ်တွင် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်ထွက်ရှိပြီး ယင်းနှစ်အတွက် အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆုကို ရရှိခဲ့သည်။
  4. ၂၀၀၃ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇) စာအုပ်ထွက်ရှိပြီး အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု ရရှိခဲ့သည်။
  5. ၂၀၀၄ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်ခံရခဲ့သည်။ ယင်းနှစ်မှာပင် ကုန်းဘောင်၏ နောက်ဆုံးအားမာန် စာအုပ်ထွက်ရှိခဲ့သည်။
  6. ၂ဝဝ၅ ခုနှစ်တွင် ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊
  7. ၂ဝဝ၆ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမဆင့်)၊
  8. ၂ဝဝ၇ ခုနှစ်တွင် ၂ဝဝ၆-ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊
  9. Selected Writing of Daw Kyan (Bilingual) စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု၊
  10. ၂ဝဝ၃၊ ၂ဝဝ၅၊ ၂ဝဝ၇-ခုနှစ်များတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများ၌ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆုများ၊
  11. ၂ဝဝ၉ ခုနှစ်တွင် ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်ဖြင့် အမျိုးသားစာပေဆု၊
  12. ၂၀၁၂-ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးထံမှ စည်သူဘွဲ့တံဆိပ်များကို ရရှိခဲ့သည်။

ရေးသားထုတ်ဝေပြီးစာအုပ်များ[ပြင်ဆင်ရန်]

  1. အင်္ဂလန်သွားစာတမ်း(တည်းဖြတ်)
  2. ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်)
  3. မြန်မာနိုင်ငံ အခြေအနေ(၁၈၈၅-၈၆)
  4. ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း
  5. ရွှေတိဂုံစေတီတော်ကြီး ကြေးအုပ်များစာတမ်း(ဒေါက်တာရီရီနှင့်တွဲဖက်ပြုစု)
  6. သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ
  7. မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၁၈၉၇)
  8. ကုန်းဘောင်၏နောက်ဆုံးအားမာန်

အသက်(၁၀၀)ပြည့် မွေးနေ့[ပြင်ဆင်ရန်]

၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့တွင် ဆရာမကြီး အသက်တစ်ရာပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ စာပေဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ဆရာမကြီးအား ကြည်ညိုလေးစားသူများက ရာပြည့်သမိုင်း ဒေဝီဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေ ဂါရဝပြုခဲ့ကြသည်။ [၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်၊ စနေနေ့ ည (၈း၀၀) နာရီခန့်တွင် တိုက်-၅၊ အခန်း-၂၀၂၊ ရတနာမွန်လမ်း၊ ၄-ရပ်ကွက်၊ လှိုင်မြို့နယ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၁၀၂)နှစ် ရှိပြီ ဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံသတင်းစာ၊ ၆.၇.၂၀၁၈၊ စာ-၉
  2. ကြေးမုံသတင်းစာ၊ ၁၇.၁၁.၂၀၁၉၊ (နာရေးကြော်ငြာ) စာ-၃၁