ပြည်ထောင်စုမယ်

ဝီကီပီးဒီးယား မှ

(၁၉၆၂)ခုနှစ်မှစကာ မြန်မာအမျိုးသမီးအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲဝင်ဖို့မဆိုထားနှင့် ပြည်တွင်းမှာပင် မယ်ရွေးပွဲ မလုပ်ရတော့ပါ။

ခင်သန်းနု ပြည်ထောင်စုမယ်ဘွဲ့ရရှိသည့် (၆၁)ခုနှစ် ပြည်ထောင်စုမယ်ရွေးပွဲသည် မြန်မာနိုင်ငံ၌ မယ်ရွေးပွဲ နောက်ဆုံး အကြိမ် ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

ရှေးရှေးတုန်းက

ခင်သန်းနု မတိုင်မီခေတ်ကမူ မြန်မာနိုင်ငံတွင် မယ်ရွေးပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့သည်။

ပထမဆုံးပြိုင်ပွဲမှာ (၁၉၄၇)ခုနှစ်တွင် ရွှေတိဂုံဘုရား အနောက်ဘက် မုခ်၌ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်ပြပွဲတွင် ထည့်သွင်းခဲ့သည့် အလှမယ်ပြိုင်ပွဲပင်ဖြစ်သည်။ ဒေါ်လီချို (Dolly Cho)က ပထမဆု ဆွတ်ခူးသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

တရားဝင်မောင်မယ်ရွေးပွဲကို (၁၉၄၈)ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည်။ အိုလံပစ်မယ်(ဝါ)မယ်ဗမာဆုကို ခင်စန်းကြွယ်က ဆွတ်ခူးခဲ့

သည်။ ခင်စန်းကြွယ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးမယ်ဖြစ်သလို(၁၉၆၂)ခုနှစ်တွင် ကျင်းပသည့် မယ်ရွေးပွဲတွင် ပထမရသူ ခင်မြင့်မြင့်က မြန်မာနိုင်ငံ၏နောက်ဆုံးမယ်ဖြစ်သည်။

ပြည်ထောင်စုမယ်ရွေးပွဲအပြီး တစ်ဆက်တည်းကျင်းပခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုမယ် ခင်သန်းနုက မယ်ဗမာရွေးပွဲတွင် တတိယသာ ရပါသည်။

မယ်ပေါင်းစုံလင်

၁၉၆၁ အင်းစိန်မယ် ရွေးချယ်ပွဲ

(၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်အထိ (၁၄)နှစ်အတွင်း မြန်မာနိုင်ငံတွင် မောင်မယ်ရွေးပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သည်။

အလှမယ်များလည်း ဖူးပွင့်ဝေဆာခဲ့ကြသည်။ မှတ်မိသလောက်၊ ဖတ်မိသလောက်တင်ပြရမည်ဆိုလျှင် မစိန်အေး၊ နော်လွီဇာဘင်ဆင်၊ မီနီပု၊ခင်သန်းနု၊ နုနုရီ၊ ဖြူဖြူရှိန်၊ ဝါဝါရှိန်၊ မြမြသန်း၊ နန်းမြင့်မေ၊ ခင်မြင့်မြင့်၊ သန်းသန်းအေး၊ မြတ်မြတ်ထွေး၊ မေရီစိုးရင်၊ လီလီစိုးရင် နှင့် မေမြင့်ရီတို့မှာ တစ်ခေတ်တစ်ခါက ထင်ရှား ကျော်ကြား ကြသူများဖြစ်သည်။

ယင်းအလှမယ်များထဲမှာ မစိန်အေး၊ မီနီပုတို့ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သည့် မယ်စင်္ကြာဝဠာ(Miss Universe) နှင့် မယ်ကမ္ဘာ(Miss World) ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြဖူးသည်။

သို့သော် အောင်မြင်မှုလည်း မရရှိခဲ့ကြပါ။ ကျော်ကြားမှုလည်း မရှိခဲ့ပါ။

ထိုစဉ်က မစိန်အေးတို့၊ မီနီပုတို့ ကမ္ဘာ့အဆင့်တွင် ပြိုင်ပွဲဝင်နေသည့်ပုံများ မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခြင်းမရှိကြပါ။

မယ်စင်္ကြာဝဠာရွေးပွဲ၊ ကမ္ဘာ့အလှမယ် ရွေးပွဲဝင်ရန်မှာ လှပပြေပြစ်ရုံ၊ ခန္ဓာကိုယ် အချိုးအစား ကျရုံဖြင့် မအောင်မြင်နိုင်ပါ။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ တက်မြောက်ဖို့လိုသည်။

ပြိုင်ပွဲဝင် မယ်လောင်း အားလုံးကို ပြည်တွင်းပြည်ပ ဗဟုသုတများကို အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းသည်ကို အင်္ဂလိပ်ဘာသာဖြင့် သွက်သွက် လက်လက် ဖြေကြရသည်။ မြန်မာအလှမယ်များ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြားရန် တာစူနေချိန်မှာပင် ရပ်တန့်သွားခဲ့ရသည်။

(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့နောက်ပိုင်းတွင် မယ်ရွေးပွဲများရပ်တန့်သွားတော့သည်။ ကာယဗလမောင်နှင့် လှယဉ်ကျေးမယ် ရွေးပွဲအမည်ဖြင့် အလှမယ်ရွေးပွဲများ ပြန်လည် ကျင်းပ လာခဲ့ကြသော်လည်း လှယဉ်ကျေးမယ်ဘွဲ့ရသူများမှာ ယခင် မယ်ဗမာများလောက် ထင်ရှား ကျော်ကြားခြင်း မရှိခဲ့ကြပါ။

ယခင်မယ်ကြီးများမှာ ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး အောင်မြင်ခဲ့ကြသည်။ မုဒုံမယ်တင်တင်မူ၊ ဖျာပုံမယ်တင်တင်အေး၊ ရှန်ဟိုင်းမယ် မေမြင့်ရီ၊ မယ်ဗမာ နော်လွီဇာဘင်ဆင်၊ ပြည်ထောင်စုမယ် ခင်သန်းနု စသူတို့ ဖြစ်ကြသည်။

ယင်းခေတ်ကို နှစ်ပေါင်း(၅ဝ)တိတိကျော်လွန်ပြီးနောက် (၂ဝ၁၂)ခုနှစ်ထဲတွင် ပြည်ပထွက်၍ အမျိုးသမီးများ ပြိုင်ဆိုင်မှုရှိလာခဲ့သည်။

နန်းခင်ဇေယျာ

Miss International ပြိုင်ပွဲတွင် မြန်မာ ပြည်ထောင်စု နွယ်ဖွား ရှမ်းနှင့် ပအို့ တိုင်းရင်းသားစပ် နန်းခင်ဇေယျာကြောင့် စာနယ်ဇင်း၊ အထူးသဖြင့် ဂျာနယ်များအတွက် ထိပ်တန်းသတင်း တစ်ပုဒ်ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် တရားဝင် မယ်ရွေးပွဲများ မရှိသော်လည်း စီးပွားရေးလုပ်ငန်းကြီးများက လှယဉ်ကျေးမယ်များ ရွေးချယ်လေ့ရှိကြသည်။ နန်းခင်ဇေယျာမှာလည်း (၂ဝ၁၁)ခုနှစ် မတ်လထဲတွင် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့မှ ခရီးသွားမယ် ရွေးချယ်ပွဲမှတစ်ဆင့် Miss International အထိ တက်လှမ်း ခဲ့ခြင်း ဖြစ်သည်။

ခရီးသွားမယ်ရွေးချယ်ပွဲတွင် တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိပြီး ခရီးသွားလမ်းညွှန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ နန်းခင်ဇေယျာ ဝင်ပြိုင်သည်။ ပထမရသည်။ ထို့ကြောင့် နိုင်ငံတကာ အလှမယ်ရွေးပွဲ (၂ဝ၁၂)တွင်ဝင်ပြိုင်နေခြင်းဖြစ်သည်။

ကာယဗလမယ်

နန်းခင်ဇေယျာ မတိုင်ခင် နိုင်ငံတကာ ကာယကြံ့ခိုင်ရေးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးနှစ်ဦးရှိခဲ့သည်။ အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့ ဖြစ်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Zhou မြို့တွင် ကျင်းပသည့် (၄၆)ကြိမ်မြောက် အာရှကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အရပ်အမြင့် (၁၆ဝ)စင်တီမီတာ၊ ကာယဗလဟန်ပြမယ်(Model Physique) ပြိုင်ပွဲတွင် အေးအေးစိုးက တတိယရရှိခဲ့သည်။

ဝတ်ရည်ဖြိုးက ပဉ္စမဂုဏ်ထူးဆောင်အဆင့်ရခဲ့သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၂)နိုင်ငံမှ ကာယဗလ ကြံ့ခိုင်သန်စွမ်းသူပေါင်း(၂၅ဝ)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီးနှစ်ဦးဖြစ်သည့် အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့က အဆင့်မြင့် နေရာများတွင် ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ကာယဗလဟန်ပြမယ်နှစ်ဦး အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ် ယခုလောက် Hot News မဖြစ်ခဲ့ချေ။

ယခုမူ နန်းခင်ဇေယျာ၏ လှပကျော့ရှင်းသော ရုပ်လွှာက ပြည်တွင်း ဂျာနယ်အချို့၏ မျက်နှာဖုံးများထက်၌ပင် ကျယ်ကျယ်ပြန့်ပြန့် နေရာရလာခဲ့သည်။

ဟို့ယခင် နှစ်ပေါင်း(၅ဝ)အတွင်းက Two Pieces Bikini Suit မဆိုထားနှင့်၊ ကျွမ်းဘား၊ ပြေးခုန်ပစ်မယ်များ၏ ဓာတ်ပုံများကို မမြင်မတွေ့ခဲ့ရာမှ မြန်မာ အမျိုးသမီးလေး၏ နိုင်ငံတကာ ပြိုင်ပွဲဝတ်စုံပုံကို မြင်တွေ့ လိုက်ကြရသောအခါ ဝမ်းသာအားရ စိတ်ဝင်စားနေကြခြင်း ဖြစ်ဟန်ရှိသည်ဟု ကောက်ချက် ဆွဲမိပါသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]