သက်ရှည်၊ ဦး(ဗိုလ်ကလေး)

ဝီကီပီးဒီးယား မှ
(ဗိုလ်ကလေး ဦးသက်ရှေ မှ ပြန်ညွှန်းထားသည်)

ဗိုလ်ကလေး ဦးသက်ရှည်(၁၂၃၇ - ၁၃၁၆)[ပြင်ဆင်ရန်]

ပခုက္ကူခရိုင် ပုခန်းကြီးမြို့ အနောက်ပြင် မြေခဲတောင် ၁၂ ရွာတွင် အပါအဝင် ဖြစ်သော 'သာယာကုန်းရွာ' သည် ဆရာကြီး ဗိုလ်ကလေး ဦးသက်ရှည်၏ ဖွားရာဇာတိပင် ဖြစ်ပါ၏။ ဖခင်မှာ ထန်းတောများ၊ လယ်ယာများကို ပိုင်ဆိုင်သူ ကုန်သည်ကြီး ဦးဖဲ ဖြစ်၍၊ မိခင်မှာ ဒေါ်မုန်း ဖြစ်လေသည်။

ဦးသက်ရှည်၏ ဖွားသက္ကရာဇ် မှာမူ သက္ကရာဇ် ၁၂၃၇ ခု တန်ခူး လဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ အချိန် ဖြစ်သတည်း။

ငယ်ရွယ်စဉ်ကပင် ဦးသက်ရှည်သည် မန္တလေးမြို့တွင် နေထိုင်လျက် အသက် ၁ဝ နှစ်သား အရွယ်သို့ ရောက်သောအခါ ရန်ကုန်မြို့ ပုဇွန်တောင် အိုးဘိုရပ်၌ အဘိုး အဘွား များနှင့် အတူ လာရောက် နေထိုင်ကာ အင်္ဂလိပ်ကျောင်းတွင် ဝင်ရောက် သင်ကြားနေပေ၏။ သို့နှင့် ၁၅ နှစ်သား အရွယ် အတွင်း အင်္ဂလိပ်စာ ၆ တန်းကို အောင်မြင် ခဲ့လေသည်။

ဦးသက်ရှည်သည် ငယ်ရွယ်စဉ်အခါ ကာလကပင်လျှင် ကဗျာ၊ ဂီတ စပ်ဆို သီကုံးမှုတွင် ဓလေ့ဝါသနာထုံသူ ဖြစ်သည့် အလျောက် အင်္ဂလိပ်ကျောင်းတွင်နေစဉ် ၁၄ နှစ်သား အရွယ်က အောက်ပါ လေးချိုး အပါအဝင် ကဗျာ၊ လင်္ကာ အများကို ရေးသားစပ်ဆို ခဲ့လေသည်။

"သာပျိုဆွေ အသရေ ရှိသူကြောင့်၊ စာကိုလေ ဖေမကြည့်ချင်ဘု၊ ခွေရိပါလို့ ယိမ်းယိုင်ကာ။ ။ ခင်ယမင်းရဲ့၊ 'အင်ထရင်း'၊ ထင်လင်းစွာ တဖေ ပေါက်တဲ့ပြင်၊ 'အက်ဖ်-အေ'၊ 'ဘီ-အေ' ရောက်စေဟု၊ တွေးထောက်စိတ်မှာ။ ။ နုအပျို လေးလုံမရယ်ကြောင့်၊ ယခုလို ဆွေးဟုန်ခ၊ လျှင်တော့၊ ရေးကြုံရ အနိုင်သာ၊ 'ပရိုင်မာ' ကိုမှ ကုန်ပါ့မလား။ ။ ရှက်ထွေးရယ်နှောင်၊ လက်ရေးတောင် ဖေမရေးချင်ဘူး၊ နေအေးအောင် ဆုအမှန် တောင်းမိတော့၊ စံကျောင်းမှာ အပူကဲတာကြောင့်၊ နစ်ကလောင်ကို ပစ်ရှောင် လွှဲတဲ့ပြင်၊ မင်အိုးကို ပေါက်ကာ၊ ခွဲချင်ပေါ့၊ ပုလဲတမျှ၊ ညက်ပျို ကတိုးရဲ့၊ မစဲခဏ၊ ရမ္မက်ပို၍ ဖြိုးတာကြောင့်၊ 'အက်စ်အို-ဆိုး' 'ဂျီအို-ဂိုး' တို့ကို၊ သင်ကျိုးနပ်အောင် နေရတော့တာပါကလား။ ။ "


ဦးသက်ရှည် အသက် ၁၅ နှစ် အရွယ်တွင် ပုဇွန်တောင် ဆားလင်းကျောင်းတိုက်၌ ရှင်သာမဏေ ပြုပြီး မြန်မာစာပေကို လေ့လာ သင်ကြားရာ တနှစ်အတွင်းမှာပင် ရှင်ကျင့်ဝတ်၊ သေခိယ ၇၅ ပါး၊ ပစ္စဝေက္ခဏာ ၄ ပါး၊ လိင် ၁ဝ ပါး၊ ဒဏ် ၁ဝ ပါး၊ စုဒ္ဒသခန္ဓကဝတ် ၁၄ ပါး၊ မင်္ဂသုတ်၊ အပြင် အောင်ခြင်း၊ အတွင်း အောင်ခြင်း၊ ရတနာ ရွှေချိုင့်၊ နမက္ကာရ၊ ပရိတ်ကြီး ၁၁ သုတ်၊ သဒ္ဒါကြီး ရှစ်စောင်၊ သင်္ဂြိုဟ် ၉ ပိုင်း၊ ပဋ္ဌာန်း ကျမ်းကြီး တို့ကို တနေ့လျှင် စာဝါ နှစ်ဝါတက်၍ ပါဠိ - အနက်နှင့် တကွနှုတ်ရ အာဂုံဆောင် ပြီးလျှင် ရုပ် - သရုပ် တို့ကိုပါ တွက်ချက် ခွဲဝေနိုင်သဖြင့် ဆရာတော်ဘုရားကြီးက သင်္ကန်းတစုံနှင့် ထီး၊ ဖိနပ် များကို ချီးမြှောက်တော်မူခြင်း ခံရသည်။ ထိုအတွင်း သက္ကရာဇ် ၁၂၅၃ ခု၊ အသက် ၁၆ နှစ် အရွယ်တွင် မော်လမြိုင်မြို့၌ ကျင်းပသော ပရိယတ္တိ စာပြန်ပွဲကို ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သေးသည်။

ဦးသက်ရှည် အသက် ၁၇ နှစ် အရွယ်တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်း မြန်မာ့သံတော်ဆင့်သတင်းစာတိုက်တွင် စာရေးသားခြင်းနှင့် လက်ထောက် စာပြင်ဆရာအလုပ်ကို လုပ်ကိုင်ခဲ့လေသည်။

ထိုစဉ် အခါက ခေတ်ပေါ် သီချင်းစာအုပ် အမျိုးပေါင်း ၄ဝ ခန့်ကို ဦးသက်ရှေ ရေးခဲ့သေးသည့်အပြင် မဟောသဓာ အိုးလုပ်ခန်း ပြဇာတ်၊ ကျောက်ကုန်သည် မောင်မေတ္တာ ပြဇာတ်၊ အပျို လူပျိုပေး မေတ္တာစာ စသည်များကိုလည်း ရေးသားခဲ့ပေသည်။

ဦးသက်ရှည် အသက် ၁၈ နှစ်သား အရွယ်တွင် ကွက်စိပ် - မြို့အုပ် (မြေတိုင်း မြို့အုပ်) ဦးဖြူစံ၏ ရုံးတွင် မြေပုံကူး စာရေး အဖြစ် ဝင်ရောက် လုပ်ကိုင်နေပြန်စဉ်အတွင်း အင်ဂျင်နီယာ အရေးပိုင် ဦးဖိုးသောင်၏ ရုံးသို့ ပြောင်းရွှေ့၍ ပုံထုတ် - ပုံကူး စာရေး အဖြစ် လုပ်ကိုင် လေသည်။ နောက် ပုသိမ်မြို့နှင့် ကျုံပျော်မြို့သို့ ပို့သော ကူးတို့ သင်္ဘောတွင် စာရေး လုပ်ကိုင် ပြန်စဉ် ယခင်က သိကျွမ်းရင်း ဖြစ်သော လယ်ဝန် မစ္စတာဟက်တောက်က မန္တလေးမြို့သို့ ခေါ်ယူသဖြင့် မြေပုံကူးစာရေး အဖြစ်ဖြင့် ဝင်ရောက် ထမ်းရွက်ရင်း မြေတိုင်း စာမေးပွဲကို ဖြေဆို အောင်မြင်သည်။

ထို့နောက် တောင်တိုင်းဗိုလ်နှင့် အတူ ပခုက္ကူခရိုင် ပုခန်းကြီးနယ်၊ ယောနယ်၊ ဆောနယ် များရှိ တောင်များကို တိုင်းတာရသည့် တောင်တိုင်းစာရေးအဖြစ် လုပ်ကိုင်ရ ပြန်သည်။

သို့ရာတွင် များမကြာ မြင့်မီပင် ဦးသက်ရှည်သည် အလုပ်မှ ထွက်လိုက်ကာ မဲဇာ၊ ရွှေလီနယ်သို့ တက်ပြီး သစ် အလုပ်ကို လုပ်ကိုင်လျက် ကျိုက်ပိမြို့၌ လွှထောင် နေစဉ်တွင် သက္ကရာဇ် ၁၂၆၇ ခုနှစ် အတွင်း ဘိုကလေး မြို့မှ ပစ္စည်း ကြွယ်ဝသူ လယ်မြေပိုင်ရှင်တစ်ဦး၏ သမီးနှင့် အိမ်ထောင် ပြု၍ ဘိုကလေး မြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။ ထိုအခါတွင် ရန်ကုန်မြို့ ဘလုပ် သူဌေးနှင့် ဆက်သွယ်ကာ စပါး အလုပ် ကိုလည်း လုပ်ကိုင် လိုက်သေးသည်။

ထို့နောက်တွင် မူကား ပုသိမ် တောင်ရိုးတွင် သစ်အလုပ်လုပ်ခြင်း၊ ဘိုကလေး မြို့တွင် ဓာတ်ပုံကူး ဌာန ဖွင့်လှစ်ခြင်း စသော အလုပ် အမျိုးမျိုးကို ဆက်တိုက် လုပ်ကိုင်ရင်း အတွေ့အကြုံ၊ အကြားအမြင် ဒေသန္တရ ဗဟုသုတ၊ ဘာန္တရာ ဗဟုသုတ စသည်ဖြင့် ပြည့်ဝခိုင်ဖြီး လာရသူ ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။

ပထမကမ္ဘာစစ်ကြီး ပြီးစ ဖြစ်သော ဝံသာနု ခေတ်အတွင်း ဦးသက်ရှည် ကိုယ်တိုင် နိုင်ငံရေး တရားများ ဟောပြောကာ ဝံသာနု အသင်းများ လိုက်လံ ဖွဲ့စည်း ခဲ့ရာ၌ ဘိုကလေးမြို့နယ်တွင် အသင်းပေါင်း ၁၅ဝ ကျော် တည်ထောင် မိလျက် လူခွန် မပေးရေး ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ရာတွင် ဦးသက်ရှည် ပေးရမည့် လူခွန် ၂ ကျပ်ခွဲ အတွက် ငွေ ၃ဝဝိ ကျော်တန် စားပွဲ၊ ဗီရို၊ ဓာတ်ပုံ ကိရိယာ များကို အစိုးရက လေလံတင် ရောင်းချခြင်း ခံလိုက် ရဖူး လေသည်။

သက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ဦးသက်ရှည်သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ လာပြီးလျှင် လန်ဒန်အတ် မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ်ဖြင့် လည်းကောင်း၊ လန်ဒန်အတ် ရုပ်ရှင် ကုမ္ပဏီတွင် ဒါရိုက်တာမှူး အဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက် နေစဉ် အတွင်း အိန္ဒိယ နိုင်ငံ မဇ္ဓိုမ ဒေသသို့ ရုပ်ရှင် အဖွဲ့သား များကို ခေါင်းဆောင် သွားရောက်ကာ မြတ်စွာဘုရားနှင့် စပ်လျဉ်း သမျှသော ဌာနတိုင်းကို ဓာတ်ပုံ ရိုက်ကူးလျက် 'ဝါတော်စဉ်' အမည်ဖြင့် ရုပ်ရှင်ကား ပြသခဲ့လေသည်။

ထို့အပြင် ဦးသက်ရှည်သည် ဒီးဒုတ်ဂျာနယ် အဖွဲ့ဝင် အယ်ဒီတာ တဦး အဖြစ်ဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာ နှစ်ဝသော အကျိုးကို ဖြစ်ထွန်း စေမည့် ဝတ္ထု၊ ပုံပြင်၊ ရာဇဝင်၊ ထုံးနည်းများ၊ ကဗျာ၊ လင်္ကာများ၊ 'ဂွက်သာ' အခန်း၊ 'လူပျိုကြီး' အခန်း၊ 'ဂျိုးဂျာ' အခန်း စသည် တို့ကို အမည်ရင်းဖြင့် လည်းကောင်း၊ ကလောင် အမည်ဖြင့် လည်းကောင်း အများအပြား ရေးသားစီရင်ကာ စာပေဝန်ကို အားသွန်ထမ်းဆောင် ခဲ့လေသည်။

ထိုမှအပ ဆရာကြီး ရေးသား ပြုစု ခဲ့သမျှသော ကျမ်းများတွင် နတ်ပြည်တက်လမ်း၊ မြန်မာသတ်ညွှန်းနှင့် ပါဠိတွဲ သတ်ညွှန်း၊ ကဗျာရေးပုံ နည်းမျိုးစုံ၊ လူရေးလူရာ မင်္ဂလာ မှတ်စုကျမ်း အစ ရှိသည် တို့လည်း ပါဝင်ပေသေး၏။

ဤသို့ အားဖြင့် ဆရာကြီး ဦးသက်ရှည်သည် အသက် ၇၉ နှစ် တိုင်အောင်ပင် ကြာရှည်စွာ နေ၍ စာပေကို ချီးမြှင့်ရင်း သက္ကရာဇ် ၁၃၁၆ ခုနှစ် နယုန်လဆုတ် ၁၂ ရက် တနင်္လာနေ့တွင် မြေးများ ဖြစ်ကြသော ရန်ကုန်မြို့ အနောက်ပိုင်း၊ ဒါလဟိုဇီလမ်း (မဟာ ဗန္ဓုလမ်း) အမှတ် ၈၄ဝ လူပျံတော် ပတ္တမြား၊ အဘယ သုခ ဆေးတိုက် ပိုင်ရှင် ဦးမောင်မောင် - ဒေါ်ညိမ်း တို့၏ နေအိမ်၌ ကွယ်လွန် အနိစ္စ ရောက်သတည်း။ [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  • မြဝတီမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁ဝ လာ 'ဆရာကြီး ဗိုလ်ကလေး ဦးသက်ရှည်' အတ္ထုပ္ပတ္တိ

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၍ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်သော ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်