ဖိုးကွန်း၊ ဗိုလ်မှူး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗိုလ်မှူး ဖိုးကွန်း သည် စစ်ကြိုခေတ် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ၊ စစ်ကြီး အတွင်း ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲ၊ စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲနှင့် လွတ်လပ်ရေး ရပြီးခေတ် လူနေမှု စနစ် ထူထောင်ရေး အထိ ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဗိုလ်မှူး ဖိုးကွန်း (ရှေ့တန်း အလယ်တွင် ထိုင်နေသူ)၊ ၁၉၆၂ ခုနှစ်၊ (၇၇) နှစ်မြောက် နယ်ချဲ့ ဆန့်ကျင်ရေးနေ့ (ပါတော်မူနေ့ - ၁၃၂၄)

ဆရာကြီး ဗိုလ်မှူး ဖိုးကွန်းသည် တောင်ငူမြို့၊ ငွေလုံရပ်ကွက် ကွယ်လွန် နယ်ခြား ဝန်ထောက်ကြီး အဖ ဦးကျီးညို - အမိ ဒေါ်ညွန့်တို့မှ ၁၂၅၉ (ခရစ်နှစ် ၁၈၉၇) ခုနှစ်တွင် မွေးဖွားသော သားဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

သပိတ်မှောက် ကျောင်းသားခေါင်းဆောင်[ပြင်ဆင်ရန်]

ဗိုလ်မှူး ဖိုးကွန်းသည် ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၁၁ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ ကျောင်းသား သပိတ်ကြီးကို ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်) နေ့က စတင် သပိတ်မှောက်ခဲ့ရာ ပထမတွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်သာ ဖြစ်ပြီး နောက်တွင် စိန်ပေါ၊ စိန်ဂျွန်း၊ မက်သဒစ် ဟိုက်စကူး စသော ရန်ကုန် ကျောင်းပေါင်းစုံသို့ ကူးစက် သွားလေသည်။

ထိုမှ တဆင့် မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ ဟင်္သာတ၊ သာယာဝတီ၊ သထုံ ၊ပျဉ်းမနား၊ စစ်ကိုင်း၊ မြင်းခြံ၊ ရွှေတောင်၊ လက်ပံတန်း၊ ညောင်တုန်း၊ သုံးခွ၊ မင်းဘူး၊ မြန်အောင် စသော ကျောင်း ၄၄ ကျောင်း ကူးစက်သွားပြီး သပိတ်လက်နက်ဖြင့် နယ်ချဲ့ကို ဆန့်ကျင် ခဲ့ကြသည်။

ဆရာကြီး ဗိုလ်မှူး ဖိုးကွန်းတို့၏ စတင် သပိတ်မှောက်ခဲ့သော သပိတ် လက်နက်ကြောင့် ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ နှစ်ပတ်လည် အစီရင်ခံစာတွင် ကျောင်းသားများ သပိတ်မှောက်သည့် အရေးကို ထိထိရောက်ရောက် မနှိမ်နင်းလျှင် မြန်မာပြည်သည် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်သွားရန် အကြောင်း ရှိသည်ဟု အစီရင်ခံ ခဲ့ရလေသည်။ ဆရာကြီးတို့ စတင် သပိတ်မှောက် ခဲ့သောနေ့ကို အစွဲပြု၍ တန်ဆောင်းမုန်း လဆုတ် ၁ဝ ရက်နေ့သည် အမျိုးသားနေ့ ဖြစ်ခဲ့သည်။

ဆရာကြီး ဗိုလ်မှူး ဖိုးကွန်းသည် ပြည်လုံးကျွတ် သပိတ်ကြီးတွင် အရေးပါသော သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်ဟောင်း တဦး ဖြစ်ခဲ့ပြီး နယ်ချဲ့ ဗြိတိသျှ လက်ထက်တွင် ပညာဝန် ဦးဖိုးကျား၊ ဦးစိုးဝင်းတို့နှင့် အတူ ပညာရေး ကောင်စီတွင် ပညာဝန် ဦးဖိုးကွန်း အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့တွင် တောင်ငူတို့ဗမာအစည်းအရုံးကြီးကို စတင် တည်ထောင်ခဲ့သူ ၅ ဦး အနက် ဆရာကြီး ဦးဖိုးကွန်းသည် တဦး အပါအဝင် ဖြစ်ခဲ့သည်။

ဗမာ့ ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

ဂျပန်ခေတ် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီး ဦးဖိုးကွန်းအား ခေါ်ယူ၍ စစ်ဥပဒေ အရာရှိ တာဝန်ကို ပေးကာ ဗိုလ်ကြီး အဖြစ် ပေးအပ်ခြင်း ခံရသည်။ နောင်တွင် ဗိုလ်မှူး ရာထူး အဆင့်အထိ တိုးမြှင့် ခန့်အပ်ခြင်း ခံရပြန်သည်။ ဂျပန်များကို တော်လှန်ရေး အတွက် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ခေါ် ဖတပလ ဖွဲ့စည်းရန် ၁၉၄၄ ခု၊ ဩဂုတ်လ ညဦး အချိန်တွင် ကန်တော်ကြီး ပတ်လမ်း၊ ယခု နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ၏ အိမ်တွင် အထူး အစည်းအဝေး ကို လျှို့ဝှက်စွာ တက်ရောက်ခဲ့သည်။

မဟာမိတ်တပ်များ ဝင်လာပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းတို့ ကန္နီစာချုပ် ချုပ်ရန် သွားသော အခါ ဆရာကြီး ဦးဖိုးကွန်းအား ဗမာ့ တပ်မတော်၏ ယာယီ စစ်သေနာပတိ အဖြစ် ဗိုလ်ချုပ် အောင်ဆန်း၏ တာဝန် ပေးအပ်ခြင်းကို ခံခဲ့ရသည်။

စစ်ပြီးဆုံးသော အခါ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ပြည်သူ့ ရဲဘော် တပ်ဖွဲ့တွင် ခေါင်းဆောင် တဦး အဖြစ် ပါဝင်ခဲ့ပြီး၊ ဖဆပလ အဖွဲ့ချုပ် တွင်လည်း အလုပ်အမူဆောင် လူကြီး အဖြစ် ပါဝင်ခဲ့လေသည်။

လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု[ပြင်ဆင်ရန်]

ဖဆပလ ဝန်ကြီး[ပြင်ဆင်ရန်]

ဗိုလ်ချုပ် အောင်ဆန်းတို့ ကျဆုံးပြီးနောက် ဖဆပလ အစိုးရကို ပြန်လည် ဖွဲ့စည်းရာတွင် ဆရာကြီး ဦးဖိုးကွန်းအား ပညာရေး ဝန်ကြီး ဌာနနှင့် ကျန်းမာရေး ဌာန ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနစ်တွင် မူလတန်းပညာ မသင်မနေရ ဥပဒေ နှင့် အခမဲ့ ပညာရေးစနစ်ကို ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် နှင့်အတူ စတင် အကောင်အထည် ဖော်ခဲ့သည်။

မြန်မာပြည် ကွန်မြူနစ်များ တောခိုသွားသော အခါ ပြည်သူ့ ရဲဘော်၏ ပြည်တွင်းစစ် တားဆီးရေး လုပ်ငန်းကို ခေါင်းဆောင်ရင်း ရဲဘော်ဖြူ အဖွဲ့နှင် အတူ တောခို သွားခဲ့သည်။ ထိုစဉ်က ပြည်သူ့ ရဲဘော်မှာ ယာယီ အားဖြင့် ရဲဘော်ဖြူ ရဲဘော်ဝါဟု နှစ်ခြမ်း ကွဲသွာခဲ့သည်။ ရဲဘော် ဖြူကို ဆရာကြီး ဦးဖိုးကွန်း ခေါင်းဆောင်ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူး အောင် ဦးစီးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဆရာကြီး ဦးဖိုးကွန်း ခေါင်းဆောင်သည့် ရဲဘော်ဖြူ အဖွဲ့သည် လက်နက်စွန့်၍ ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလ ပြည်သူ့ ရဲဘော် ကွန်ဂရက်တွင် ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီး တည်ထောင် ဖွဲ့စည်းခဲ့သော ဖဆပလ သည်လည်း တည်မြဲ ဖဆပလ၊ သန့်ရှင်း ဖဆပလဟု နှစ်ခြမ်း ကွဲသွားပြန်ရာ သန့်ရှင်း ဖဆပလသည် အစိုးရ ဖြစ်လာခဲ့သည်။ ထိုအခါ ဆရာကြီး ဦးဖိုးကွန်းသည် အတိုက်အခံဘက်မှ ပမညတ သဘာပတိ အဖွဲ့ဝင် တဦး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ် နေဝင်း ဦးစီးသော တော်လှန်ရေး အစိုးရ လက်ထက်တွင် လမ်းစဉ် ပါတီဝင် တဦး ဖြစ်လာပြီး၊ ၁၉၆၃ ခုနှစ်တွင် မီးရထား ဌာန အထူးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့လေသည်။

သံအမတ်ကြီး[ပြင်ဆင်ရန်]

၁၉၆၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၆၈ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ရွှေ့ပြောင်း ခန့်အပ်ခြင်း ခံရသည်။ ၁၉၆၉ ခုနှစ်တွင် ဆရာကြီးသည် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

၁၉၇ဝ ခုနှစ်၊ အနှစ် (၅ဝ) မြောက် အမျိုးသား ရွှေရတုသဘင် ကျင်းပသော အခါ ဆရာကြီးသည် ရွှေရတုသဘင် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ယင်းနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန် အသက် ၇၃ နှစ် အရောက်တွင် ရန်ကုန်မြို့ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ဆရာကြီး ကွယ်လွန်သွားချိန်တွင် ဆရာကြီး၏ ဇနီး ဒေါ်သင်းနှင့် သား ဦးခင်မောင်အေး၊ အရာခံဗိုလ် ခင်မောင်လေး၊ မောင်ခင်မောင်ထွေး၊ သမီး ဒေါ်ခင်မေအေး၊ ဒေါ်ခင်မေသက်တို့ ကျန်ရစ်ခဲ့သည်။[၁]

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

တောင်ငူမြို့တွင် "ဗိုလ်မှူး ဖိုးကွန်းလမ်း" ဟု အမှတ်တရ ဂုဏ်ပြု အမည်ပေးထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)